မြန်မာဂျူဒိုအားကစား

A d v e r t i s e m e n t With Us

November 10, 2016

အောင်မြင်မှုရနေသည့် မြန်မာဂျူဒိုအားကစား အစိုးရပံ့ပိုးကူညီမှု လိုအပ်

မြန်မာဂျူဒိုအားကစားဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရနေပေမယ့် နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှု အများကြီးလိုသေးတယ်လို့ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ မြန်မာဂျူဒိုအားကစားကနေ ရွှေတံဆိပ်ဆုတွေ နှစ်စဉ် ရယူနိုင်ခဲ့ပေမယ့် ရေရှည်အောင်မြင်ဖို့ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှု အများကြီးလိုတယ်လို့ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂျူဒိုအားကစားနည်း ပိုမိုအောင်မြင်ဖို့အတွက် ပြိုင်ပွဲတွေ များများကျင်းပဖို့နဲ့ မျိုးဆက်သစ်ကစားသမားတွေ ထွက်ပေါ်လာဖို့လည်း လိုအပ်နေပါတယ်။ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက “ကိုယ်ပိုင်ငွေနဲ့လည်း သိန်းပေါင်း ၂ သောင်းကျော်ကျော်လောက်ကို ကျနော် အကုန်အကျခံပြီး လုပ်ခဲ့တယ်။ အားကစားဆိုတာ နိုင်ငံရေးလည်းမဟုတ် ဘာလည်းမဟုတ်။ ဆိုတော့ ကိုယ့်နိုင်ငံကို တင့်တယ်စေချင်လို့ ကိုယ့်လူတွေကို ဒီစိတ်ဓာတ်မျိုးနဲ့ ပါဝင်ထမ်းရွက်ခဲ့တာပေါ့နော်။ တကယ့်တကယ်တမ်းဆိုရင် ဒီအစိုးရ ဝန်ကြီးဌာနတွေရဲ့အားက အများကြီးလိုပါတယ်။ ကျနော်တို့နိုင်ငံမှာ အခု အမျိုးသားရေးဘတ်ဂျက် ရေးဆွဲရေး အချိန်ကာလမှာ ဒီအားကစားနည်းတရပ်ကိုလည်းပဲ ဘတ်ဂျက်များများ ဆွဲပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အားကစားဆိုတာ အလကားတော့ မဟုတ်ဘူးပေါ့နော်။ အားနဲ့ကစားရတဲ့အတွက်ကြောင့် အားရှိအောင်၊ သူ ငြိမ်သက်အောင်၊ နေနိုင်အောင်၊ သူ နေထိုင်ရာအရပ်ဒေသတွေကို ကောင်းကောင်းမွန်မွန် ဖန်တီးပေးပြီး နည်းပြတွေကအစ စသဖြင့်ပေါ့နော်။ ဒါ အားကစားဝန်ကြီးဌာနတွေမှာ၊ အစိုးရတွေမှာ သီးခြားဇောင်းပေးပြီး လုပ်ပေးစေချင်ပါတယ်လို့ ကျနော် ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။ ဂျူဒိုအားကစား ပိုမိုအောင်မြင်လာဖို့အတွက် ပြိုင်ပွဲတွေ ကျင်းပစေချင်တယ်လို့လည်း ကစားသမားတဦးက ပြောပါတယ်။ အားကစားနှင့် ကာယာပညာသိပ္ပံမှ ကစားသမား ခြူးမြတ်နိုးဝေက “ပြိုင်ပွဲတွေကိုတော့ မျိုးဆက်သစ်တွေ လူငယ်တွေ၊ အခုဆိုရင် မိန်းကလေးမျိုးဆက်သစ်တွေ၊ မိန်းကလေး လက်ရွေးစင်တွေကလည်း နည်းသွားပြီဆိုတော့ နောက်ထပ် မျိုးဆက်သစ်တွေ များများမွေးထုတ်စေချင်တယ်။ ပြီးတော့ ပြိုင်ပွဲများများ လုပ်စေချင်တယ်။ နောက် မြန်မာဂျူဒိုအဖွဲ့ချုပ်အတွက်ရော၊ မြန်မာနိုင်ငံအတွက်ရောပေါ့ အဲဒီလို ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။ မြန်မာဂျုဒိုအားကစားသမားတွေအတွက် ၁ နှစ်မှာ ပြိုင်ပွဲ ၅ ပွဲလောက် ရှိသင့်တယ်လို့လည်း နိုင်ငံတကာ ဒိုင်လူကြီးတဦးက ဆိုပါတယ်။ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နိုင်ငံတကာဒိုင်လူကြီး ခင်ချမ်းမြေ့သူက “ပွဲက အနိမ့်ဆုံးတင် ၄ ပွဲ၊ ၅ ပွဲလောက် ဘယ်လိုပဲဖြစ်ဖြစ် တနှစ်မှာ Run နေမှ။ အဲလိုမှ ကစားသမားတွေကလည်း တက်ကြွနေမယ်လေ။ အခုက တပွဲနဲ့တပွဲက အရမ်းဝေးလွန်းတယ်။ ဝန်ကြီးဌာနတွေ ပေါင်းကုန်လို့ အပြောင်းအလဲတွေကြောင့်လည်း နေလိမ့်မယ်လေ။ တကယ်ဆိုရင်တော့ ၄ ပွဲ၊ ၅ ပွဲလောက် ရှိသင့်တယ်။ ဂျပန်က ဆရာတွေဆို အရမ်းအံ့သြတယ်တဲ့။ မြန်မာနိုင်ငံက လူတွေက သူတို့လောက် အစား သေသေချာချာ မစားရဘူးတဲ့။ ဖြည့်စွက်စာလည်း သူတို့လောက် မရှိဘဲနဲ့ သူ့ရဲ့လက်ရည်တိုင်းကို ခံချနိုင်တာ။ သူတို့ ကြောက်ရတဲ့အထဲမှာ မြန်မာနိုင်ငံပါတယ်။ အမတို့ဆီမှာ အခုလို ဘာဖြစ်လို့ ကမ္ဘာ့အဆင့်ထိ မပေါက်တာလဲဆိုရင် ပွဲတွေ၊ နိုင်ငံခြားပွဲတွေ၊  ချစ်ကြည်ရေးပွဲတွေ လွှတ်တာတွေ နည်းနေလို့ အဲဒါကြောင့်မို့လို့။ တကယ်တော့ လက်ရည်ချင်းယှဉ်ရင် သူတို့နဲ့ လယ်ဗယ်ကို လိုက်နိုင်တယ်။ ဆရာကြီးတွေကိုယ်တိုင်က အဲဒီလို ချီးကျူးထားတယ်” လို့ ပြောပါတယ်။ မြန်မာဂျူဒိုအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု ရယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဆုတံဆိပ်အများဆုံး ရယူနိုင်တဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇ မလေးရှား ဆီးဂိမ်းမှာလည်း အောင်မြင်မှုရဖို့ ရည်မှန်းထားပြီး ဆီးဂိမ်းမတိုင်ခင် နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့နဲ့ ပြည်ပထွက်ပြီး လေ့ကျင့်ဖို့လည်း ပြင်ဆင်နေပါတယ်။
4 years Ago
Up