မြစ်ဆုံ

April 20, 2019

မြစ်ဆုံနှင့်ပတ်သက်ပြီး ကုန်ကျစရိတ် ပြန်လျော်ပေးမည်ဟု တရုတ်သမ္မတထံ ကမ်းလှမ်း

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့နဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တရားဝင်ကုန်ကျထားတာတွေကို ပြန်ပေးလျော်မယ်လို့ ဧရာဝတီကိုပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တရုတ်သမ္မတဆီထံ စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြန်တည်ဆောက်လိုကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြန်မာပြည်သူတွေ အထူးစိုးရိမ်နေကြတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာကို ရန်ကုန်မှာ ဒီနေ့ပြုလုပ်နေတဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ဟောပြောပွဲကနေ ထုတ်ပြန်လိုက်တာပါ။ ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားတွေ၊ မိုးလေဝသပညာရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော် စတဲ့သူတွေ ပါဝင်ဆွေးနွေးပြောဆိုနေကြပါတယ်။ တရုတ်သမ္မတ ရှီကျင့်ပင်ဆီကို ပေးပို့တဲ့စာမှာ မြစ်ဆုံစီမံကိန်းကို ပြန်လုပ်မယ်ဆိုတာကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမယ့်အပြင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး အလားအလာကောင်းလည်း ထိခိုက်မှာကို မြန်မာပြည်သူတွေ စိတ်ပူပန်နေကြတယ်လို့ အစချီထားပါတယ်။ ဒါကို လျစ်လျူရှုပြီး ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာတွေဟာ ဂုဏ်သိက္ခာအချိုးနှိမ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်ဆိုပြီး စွဲမှတ်ယူကြနိုင်လို့ တရုတ်- မြန်မာဆက်ဆံရေးမှာ ပြင်ဆင်ဖို့ခက်တဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြစ်ဆုံနဲ့ပတ်သက်ပြီး စာချုပ်ပါအတိုင်း တရုတ်နိုင်ငံက တရားဝင် ကုန်ကျထားတာတွေကို ပေးလျော်ဖို့အတွက်လည်း ကမ်းလှမ်းလိုက်သလို ဒါကို အဖြေအဖြစ် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။ ဒီအတွက် မြန်မာပြည်သူတွေ တယောက်ကို တဒေါ်လာထည့်ဝင်ကြဖို့ကိုလည်း ဧရာဝတီကို ပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက ပန်ကြားလိုက်ပါတယ်။ တယောက်ကို တဒေါ်လာနှုန်းနဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် ထည့်ဝင်မယ်ဆိုရင်တော့ ဧရာဝတီကို ပြန်ရွေးယူလို့ရနိုင်မယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒီစကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်နေပြီး လူဦးရေ ထောင်နဲ့ချီတက်ရောက်နေပါတယ်။ ဓာတ်ပုံ - ပီတာအောင်
2 years Ago

March 9, 2019

မြစ်ဆုံစီမံကိန်းနှင့်အန်စီအေကိစ္စ ကချင်ခရစ်ယာန်အဖွဲ့ချုပ်ကို တရုတ်အာဏာပိုင်များ ခေါ်တွေ့

မြစ်ဆုံစီမံကိန်းကိစ္စနဲ့ အန်စီအေ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ကေအိုင်အို ပါဝင် လက်မှတ်ထိုးရေး တွန်းအားပေးဖို့ တရုတ်အာဏာပိုင်တွေက ကချင်ခရစ်ယာန်အသင်းတော်ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) အသင်းတော် ခေါင်းဆောင်တွေကို  မတ်လ ၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကိစ္စ၊ အန်စီအေကိစ္စနဲ့ ကချင်အိုင်ဒီပီကိစ္စကို ပြောဆိုခဲ့တာလို့    ကေဘီစီဥက္ကဋ္ဌ Rev. Dr. Hkalam Samson က ပြောပါတယ်။ “အကြိမ်ကြိမ်တွေ့တာပေါ့နော်၊ ဒါပေမယ့် ဒီတခေါက်တွေ့တာက လေးလေးနက်နက် သူတို့ ပြောဆိုတာမျိုးရှိတာပေါ့။ အဓိကကတော့ မြစ်ဆုံရယ်၊ အန်စီအေရယ်၊ အိုင်ဒီပီကိစ္စပေါ့။ ဒီခေါင်းစဉ်သုံးခုပေါ်မှာ သူတို့က ဒီတခေါက် နည်းနည်း ထူးခြားတာကတော့ သူတို့ ဗဟိုကော်မီတီရဲ့ ကိုယ်စားလှယ်အနေနဲ့ ပြောခြင်းဖြစ်တယ်ဆိုတာ ပါလာတာပေါ့။  ယူနန်အစိုးရ ချည်းပဲမဟုတ်ဘူး။ ရှီကျင်းဖျင်ပါဝင်တဲ့အဖွဲ့ရဲ့ တင်ပြချက်တို့၊ တိုက်တွန်းချက်တို့ လေးလေး နက်နက် ပြောဆိုတာကို တွေ့ရတာပေါ့။” မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်သူတွေရဲ့ ကန့်ကွက်မှုအခြေအနေနဲ့ အန်စီအေနဲ့ ပတ်သက်ပြီး ကေအိုင်အိုကို  တွန်းအားပေးဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။ “မြစ်ဆုံနဲ့ပတ်သက်လို့ မဆန့်ကျင်ဖို့ အဲလိုကြီးတော့ ဒဲ့မပြောဘူးပေါ့။ ဒါပေမယ့် သူတို့ကတော့ စဖို့ ရှိတယ်ဆိုတဲ့အကြောင်းပေါ့နော် အဲဒါတွေပြောတာပေါ့နော်။ အန်စီအေကို ကေအိုင်အေအနေနဲ့ လက်မှတ်ရေးထိုးဖို့ တွန်းအားပေးဖို့ပေါ့။ လူထုအနေနဲ့ အန်စီအေ လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့အကြောင်းတင်ပြဖို့ပေါ့။” ဒါ့အပြင် မြစ်ဆုံကိစ္စ ကချင်လူထုရဲ့ ကန့်ကွက်မှုတွေရှိသလားဆိုတဲ့မေးမြန်းချက်အပေါ် ကန့်ကွက်မှုတွေရှိကြောင်း ကေဘီစီက ပြောဆိုခဲ့ပြီး  မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ ကချင်တွေကိုသာမက မြန်မာပြည်သူလူထုနဲ့ အစိုးရနဲ့ပါ တွေ့ဖို့ ကေဘီစီက တရုတ်အာဏာ ပိုင်တွေကို တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ကချင်ချည်းပဲတွေ့ရင်လည်း ကျနော်တို့ပဲ တရားခံလိုလို ဘာလိုလိုဖြစ်တာပေါ့နော်။ တပြည်လုံးကန့်ကွက်နေတဲ့ကိစ္စဖြစ်တယ်ဆိုတာကို အဲလို တင်ပြတာတွေရှိခဲ့တယ်။” တရုတ်သံအမတ်ဟာ ကချင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက သွားရောက်ခဲ့ပြီး ကချင်ဒေသခံတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တာမရှိဘူးလို့ ခရီးစဉ်အပြီးမှာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့လို့  ဒီစီမံကိန်း ပြန်စမှာကို စိုးရိမ်ပြီး နယ်ပယ်စုံက ပညာရှင်တွေနဲ့ ပြည်သူတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းပေးဖို့အတွက်လည်း  ကချင်ပြည်နယ် လူထုတွေက မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဆန္ဒပြခဲ့တောင်းဆိုခဲ့ကြပါတယ်။
2 years Ago
More News
Up