မြန်မာကျန်းမာရေးဝန်ကြီးဌာန

July 4, 2015

မွေးဖွား ၁၀၀ တွင် ၃၆ ဦး သေဆုံးနေဟု ဒုသမ္မတ စိုင်းမောက်ခမ်းပြော

မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ တနှစ်အတွင်း လူ ၁၀၀ မွေးဖွားတိုင်း ၃၆ ဦး သေဆုံးနေတယ်လို့ ဒုတိယသမ္မတစိုင်းမောက်ခမ်းက ပြောပါတယ်။ မကွေးတိုင်း၊ မကွေးမြို့မှာ ဇူလိုင် ၃ ရက်ကပြုလုပ်ခဲ့တဲ့ မိခင်ကလေးသေဆုံးမှုလျော့ကျရေး လုပ်ငန်းစတင်တဲ့ အခမ်းအနားမှာ သူက ပြောလိုက်တာ ဖြစ်ပါတယ်။ မွေးဖွားမှု၊ သေဆုံးမှုစာရင်း မှတ်ပုံတင်ရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း လူ ၆ သိန်း ၅ သောင်းလောက် မွေးဖွားခဲ့ပြီး ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးပညာဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က မွေးဖွားစ ကလေးသေဆုံးရတာဟာ အချက် ၃ ခုကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။ “တစ်-ပေါင်မပြည့်တာ၊ ပေါင်မပြည့်ပဲမွေးတာ၊ နှစ်က- မွေးတဲ့အခါမှာ အသက်ရှူလမ်းကြောင်းပိတ်ပြီးတော့ သေဆုံးတာ၊ သုံးက- ပိုးဝင်ပြီး သေဆုံးတာ၊ အဲ့ဒီ သုံးခုမှာ ပေါင်မပြည့်တာကတော့ မိခင်ကိုယ်ဝန်ဆောင်ချိန်ကတည်းက စောင့်ရှောက်ဖို့ လိုပါတယ်။ အဲ့ဒါ ပြည်သူလူထု ၀ိုင်းကူဖို့ လိုပါတယ်။ နှစ်- အသက်ရှူလမ်းကြောင်းပိတ်တာကတော့ သေဖို့များတယ်။ သူ့အတွက် စက်ကိရိယာရှိပေမယ့် ရွာတွေမှာ မရှိဘူး။ တတိယ ပိုးဝင်ပြီး သေတာကတော့ မိခင်ရော၊ ကလေးရော ပတ်ဝန်းကျင်မှာ စောင့်ရှောက်မယ့်သူရောကသာ အသိပညာရှိပြီးတော့ ကာကွယ်နိုင်ရင်တော့ လျော့နိုင်တယ်။” မြန်မာပြည်မှာ ကလေးမွေးတဲ့အခါ အရပ်လက်သည်နဲ့မွေးတာက တ၀က်လောက် ရှိတယ်လို့လည်း ပြောပါတယ်။ ဒုသမ္မတစိုင်းမောက်ခမ်းရဲ့ ပြောကြားချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုကဲ့သို့ သေဆုံးမှုမြင့်နေခြင်းကြောင့် မြန်ာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းသည် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက အနိမ့်ဆုံးအုပ်စုထဲတွင် ပါဝင်နေတယ်။ အရှေ့တောင်အာရှဒေသ နိုင်ငံတွေ ပျမ်းမျှမျှော်မှန်းသက်တမ်း အရှည်ဆုံးမှာ စင်ကာပူနိုင်ငံက (၈၃) နှစ်ဖြစ်ပြီး၊၊ မြန်မာနိုင်ငံက (၆၆ ဒသမ ၈) နှစ်ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံတွေရဲ့  ပျမ်းမျှမျှော်မှန်းသက်တမ်းတွေထဲ သက်တမ်းတိုတဲ့ စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ကျေးလက်နေ ကလေးသေဆုံးမှုဟာ မြို့နေ ကလေးသေဆုံးမှုထက် များတယ်လို့လည်း ဆိုပါတယ်။ ပြည်နယ်တိုင်းများအနက် မကွေးတိုင်းအတွင်း ၁ နှစ်အောက်ကလေး သေဆုံးမှု၊ ၅ နှစ်အောက် ကလေးသေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
6 years Ago

June 17, 2015

မားစ်ရောဂါဖြစ်ပွားသည့်နိုင်ငံက ပြန်လာပြီး ဖျားနာသူများ သတင်းပို့ရမည်

အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ်ကူးစက်မြန်ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ပြန်လာပြီး သီတင်း ၂ ပတ်အတွင်း ရောဂါသံသယ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူဖို့  ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၁၆၀ ကျော် မားစ်ရောဂါ ကူးစက်ခံနေရပြီး ၂၀ လောက် သေဆုံးသွားချိန်မှာ ဒီရောဂါနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်ကို  အစိုးရ ကျန်းမာရေးဌာနက  ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်မှာတော့ “ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံမှာ နေထိုင်စဉ် (သို့) ရောဂါဖြစ်ပွားတဲ့ နိုင်ငံက မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ၁၄ ရက်အတွင်း ဖျားနာ၊ ချောင်းဆိုး၊ နှာရည်ယို၊ အသက်ရှူမ၀ ခက်ခဲတာနဲ့ ၀မ်းလျှောတာ၊ အန်တာ စတဲ့ သံသယ လက္ခဏာတွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊  ကျန်းမာရေးဌာနတွေကို ချက်ချင်း သတင်းပို့ပြီး ဆေးကုသမှုခံယူကြဖို့” တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါ့အပြင် နာတာရှည်ရောဂါတခုခု ခံစားနေရသူတွေအနေနဲ့ ရောဂါဖြစ်ရာဒေသကို ခရီးမထွက်ခင် ဆရာဝန်နဲ့ ဆေးကုသမှုခံယူဖို့၊ ချောင်းဆိုးနှာချေစဉ် ပါးစပ်ကို လက်ကိုင်ပ၀ါ တစ်သျူး စတာတွေနဲ့ ဖုံးအုပ်ထားဖို့၊ လက်ကို ရေ၊ ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောဖို့၊ အစား အစာကို သေချာစွာ ချက်ပြုတ်စားဖို့၊ ကုလားအုပ်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို မထိတွေ့ဖို့လည်း အကြံပြုထားပါတယ်။ ရောဂါကူးစက်ခံရပါက ဖျားနာ၊ ချောင်းဆိုး၊ နှာရည်ယို၊ အသက်ရှူခက်၊ ၀မ်းလျှောတာ၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပြီး ရောဂါဖြစ်ပွားသူတွေရဲ့ ၃၆ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုပါတယ်။ အစိုးရကတော့ ရောဂါကာကွယ်တားဆီးရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဂိတ်တွေ အပါအ၀င် နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေမှာ ရောဂါ စောင့်ကြပ်ကြည့်ရှု လုပ်ငန်းတွေနဲ့ ပညာပေးလုပ်ငန်းတွေကို ခုလဆန်းကတည်းက ဆောင်ရွက်နေပါတယ်။ မားစ်ရောဂါဟာ အရှေ့အလယ်ပိုင်းဒေသဖြစ်တဲ့ ဆော်ဒီနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက် အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မလေးရှား အပါအ၀င် နိုင်ငံပေါင်း  ၂၅ နိုင်ငံမှာ ကူးစက် ဖြစ်ပွားနေတာပါ။
6 years Ago
Up