မြန်မာတဦး

May 13, 2018

ရေဆိုးမြောင်းထဲကျသည့်ခွေးအား မြန်မာတဦး ကယ်တင်ခဲ့သည့်ရုပ်သံ ကြည့်သူ ၄ သန်းရှိပြီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညစ်ပတ်နံစော်နေတဲ့ ရေဆိုးမြောင်းထဲ ရေနစ်နေတဲ့ ခွေးတကောင်ကို ဆင်းပြီး ကယ်တင်ခဲ့တဲ့  မြန်မာအမျိုးသားတဦးကို ထိုင်းလူမှုကွန်ရက်မှာ ၀ိုင်းဝန်းချီးကျူးနေကြပါတယ်။ ဘန်ကောက်မြို့ရဲ့ Saen Saeb တူးမြောင်းက ရွံရှာဖွယ် အနံ့ဆိုးတွေရနေတာပါ။ မေ ၉ ရက် နေ့လယ် ၂ နာရီလောက်မှာ ခွေးက တူးမြောင်းထဲ ချော်ကျသွားတာကို မြင်တွေ့တဲ့ မြန်မာအမျိုးသားက ဒီအနံ့ဆိုးရေတွေကို အမှုမထားဘဲ ဒိုင်ဗင်ထိုင်းပြီး ဆင်းကယ်ခဲ့တာလို့ ကိုကိုးနပ်သတင်းမှာ ဖော်ပြပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မျက်မြင်တဦးဖြစ်တဲ့ တီဘက်နီမီကက်က သူစီးလာတဲ့ ကူးတို့သဘောင်္ပေါ်ကနေ ရုပ်သံရိုက်ကူးပြီး “သူက တကယ့် သူရဲကောင်းပဲ။ ဒီအမျိုးသားက တူးမြောင်း ဘယ်လောက်ညစ်ပတ်နံစော်နေတာကို ဂရုမထားဘဲ ခွေးအိုတကောင်ကို ဆင်းကယ်ခဲ့တယ်၊ ကျနော်ခင်ဗျားကို လေးစားပါတယ်” လို့ ရေးထားပါတယ်။ ဒီရုပ်သံကို တင်ခဲ့ချိန်မှာ ကြည့်ရှုသူ ၄ သန်းနီးပါးရှိတယ်လို့ သိရပါတယ်။ ခွေးကိုကယ်ပြီးတဲ့နောက် အသက် ၃၁ နှစ်အရွယ် ပိုင်ယဆိုတဲ့ မြန်မာအမျိုးသားက သဘောင်္ကခွာပြီး အဝေးကို ရေပြန်ကူးသွားတယ်လို့ ဆိုပါတယ်။ ခွေးကို ကယ်တယ်ခဲ့တဲ့ ပိုင်ယရဲ့အကြောင်းဟာ မေ ၁၂ ရက်နေ့ ရုပ်သံသတင်းထဲမှာ ပါလာပါတယ်။ သင်္ဘောပေါ် မတက်တာက ခရီးသည်တွေ သူ့ဆီက မြောင်းပုတ်ရေ အနံ့ဆိုးကိုရပြီး စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ပိုင်ယက အရင်တုန်းကလည်း ရေနစ်တဲ့ လူတွေကို ၂ ခါ ကယ်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။ ထိုင်းမှာနေတာ ၇ နှစ်ကြာပြီဖြစ်တဲ့ ပိုင်ယက အွန်လိုင်းပေါ်မှာ သူ့ရဲ့လုပ်ရပ်ကို ထိုင်းလူမျိုးတွေ အလေးထားလို့ ဝမ်းသာရကြောင်းလည်း ပြောပါတယ်။ ရုပ်သံ- Tibet Nimiput
3 years Ago
Up