မြစ်ထဲမျောပါ ဗန်ကားထဲမှ ခရီးသည်များလွတ်မြောက်ရေး သေနတ်ဖြင့် ကားမှန်များကိုပစ်ခွဲ

February 14, 2017

မြစ်ထဲမျောပါ ဗန်ကားထဲမှ ခရီးသည်များလွတ်မြောက်ရေး သေနတ်ဖြင့် ကားမှန်များကိုပစ်ခွဲ (ရုပ်သံ)

ပီရူးနိုင်ငံမှာ လူ ၁၆ ဦး တင်လာတဲ့ မီနီဗန်အမျိုးအစား ကားတစီး မြစ်ရေကြီးချိန်မှာ မျောပါသွားခဲ့ပါတယ်။ နိုင်ငံတလွှား ရေကြီးမှုကြောင့် လူအယောက် ၃ သိန်းကျော်အပေါ် သက်ရောက်ခဲ့ပြီး ဟွမ်ကာဘမ်ဘာမြို့ဆီ သွားတဲ့လမ်းကို ကားမဖြတ်ဖို့ ပိတ်ထားတာပါ။ ဒါပေမယ့် ကားမောင်းသူက အရေးမစိုက်ဘဲ ဆက်သွားခဲ့လို့ ခုလိုဖြစ်ခဲ့ပြီး ဆာရန်မြစ်ကို ဖြတ်ကူးဖို့ ရည်ရွယ်ချက်နဲ့ ကားနောက်မှာ လိုက်ပါလာတဲ့ လူ ၃ ဦး အပါအဝင် အမျိုးသမီး ၅ ဦး အမျိုးသား ၆ ဦးနဲ့ ကလေး ၂ ဦး ပါတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ကားပေါ်မှာ ရဲအရာရှိ တဦးပါတယ်၊ ခရီးသည်တွေ ကားထဲက ထွက်ပြေးလွတ်မြောက်နိုင်ဖို့ သူ ပစ္စတိုသေနတ်ကို သုံးရင်း ကားပြတင်းမှန်တွေကို ခွဲခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ခရီးသည်တဦး ကားပြတင်းကတဆင့် လွတ်မြောက်ပြီး မြစ်ရေစီးနဲ့ မျောပါသွားတဲ့ ရုပ်သံတွေကိုလည်း တွေ့ရပါတယ်။ ရဲတွေရဲ့အဆိုအရ မျောပါသွားတဲ့လူတယောက်မှ ဒဏ်ရာဆိုးဆိုးရွားရွား မရပါဘူး။ ကားမောင်းသူနဲ့ ကားကို ဆာလစ်ထရယ် ရဲစခန်းဆီ ခေါ်သွားပြီး စုံစမ်း စစ်ဆေးနေပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း နိုင်ငံတလွှား ရေကြီးမှုကြောင့် လူ ၂၅ ဦး သေဆုံးပြီး လူ ၃ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ အမျိုးသား အရေးပေါ်လုပ်ငန်းဌာန (စီအိုအီးအန်) နဲ့ အမျိုးသားအရပ်ဘက် ကာကွယ်ရေးအဖွဲ့ (Indeci) တို့က ဆိုပါတယ်။ လမ်းမိုင် ၂၇၉ မိုင် ပျက်စီးပြီး ကောက်ပဲသီးနှံ ဧက ၂ သောင်းနီးပါး ပျက်စီးတယ်လို့ Indeci က ခန့်မှန်းထားပါတယ်။
4 years Ago
Up