မြစ်ဆုံစီမံကိန်း

April 13, 2019

မြစ်ဆုံစီမံကိန်းဆက်မလုပ်ရန် တရုတ်သမ္မတကို အောင်လအန်ဆန်းတောင်းဆို

မြစ်ဆုံရေကာတာ စီမံကိန်းကို မလုပ်ဖို့ One Championship ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုရရှိထားတဲ့ ကချင်တိုင်းရင်းသား  MMA ကစားသမား အောင်လအန်ဆန်းက တရုတ် သမ္မတကို တောင်းဆိုလိုက်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ရေးသား တောင်းဆိုလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအတွက် မြစ်ဆုံက တန်ဖိုးကြီးလွန်းလို့ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ မြစ်ဆုံဟာ သဘာဝတရားကပေးတဲ့ လက်ဆောင်ကောင်းတွေထဲကတခုဖြစ်ပြီး ဒါဟာ ရှည်လျားလှတဲ့ သမိုင်းနောက်ခံအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာတွေကို ဖော်ကျူးထားတဲ့ပြယုဂ်တခုပဲလို့ အောင်လအန်ဆန်းက ဆိုပါတယ်။ “အဲဒီပြယုဂ်ကပဲ တိုင်းရင်းသားမျိုးနွယ်စုအများကြီးထဲကမှ ကချင်လူမျိုးတွေကို အများက သိအောင် ပြောပြနေပြီး ဆန်းကြယ်လှပတဲ့ဒီနေရာကို တသက်မှာ တခေါက်လာရောက် လည်ပတ်ဖြစ်အောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။ ကျနော် ကလေးဘဝတုန်းက မိသားစုနဲ့ အတူ အရမ်းအေးတဲ့ မလိခမြစ်နားမှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အမှတ်တရလေးတွေကို မှတ်မိနေ ပါသေးတယ်။ မြစ်ဆုံနားက N-Mai Hka ကို ဖြတ်ပြီး လှေစီးခဲ့ကြတာတွေရောပေါ့။ ဒီနေရာတွေဟာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝ အမှတ်တရတွေပါပဲ။ အဲဒါကြောင့်လည်း Katie နဲ့ Ah De တို့ကို ကျနော့်ရဲ့မွေးရပ်မြေဟာ ဘယ်လောက်လှပတယ်ဆိုတာကို မျက်မြင်သက်သေပြချင်လို့ ဒီကိုရောက်တုန်းမှာ ဒီနေရာတွေကို ပထမဆုံး ခေါ်လာဖြစ်ခဲ့ပါတယ်” လို့  အောင်လအန်ဆန်းက ရေးသားထားပါတယ်။ ပြီးတော့ “မြန်မာ့သမိုင်းတလျှောက်မှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အမြဲလိုလို ပါဝင်နေပါတယ်။ နောက်ပြီး လေးစားရပါတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီး Xi Jinping ကိုလည်း မြစ်ဆုံရေကာတာကြီး မဆောက်လုပ်ဖို့ ကျနော့်အနေနဲ့ တောင်းဆို ချင်တယ်ဆိုတာပါပဲ” လို့ ဆိုထားပါတယ်။ နိုင်ငံတိုင်းဟာ သူတို့ကိုပေးထားတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေကို ထိန်းသိမ်း စောင့်ရှောက်ရမှာ ဖြစ်တယ်လို့လည်း အောင်လက ရေးထားပါတယ်။ “ကျနော့်သား Ah De အသက်တွေကြီးလာပြီး သူ့ကလေးတွေရလာတဲ့ အချိန်အထိ သူ့ကလေးတွေကို ဒီလို အလှတရားတွေပြနိုင်ဖို့ ဒီမြစ်ဆုံနေရာလေးဟာ အခုလိုမျိုး အမြဲလှပနေစေပါလို့ ဆုတောင်း ပါတယ်” လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ- AungLaNsang
3 years Ago

January 16, 2016

မြစ်ဆုံစီမံကိန်းအရေး နောက်အစိုးရဖြေရှင်းရမည့် စိန်ခေါ်ချက်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးပြော

ဦးသိန်းစိန်အစိုးရ မဖြေရှင်းနိုင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းအရေးဟာ နောက်အစိုးရဖြေရှင်းရမယ့် စိန်ခေါ်ချက်တရပ်ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောလိုက်ပါတယ်။ nikkei asian review မှာ ဇန်န၀ါရီ ၁၁ ရက်က ဖော်ပြခဲ့တဲ့ ဦးစိုးသိန်းရဲ့ ရွေးကောက်ပွဲ အလွန်ကာလ မြန်မာနိုင်ငံ ဆောင်းပါးမှာ သူက ခုလို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ မြင့်မားလာမှုအပေါ် ကန့်ကွက် ဆန္ဒပြကြရာမှာ တရုတ်တို့ဦးဆောင်သည့်စီမံကိန်းများ ထိခိုက်နစ်နာသွားခဲ့သည်။ လက်ရှိအစိုးရ ကာလအတွင်း လက်ပံတောင်းတောင် ကိစ္စကို ၅ နှစ်တိုင်ဖြေရှင်းခဲ့ရသော်လည်း မြစ်ဆုံစီမံကိန်း ကိုမူ မဖြေရှင်းနိုင်သေးပေ။ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် အောင် လုပ်ဆောင်ရင်း ဖော်ပြပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။” ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ တရုတ်နဲ့ ဆက်ဆံရေးကိစ္စတို့ဟာ နောက်အစိုးရရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ အဆိုးဆုံးစိန်ခေါ်မှုတခုက ဖေ့စ်ဘွတ်ခ်ပေါ်က ကောလဟာလ ထုတ်လွှင့်မှုတွေနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေ ဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှုအပေါ် ဆန္ဒစောနေသူတွေက အစိုးရ မကောင်းကြောင်းချည်းပဲ ပြောနေကြတယ်လို့ ဦးစိုးသိန်းက ဝေဖန်ရေးသားထားပါတယ်။ တခါ ရခိုင်အရေးကို အနိုင်ရပါတီတခုထဲနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လဲ ရေးထားပါသေး တယ်။ “ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပြဿနာများမှာလည်း ပို၍ပင်အလေးထားရမည့် ကိစ္စဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ယုံကြည်မှုများစွာ တည်ဆောက်ရမည် ဖြစ်သည်။ ယင်းကို အနိုင်ရပါတီတစ်ခု တည်းနှင့် လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပေ။ ယုံကြည်မှုတည်ဆောက်ရေးကိစ္စမှာ ခက်ခဲနက်နဲပြီး ထိလွယ်ရှလွယ်သည့်အရာတစ်ခုဖြစ်သည်။” သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ ရွေးကောက်ပွဲ အလွန်ကာလ မြန်မာနိုင်ငံ ဆောင်းပါးကို ဇန်န၀ါရီ ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
6 years Ago
Up