မြန်မာကို အတိုးတက်ဆုံးနိုင်ငံအဖြစ် အီကိုနောမစ် မဂ္ဂဇင်းရွေးချယ်

December 18, 2015

မြန်မာကို အတိုးတက်ဆုံးနိုင်ငံအဖြစ် အီကိုနောမစ် မဂ္ဂဇင်းရွေးချယ်

မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်အတွက် တိုးတက်ပြောင်းလဲဆုံး နိုင်ငံ "country of the year 2015" အဖြစ် လန်ဒန်အခြေစိုက် နိုင်ငံရေးနဲ့ စီးပွားရေးသတင်းတွေဖော်ပြနေတဲ့ သည်အီကိုနောမစ် မဂ္ဂဇင်းက ရွေးချယ်ဖော်ပြလိုက်ပါတယ်။ ခုသီတင်းပတ်ထုတ်မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခံရတာဖြစ်ပြီး မြန်မာဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကိုတောင် သတင်းစာတွေမှာ ဖော်ပြလို့မရဘဲ တားမြစ်ခံရတဲ့ အာဏာရှင်နိုင်ငံ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဟာ ရွေးကောက်ပွဲမှာ ၇၇ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး အခွင့်ထူးခံ စစ်တပ်ဟာ အာဏာကို မျှပေးဖို့ အသင့်ရှိနေတာ မြင်နေရပြီလို့ ရေးပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေကို ဂုဏ်သိက္ခာမဲ့စွာ ပြုမူဆက်ဆံနေ ဆဲဖြစ်ပေမယ့် နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ လူတိုင်းမျှော်မှန်းတာထက် ပိုပြီးမြန်ဆန်တယ်၊ ဒါတွေကြောင့်  မြန်မာကို အတိုးတက်ဆုံးနိုင်ငံအဖြစ် ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာ နိုင်ငံတကာ ခေါင်းကြီးသတင်းတွေအဖြစ် အများဆုံးဖော်ပြခံရပေမယ့် စစ်ရေးစွန့်စားခန်းတွေ၊ နိုင်ငံတွင်းဖိနှိပ်မှုတွကို ဂုဏ်မပြုချင်သလို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်သတင်းတွေဟာလည်း အခုနှစ် နိုင်ငံအများစုထက် သတင်းပိုဖြစ်နေပေမယ့် တိုင်းပြည်တခု မဟုတ်တာကြောင့် မရွေးချယ်တာလို့ ဆိုပါတယ်။ အီကိုနောမစ်မဂ္ဂဇင်းအနေနဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာဖြစ်အောင်လုပ်တဲ့ နိုင်ငံတနိုင်ငံကို  အသိအမှတ်ပြုဖို့ ပိုမိုနှစ်သက်လိုလားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်မှာ လိင်တူခြင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုလိုက်တာ၊ ကျူးဘားနဲ့ သံတမန်ဆက်ဆံရေး ပြန်စတာ၊ အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ရသွားတာ၊ တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေးတယောက် မူဝါဒကို ဖြေလျော့ပေးလိုက်တာတွေကို လည်း မဂ္ဂဇင်းမှာ အသိအမှတ်ပြုဖော်ပြထားပါတယ်။
7 years Ago
Up