မြစ်ရေ

A d v e r t i s e m e n t With Us

July 25, 2019

လှိုင်းဘွဲ့တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းပါးပြိုကျ၊ ကိုယ့်ထူကိုယ်ထ ပြုပြင်နေရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်လာမှုကြောင့် မြစ်ကမ်းပါးပြိုကျနေတဲ့အတွက် ဒေသခံတွေ အရေးပေါ်ကိုယ့်ထူကိုယ်ထ ပြုပြင်မှုတွေ ဆောင်ရွက်နေရတယ်လို့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ပရဟိတ တက်ကြွလှုပ်ရှားသူ ဒေါ်စုတာက ဒီဗွီဘီကို ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ ဒေါ်စုတာက “အရမ်းဆိုးတဲ့အပိုင်းတွေကို လုပ်ကြတာပေါ့။ အခု အရမ်းဆိုးတဲ့ပိုင်းက ပေါ်လာပြန်ပြီ။ ရွာသစ် ၃ ရပ်ကွက်က တအားဆိုးတယ်။ မြစ်ကမ်းနား တလျှောက်ပေါ့။ အခုလက်ရှိ ကမ်းထိန်းနံရံကို အရေးပေါ် ကိုယ့်ထူကိုယ်ထလုပ်နေတဲ့ နေရာကျတော့ လူနေရပ်ကွက်နဲ့ တအားနီးတဲ့နေရာမို့လို့ လုပ်နေကျတာ”လို့ ပြောပါတယ်။ ကရင်ပြည်နယ် မိုးလေ၀သနှင့်ဇလဗေဒဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို က “ကရင်ပြည်နယ်က နေရာကွက်ကြားမိုးကြီးမယ်လို့ သတိပေးထားတယ်။ မိုးများမယ်ဆိုကတည်းက မြစ်ကမ်းပါးနေတဲ့သူတွေကို သတိထားနေထိုင်ဖို့ အသိပေးထုတ်ပြန်ပြီးသားဖြစ်တယ်။ ကျနော်တို့ ဟောပြောပွဲတွေလုပ်ကတည်းက သတိပေးထားတယ်”လို့ ပြောပါတယ်။ ရွှေဂွန်းကျေးရွာဟာ နှစ်စဉ်မိုးရွာသွန်းမှုနဲ့ သံလွင်မြစ်ရေတိုးလာမှုကြောင့် ကမ်းပါးပြိုကျမှု နှစ်စဉ်ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်မှာ မြစ်ကမ်းထိန်းနံရံ ၂၀၀ ပေ၊ ၂၀၁၉ ခုနှစ်မှာ ၃၈၀ ပေ တည်ဆောက်ပေးခဲ့ပါတယ်။ ဒီကနေ့ မနက် ၈ နာရီတိုင်းတာချက်အရ ဘားအံမြို့မှာ မိုးရွာသွန်းမှုအနေနဲ့ မိုးရေချိန် ၅ ဒဿမ ၁၂ လက်မ၊ လှိုင်းဘွဲ့မြို့မှာ ၄ ဒဿမ ၅၉ လက်မရွာသွန်းခဲ့ပါတယ်။ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ၆၂၃ စင်တီမီတာရောက်ရှိနေပြီး ဘားအံမြို့ရဲ့ စိုးရိမ်အမှတ်က ၇၅၀ စင်တီမီတာဖြစ်ပြီး သံလွင်မြစ်ရေဟာ ဆက်လက်မြှင့်တက်လာဖို့ ရှိနေပါတယ်။ လှိုင်းဘွဲ့မြို့မှာ လှိုင်းဘွဲချောင်းရေဟာ ၉၇၀ စင်တိမီတာမှာရောက်ရှိနေပြီး လှိုင်းဘွဲမြို့ရဲ့စိုးရိမ်ရေအမှတ်က ၉၈၀ စင်တီမီတာဖြစ်ပါတယ်။
2 years Ago

July 19, 2019

စစ်ကိုင်းတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ရာပြောင်းရွှေ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းဒေသတွေက နှစ်စဉ်ရေဝင်ရောက်လေ့ရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတချို့က လူနဲ့ တိရစ္ဆာန်တွေ ရေလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ ဧမြဝတီရပ်ကွက်က ရေဝင်နစ်မြုပ်နေတဲ့ အိမ်ခြေ ၃၆ အိမ်က အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၈၈ ဦးကို ရေလွတ်ရာ လမ်းဘေးဝဲယာတွေကို ပြောင်းရွှေ့ပေးနေရပြီး ဒါးဝယ်ဈေးရပ်ကွက်က အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၄၇ ဦးနဲ့ နွား ၅၇ ကောင်ကို ရေလွတ်ရာ ငါးထပ်ကြီးဘုရားဝင်းအတွင်းကို ပြောင်းရွှေ့ပေးနေတာပါ။ ဒါ့အပြင် မြို့နယ်အတွင်းက မအူပင်၊ တာတိုင်၊ ဦးအိုင်ကျွန်း၊ ဒါးဝယ်တဲ၊ ရွှေလှေ၊ နောက်ကြည့်ကျွန်းနဲ့ တဲကြီးကျေးရွာတွေက စာသင်ကျောင်းတွေမှာလည်း ရေဝင်ရောက်နေတဲ့အတွက် စာသင်ကျောင်းတွေကို ယာယီပိတ်ထားပြီး စဥ့်ကိုင်ကျေးရွာက အိမ်ထောင်စု ၅ စု၊ လူဦးရေ ၃၅ ဦးနဲ့ နွား ၄ ကောင်ကိုလည်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြပါတယ်။ "အခုရွှေ့ပြောင်းရတဲ့ နေရာတွေက အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေပါ။ နှစ်စဉ် ရေဝင်ရောက်လေ့ရှိပါတယ်။ အခု ရေဝင်တဲ့အတွက် လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ အသက်အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးတာ မရှိပါဘူး။ ကျနော်တို့ မီးသတ်ဦးစီးဌာန အနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဆင့်သင့်ပြုလုပ် ဆောင်ရွက်နေပါတယ်။ မြစ်ရေတက်နေဆဲဖြစ်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်" လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျာ်နိုင်က ပြောပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း စတဲ့မြို့ ၃ မြို့မှာ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပြီး စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာမှာ ၁၁၃၈ စင်တီမီတာအထိရောက်ရှိနေပြီး နောက်ထပ် တိုးလာနေဆဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ကသာမြို့မှာလည်း စိုးရိမ်ရေအမှတ် ၁၀၄၀ စင်တီမီတာမှာ ၁၀၆၆ စင်တီမီတာအထိ ရောက်ရှိနေဆဲဖြစ်ပြီး ၁၀ နှစ်အတွင်းမှာ ကသာမြို့ရဲ့ စံချိန်တင် ရေအမှတ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ချင်းတွင်းမြစ်ရေကတော့ စိုးရိမ်ရေအမှတ်ထက်ကို ရောက်ခဲ့တဲ့ ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်အောက် ပြန်လည်ရောက်ရှိသွားပြီး ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၃၂၅ စင်တီမီတာမှာ ၁၃၁၃ စင်တီမီတာကို ရောက်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြောင့် လူဦးရေ ၆ ထောင်ကျော် ရေဘေးသင့်နေပြီး ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
2 years Ago
More News
Up