မြစ်ထဲခုန်ချပြီး မိကျောင်းအကိုက်ခံရသော်လည်း အသက်မသေခဲ့သည့် လူငယ်

March 21, 2017

မြစ်ထဲခုန်ချပြီး မိကျောင်းအကိုက်ခံရသော်လည်း အသက်မသေခဲ့သည့် လူငယ်

မတ်လ ၁၈ ရက်နေ့က သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မြောက်ပိုင်းမှာ ၁၈ နှစ်အရွယ် လူငယ်တဦးဟာ မိကျောင်းတွေရှိတဲ့ ဂျွန်စတုန်းမြစ်ထဲကို ခုန်ချခဲ့ပြီး မိကျောင်းကိုက်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့တဲ့ အဲဒီလူငယ်ဟာ သူချစ်နေတဲ့ မိန်းကလေးရဲ့ အထင်ကြီးတာခံချင်လို့ အဲဒီလိုခုန်ချတာဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံသား အဲဒီလူငယ်ဟာ ဗြိတိန်ကနေ အလည်ရောက်နေတဲ့ မိန်းကလေး ဆိုဖီ ပတ်တာဆန် အပါအဝင် တခြားသူငယ်ချင်းတွေနဲ့အတူ တည်းခိုခန်းတခုမှာ သောက်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် လူငယ်က ပတ်တာဆန်ကို သြစတြေးလျ နယ်ခံတွေထက် နိုင်ငံခြားသားတွေက မိကျောင်းကိုက်ခံရနိုင်ခြေ ပိုများကြောင်း ဒေသခံသတင်းစာတွေမှာ ပါတယ်လို့ ပြောပြပြီးနောက် အဲဒီသီအိုရီကို လက်တွေ့စမ်းသပ်တဲ့သဘောနဲ့ မိကျောင်းတွေရှိတဲ့ မြစ်ထဲကို ခုန်ချခဲ့တာပါ။ ခုန်ချပြီးနောက် အချိန်အနည်းငယ်အတွင်းမှာ သူ့ကို မိကျောင်းက တိုက်ခိုက်ပြီး ၆ မီတာလောက် အဝေးကို ဆွဲသွားခဲ့ပါတယ်။ သူက မိကျောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ထိုးလိုက်တဲ့ အချက်မှာတော့ မိကျောင်းရဲ့မျက်လုံးကို ထိသွားတယ်လို့ ဆေးရုံမှာ ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်ဘက်လက်မှာ မိကျောင်းကိုက်ခံရတဲ့ ဒဏ်ရာနဲ့ မြစ်ကမ်းဘက်ကို ပြန်ကူးလာခဲ့ပါတယ်။ လက်ကဒဏ်ရာဟာ မစိုးရိမ်ရဘူးလို့ ဆရာဝန်ကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up