မြန်မာဆီးဂိမ်းအားကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်

August 21, 2017

မြန်မာဆီးဂိမ်းအားကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်

မလေးရှားနိုင်ငံမှာ မြန်မာဆီးဂိမ်းအားကစားသမား ၁၀ ဦးပါဝင်တဲ့ ဘတ်စ်ကားဟာ ဒီနေ့မနက်က ယာဉ်တိုက်မှုဖြစ်ခဲ့လို့ ကစားသမားတချို့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ အားကစားသမားတွေပါဝင်တဲ့ ဘတ်စ်ကား ၂ စီး အချင်းချင်း ဆင့်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ရှေ့ကမောင်းနေတဲ့ ဘတ်စ်ကားက လမ်းပေါ်က ဆိုင်ကယ်တစီးကို ရှောင်ဖို့ ဘရိတ်ဖမ်းလိုက်ချိန်မှာ နောက်က ဘတ်စ်ကားနဲ့ တိုက်မိခဲ့တာလို့ မလေးရှားရဲတွေက ပြောပါတယ်။ ဘတ်စ်ကား ၂ စီးပေါ်မှာ မြန်မာအားကစားသမား ၁၀ ဦး၊ ထိုင်းအားကစားသမား ၁၃ ဦးနဲ့ ဖိလစ်ပိုင်အားကစားသမား ၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ Squash အားကစားပြိုင်ပွဲဝင်တွေ ဖြစ်ကြပြီး ဒီနေ့မနက်ပိုင်း ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအတွက် ပူထရာဂျာရာဒေသ ဟိုတယ်ကနေ ဘူကစ်ဂျာလီဒေသမှ အားကစားရုံဆီအသွား ခုလိုဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ အသေးစိတ်အချက်အလက်တွေ မသိရသေးဘဲ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မလေးရှားအခြေစိုက် သည်စတားသတင်းမှာ ဖော်ပြပါတယ်။ ဒီယာဉ်မတော်တဆမှုကြောင့် ခုမနက်ပိုင်း ယှဉ်ပြိုင်မယ့် Squash အားကစား အမျိုးသား ၂ ယောက်တွဲ၊ အမျိုးသမီး ၂ ယောက်တွဲနဲ့ အသင်းလိုက်ပွဲစဉ်တွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ မလေးရှားဆီးဂိမ်းမှာ တခြား မြန်မာအားကစားအဖွဲ့တချို့လည်း အဆင်မပြေဖြစ်တာတွေ ရှိခဲ့ပြီး မြန်မာအမျိုးသမီးဘောလုံးအသင်းလည်း မလေးရှားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ကားမောင်းမယ့် ယာဉ်မောင်းမရှိတာကြောင့် ကြန့်ကြာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဖူဆယ်အမျိုးသားအသင်းကို လိုက်ပါပို့ဆောင်တဲ့ ယာဉ်မောင်းမှာလည်း ပြိုင်ပွဲကစားမယ့်ကွင်းကို မသိရှိတာကြောင့် အခက်အခဲ ဖြစ်ခဲ့ရပါတယ်။
4 years Ago
Up