မြစ်ရေလျှံ

July 10, 2019

စပိန်တွင် မိုးသည်းထန်ပြီး မြစ်ရေလျှံ၊ ရေစီးဖြင့်မျောသွားသည့် ကားထဲမှ အမျိုးသား သေဆုံး

စပိန်နိုင်ငံ မြောက်ပိုင်း နာဗာရာဒေသမှာ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက မိုးသည်းသည်းမည်းမည်းရွာပြီး ရုတ်တရက် မြစ်ရေလျှံတက်ခဲ့တာကြောင့် ရေစီးနဲ့အတူ မျောပါသွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။ စီဒါကိုမြစ်ဟာ နာရီပိုင်းအတွင်း ၄ ဒသမ ၃ လက်မထိ ရေမျက်နှာပြင် မြင့်တက်ခဲ့တာကြောင့် မြစ်ရေတွေဟာ အနားက လမ်းတွေပေါ်ကို လျှံတက်လာပြီး ရေစီးလမ်းကြောင်းမှာ ရှိသမျှ အရာအားလုံး မျောပါကုန်ပါတယ်။ နာဗာရာဒေသကို ရုတ်တရက် မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးရေချိန်ဟာ ပုံမှန်ပမာဏထက် လေးဆပိုများပြီး ရွာသွန်းခဲ့ပါတယ်။ မိုးဆက်ရွာနေပြီး ပတ်ဝန်းကျင်မှာလည်း ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်အပြင် မထွက်ကြဖို့ နာဗာရာဒေသ အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရုတ်တရက် ရေကြီးလာတာကြောင့် ဘာပစ္စည်းမှ သယ်ဖို့ အချိန်မရခဲ့ဘူးလို့ တာဖာယိုမြို့နဲ့ ပွယ်ယော်မြို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဥရောပတလွှား အပူလှိုင်းဖြတ်တာကြောင့် စပိန်နိုင်ငံမှာ လူနှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။
2 years Ago

May 31, 2019

အမေရိကန် ပြည်နယ်အချို့တွင် ရေကြီး၊ အာကန်ဆတ်မြစ် စံချိန်တင် မြစ်ရေလျှံ

အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ်၊ အိုကလာဟိုးမားပြည်နယ်နဲ့ လူဝီစီးယားနား ပြည်နယ်တွေမှာ မိုးရေချိန်အများအပြား ရွာသွန်းခဲ့တာကြောင့် ရေကြီးနေပြီး အာကန်ဆတ်မြစ်မှာလည်း မေလ ၃၀ ရက်နေ့မှာ စံချိန်တင် မြစ်ရေပြည့်လျှံနေပါတယ်။ ရာသီဥတု ခန့်မှန်းချက်တွေအရ လာမယ့်ရက်တွေမှာလည်း မိုးရွာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည့်လျှံလာတဲ့ အာကန်ဆတ် မြစ်ရေတွေဟာ တာပေါင်ရိုးတွေကို ကျော်လာနိုင်တာကြောင့် ဒေသခံ တော်တော်များများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ လေဆင်နှာမောင်းတွေ၊ မိုးရွာသွန်းတာတွေနဲ့ ရေကြီးရေလျှံတာတွေ အပါအဝင် အမေရိကန် အလယ်ပိုင်းမှာ သီတင်းတပတ်ကျော် ရာသီဥတု အခြေအနေ ဆိုးရွားနေခဲ့ပါတယ်။ ပြည်နယ်တော်တော်များများမှာ စံချိန်တင် ရေကြီးခဲ့ပြီး အဝေးပြေးလမ်းမကြီးတွေ ရေဖုံးလွှမ်းနေတဲ့အပြင် နေအိမ်တွေလည်း အိမ်ခေါင်မိုးပဲ ပေါ်နေပါတော့တယ်။ ဇွန်လအစောပိုင်းမှာ အာကန်ဆတ်ပြည်နယ် Little Rock မြို့ အောက်ဘက်က  မြစ်ချောင်းတွေဟာ အမြင့်ဆုံး စံချိန်တင်မြစ်ရေ မြင့်တက်လာနိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနရဲ့ မိုးလေဝသပညာရှင် ပက်ထရစ်ဘွတ်ခ်က ပြောပါတယ်။
2 years Ago
More News
Up