မြန်မာကလေးငယ်

June 14, 2019

မြန်မာကလေးငယ် ၆ သိန်းကျော် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေ

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားဦးရေ ၁၁ သိန်းကျော်ရှိတဲ့အနက် ၆ သိန်းကျော်က အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရတာကြောင့် ကလေးအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်နေတယ်လို့ အလုပ်သမားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လ ၁၂ ရက် ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ပဲခူးမြို့မှာ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ခင်မာသက်က ပြောကြားခဲ့တာပါ။ အခမ်းအနားမှာ စက်ရုံအလုပ်ရုံတွေနဲ့ ဆိုင်လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ကြားကာ ကလေးသူငယ် အလုပ်သမားဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါတယ်။ တိုင်းဦးစီးမှူး ဒေါ်ခင်မာသက်က “မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက ILO မှာ ကလေးသူငယ်တွေကို အလုပ်မခိုင်းပါဘူးဆိုပြီး ကလေးသူငယ် အခွင့်အရေးနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ လိုက်နာကျင့်သုံးမှုတွေလည်း လုပ်နေပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနကနေ စက်ရုံ ၄ ရုံနဲ့ ဆိုင်အလုပ်ဌာနတခုကို စုစုပေါင်း ၅ မှု တရားစွဲဆိုထားတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဥပဒေအရ အလုပ်ရှင်တွေအနေနဲ့ မိမိတို့လုပ်ငန်းခွင်မှာ အလုပ်ခိုင်းမယ်ဆိုပါက အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို လုံး အလုပ်ခိုင်းစေခွင့်မရှိဘဲ ၁၄ နှစ်အထက်တွေကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်တွေနဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် မြန်မာနိုင်ငံတဝန်းရှိ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ ကလေးသူငယ်တွေဟာ  စာသင်ကျောင်းခန်းထဲမှာ ရှိနေရမယ့်အချိန် ပညာမသင်ကြားနိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် အလုပ်မျိုးစုံ လုပ်ကိုင်နေတာ တွေ့မြင်နေကြရပါတယ်။ သတင်း - အောင်စိုးမိုး
3 years Ago

December 26, 2018

ထိုင်းကြံခင်းထဲ ၉ ရက်ကြာ ပျောက်ဆုံးနေသည့် မြန်မာကလေးငယ်၏အလောင်း တွေ့ရှိ (ရုပ်သံ)

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆူဖန်ဘူရီခရိုင်၊ အူသောင်မြို့နယ်မှာ ၉ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၂ နှစ်အရွယ် မြန်မာကလေးငယ်တဦးကို ကြံခင်းထဲမှာ သေဆုံးလျက် ရှာဖွေတွေ့ခဲ့တယ်လို့  ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုရဲ့ သားငယ်လေးဟာ ဒီဇင်ဘာ ၁၇ ရက်က မိဘတွေ လုပ်ငန်းခွင်ဝင်နေချိန်မှာ ကြံခင်းအနီး ဆော့ကစားရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲလောက်မှာတော့ ကလေးငယ်ရဲ့အလောင်းကို ပျောက်သွားတဲ့နေရာနဲ့ ၅ ကီလိုမီတာလောက် အဝေးမှာရှိတဲ့ ကြံခင်းထဲမှာ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့တာပါ။ ကလေးငယ်ဟာ ပင်ပန်းနွမ်းနယ် အင်အားကုန်ခမ်း သေဆုံးတာလို့ ယုံကြည်ရတဲ့ အကြောင်းနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို အသေအချာသိရဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။ ကလေးငယ်ရဲ့ အလောင်းမှာ ဒဏ်ရာတချို့ တွေ့ရလို့ သွေးရိုးသားရိုး သေဆုံးတာ မဖြစ်နိုင်ဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဆူဖန်ဘူရီ အုပ်ချုပ်ရေးမှူး နီမစ် ဝန်ချစ်သနာဝေါင်ကတော့ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ကယ်ဆယ်ရေးအင်အား ၇၀၀ လောက် အသုံးပြုပြီး မြေပြင်ကရော ဝေဟင်က ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပိုက်စိပ်တိုက် ရှာဖွေစေခဲ့တာ ဖြစ်ပါတယ်။ အကျယ် ဧက ၈၀၊ အမြင့် ၂ မီတာလောက်ရှိတဲ့ ကြံခင်းထဲမှာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရှာဖွေရာမှာ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲနဲ့ စစ်တပ်အပြင် ဆင်လေးကောင်နဲ့ အနံ့ခံခွေးတွေပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - We Love Suphanburi
3 years Ago
More News
Up