မြစ်ဆုံ

April 25, 2019

မြစ်ဧရာအရေး ကြောက်ကြောက်နဲ့ တွေး

ဧပြီရဲ့ ပူပြင်းတဲ့ အပူရှိန်အောက်က ပြန်လာတဲ့ သတင်းထောက်တချို့ ငြင်းခုန်နေသံ ကြားရပါတယ်။ အကြောင်းကတော့ ဧရာဝတီအရေးပါပဲ။ တယောက်က ခိုးတဲ့လူတွေက ခိုးသွားကြပြီ၊ အခု သူတို့တသက် စားမကုန်အောင် ချမ်းသာနေကြတယ်။ သူတို့ခိုးသွားတဲ့ ငါတို့ဧရာဝတီကို ငါတို့ချွေးနှဲစာနဲ့ ပြန်ရွေးရမယ်ဆိုတော့ ငါတို့ကိုယ်တိုင် သူခိုးအားပေးတွေ ဖြစ်သွားမှာပေါ့။ သူတို့ကို ခိုးမှုနဲ့ အရင်အရေးယူ၊ ခိုးရာပါ စည်းစိမ်တွေကို ပြန်သိမ်းပြီး သူတို့ကို ပြန်လျော်ခိုင်းသင့်တယ်လို့ ဆိုပါတယ်။ တယောက်က ငါတို့က ပြန်ရွေးမယ်ဆိုရင် သူတို့က လက်ခံမှာလား။ စာချုပ်ထဲမှာ ဘာတွေပါလဲ။ ငါတို့မသိရဘဲ ပြန်ရွေးဖို့ ပြောမနေနဲ့တဲ့။ နောက်တယောက်က အရင်အစိုးရက လုပ်ချင်သလို လုပ်ခဲ့တာကို ငါတို့အပေါ် အပြစ်ပုံချတာပဲ၊ လက်မခံသင့်ဘူး ဆန့်ကျင်သင့်တယ်တဲ့။ စတဲ့ မကျေနပ်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ သူတို့မှာ စိုးရိမ်စိတ်တွေနဲ့အတူ မခံချင်စိတ်နဲ့ ဒေါသစိတ်တွေပါ လွှမ်းမိုးနေတာ သိသာပါတယ်။ သူတို့ ဘာကိုစိုးရိမ်နေကြတာလဲ။ ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြတာပါ။ ဧရာဝတီမြစ်ကြီး ဘာကြောင့် ဘယ်လို ပျောက်ကွယ်သွားမှာလဲ။ ဧရာဝတီမြစ်ပေါ်မှာ ဧရာမဆည်ကြီး ဆောက်လိုက်ရင် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားမယ်ဆိုတာ သိနေလို့ပါ။ နောက်ဆက်တွဲ တနိုင်ငံလုံး သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်။ သဘာဝဘေးတွေ ရင်ဆိုင်ရမယ်။ နောက်ဆုံး တနိုင်ငံလုံး ပျက်စီးသွားမယ်။ ဒီလိုဆို ဘာကြောင့် ဧရာဝတီမြစ်ပေါ်မှာ ဆည်ကြီး ဆောက်ရတာလဲ။ ရေအားလျှပ်စစ်ထုတ်ပြီး တရုတ်နိုင်ငံကို ရောင်းဖို့ပါ။ လျှပ်စစ်ဓာတ်အား ရောင်းရငွေနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်လို့မရဘူးလား၊ မြန်မာနိုင်ငံက ၅ ရာခိုင်နှုန်းပဲ ရမှာပါ။ နိုင်ငံထူထောင်ရေးအတွက် ဘာမှလုပ်မရပါဘူး။ ဒါဆို ဒီလောက် အကျိုးအမြတ်နည်းနည်းနဲ့ ဘာကြောင့် ရောင်းရတာလဲ။ ဟုတ်ကဲ့ မေးသင့်တဲ့မေးခွန်းပါပဲ။ ဘယ်သူတွေ များများအကျိုးရှိမှာလဲ။ ဟုတ်ကဲ့ အလွန်ကောင်းတဲ့ မေးခွန်းပါ။ ပွင့်လင်းမြင်သာမှုရှိသလား။ လူထုကို အသိပေးတာ၊ ချပြတာ ခုထက်ထိ မရှိသေးပါဘူး။ အဲဒီလို မေးခွန်းတွေ အဖြေတွေနဲ့ အတွေးတွေ ဆက်တိုက်ပေါ်လာတော့ ပြည်သူတွေ စိုးရိမ်စိတ်ပေါ်လာတာပေါ့။ အဲဒီကတဆင့် ဒေါသတွေ မခံချင်စိတ်တွေ ဖြစ်လာပါရော။ ဘယ်သူတွေခိုးတာလဲ။ သူခိုးတွေကို ဘာကြောင့် အရေးမယူတာလဲတဲ့။ ၆၆(ဃ)၊ ၅၀၅(ခ)၊ စတဲ့ပုဒ်မတွေကလည်း ခုတလော အသံတွေ ဟိန်းနေတော့ ဘယ်သူတွေခိုးတယ်ဆိုတာ ဘယ်ပြောရဲပါ့မလဲ။ ကိုယ့်ကို အရေးမယူအောင် မနည်းသတိထားနေရတာမို့ သူတို့ကို အရေးယူဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။ ဒီလို တယောက်ကိုတယောက် အပြစ်ဖို့နေရုံနဲ့ ဧရာဝတီကို ငါတို့ပြန်ရမှာလား။ မရဘူးဆိုရင် အခြားလမ်းကြောင်းကနေ ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ ရလဒ်ကောင်းရဖို့ပေါ့။ အဲဒီလမ်းကြောင်းက ဧရာဝတီကို လျော်ကြေးပေး ရွေးတဲ့နည်းပါ။ ဘယ်သူက ရွေးပေးမှာလဲ။ ပြည်သူကပဲ ရွေးပေးမယ်။ ပြည်သူကို ပြည်သူကပဲ ကယ်တင်ရမယ်။ (ဘယ်သူမှ လာမကယ်ဘူးဆိုတာ သိလို့ ကိုယ်ဘာသာကိုယ် အားပေးတယ်လို့ ယူဆရင်လည်း ရပါတယ်ဗျာ) ရွေးဖို့ငွေကရော ဘယ်ကရမလဲ။ ပြည်သူတွေ တယောက်တဒေါ်လာ စုလှူမှာပေါ့။ (ပြည်သူတိုင်း ဧရာဝတီအလှူရှင်၊ အလှူ့အစ်မကြီးပေါ့) ဒီလိုဆို ဘာဖြစ်လာမလဲ။ ပြည်သူအတော်များများ ထည့်ဝင်နိုင်တဲ့ ငွေပမာဏဖြစ်တယ်။ အဲဒါကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လိုသူတွေ တနိုင်တပိုင် ပါဝင်နိုင်မယ်။ ရလာတဲ့ ငွေပမာဏဟာ ပြည်သူတွေရဲ့ စုစည်းမှုကို ပြလိုက်တာပဲ။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ဆိုးမွေ ကောင်းမွေကို ပြည်သူတွေ တာဝန်ခံနိုင်တယ်ဆိုတာ ပြောလိုက်တာပဲ။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်မှာ မြန်မာပြည်သူတွေရဲ့ သည်းခံနိုင်မှု၊ တာဝန်သိမှု၊ အမြော်အမြင် ရှိမှုတွေကို ဒီလုပ်ရပ်နဲ့ သက်သေထူနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးလည်း မပျက်၊ ရှေ့ဆက်ရမယ့် ခရီးမှာလည်း ယုံယုံကြည်ကြည် ရွှေလက်တွဲလို့ပေါ့။ နေပူ လေပူမှာ စိတ်ကူးတွေ ဟိုရောက်ဒီရောက် တယောက်တည်း အတွေးနယ်ချဲ့လို့။ ကျေနာ် တဒေါ်လာထည့်မယ်။ ဆုံးဖြတ်လိုက်ပြီ။ သူငယ်ချင်းတယောက်ဆီ ဖုန်းဆက်။ ကိုယ့်ဆုံးဖြတ်ချက်ကို ပြောပြ။ သူကလည်း အားရဝမ်းသာ လက်ခံ။ နောက်ထပ် အားရဝမ်းသာ အကြံတခု ထပ်ပေးသေးတယ်။ သူခိုးတွေ ပြန်မလာရေး ဧရာဝတီကို ကယ်တင်ပေးလို့ ကြွေးကြော်လိုက်ရင် ဧရာဝတီပြန်ရွေးဖို့ငွေထက် အများကြီး ပိုရနိုင်မယ်တဲ့ဗျာ။ သူ့အကြံက ကျေနာ့်စိတ်ကူးနဲ့ ဘာမှ မဆိုင်ဘူးနော်။ မီဒီယာလွတ်လပ်ခွင့် ကျဆင်းနေလို့ ကြောက်နေပါတယ်ဆိုမှ သူက တမျိုး။ သားကြီးမောင်ဇေယျ
2 years Ago

April 23, 2019

မြစ်ဆုံကို ချစ်ပုံခြင်းတူကြသူတို့ စိတ်ဝမ်းမကွဲစေချင် (အယ်ဒီတာအာဘော်)

ပြင်သစ်က ကမ္ဘာကျော် နော်တာဒမ် ဘုရားကျောင်းကြီး မီးလောင်ပျက်စီးသွားသည်ကို ပြန်လည်ပြုပြင်ရန် ပြင်သစ်သမ္မတက ဆော်သြလိုက်သည်။ ချက်ချင်း ရန်ပုံငွေများ ဒေါ်လာသန်းနှင့်ချီ၍ ဒလဟော စီးဝင်လာ၏။ နော်တာဒမ်ဘုရားကျောင်းသည် လူတို့ တည်ဆောက်ခဲ့သည့်အရာ ဖြစ်၍ ငွေရှိပါက မူလအတိုင်း ပြန်ဆောက်၍ ရကောင်းရမည်။ ဧရာဝတီမြစ်သည်ကား သဘာဝကပေးသည့် ရတနာတပါးဖြစ်၍ ပျက်စီးသွားသော် မြစ်တစင်း အသစ်ပြန်ဆောက်လုပ်ရန် ငွေမည်မျှတတ်နိုင်ပါစေ မဖြစ်နိုင်။ သို့ပါ၍ မြစ်ဆုံဆည်စီမံကိန်းကြောင့် ပျက်စီးသွားမည့် ဧရာဝတီမြစ်ကြီးကို ကယ်တင်ရန် မြန်မာပြည်သူတို့ တဦးလျှင် တဒေါ်လာစီ ထည့်ဝင်ကြပါဟု ဆော်သြသူတို့က ပန်ကြားလိုက်သည်။ ပြင်သစ်ပြည်မှာကဲ့သို့ ဒေါ်လာငွေများ စီးဝင်မလာခဲ့၊ ပြစ်တင်ဝေဖန်သံများသာ ချက်ချင်း ဆူညံကျယ်လောင်စွာ ဒလဟော စီးထွက်လာသည်။ မြစ်ဆုံစီမံကိန်းမှာ အကျိုးအမြတ်ရသွားသည့် သက်ရှိထင်ရှား ရှိနေသူတို့ထံက လျော်ကြေးပြန်တောင်းပါ၊ ငါတို့မထည့်နိုင်ဟု တုံ့ပြန်သူတို့က တုံ့ပြန်ကြသည်။ ဆင်းရဲသည့် ပြည်သူများထံက ပိုက်ဆံကောက်ရပါမည်လားဟု ဒေါသတကြီး ပြောသူတို့က ပြောကြသည်။ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မဖြစ်နိုင်ဟု ဝေဖန်သူတို့က ဝေဖန်ကြသည်။ ဆော်သြသူတို့သည် ပြည်သူ့သဘောထားကို တင်ကြိုရယူခဲ့ခြင်းမရှိဘဲ လူတစု၏ သဘောထားကို ပြည်သူ့သဘောလုပ်ကာ တရုတ်သမ္မတထံ စာပို့ခြင်းသည် အဆင့်ကျော်လုပ်ခြင်း ဖြစ်သည်ဟု ထောက်ပြသူတို့က ထောက်ပြကြသည်။ ဒီကိစ္စ လက်မခံဟု ကြေညာချက်ထုတ်သူတို့က ထုတ်ကြသည်။ ဒီကိစ္စ မေမေတာဝန်ယူ လုပ်ဆောင်နေသည်၊ ဆော်သြနေသူများထက် မေမေ့ကို ပိုလို့ ယုံကြည်သည်ဟု ဆိုသူတို့က ဆိုကြသည်။ တခြားတဖက်တွင်လည်း မြစ်ဆုံကို ပြန်ရွေးယူရန် ခုချက်ချင်း ပိုက်ဆံထည့်မည်ဟုဆိုကာ  ထောက်ခံသူများကလည်း ထောက်ခံကြသည်။ မည်သူ့ကိုမျှ အပြစ်မတင်ချင်တော့၊ နှောင်းလူတို့ လက်ချက်ဖြင့် ပျက်စီးကွယ်ပျောက် ဒုက္ခရောက်ရတော့မည့် အန္တရာယ် တွေ့နေသည့် မိခင် ဧရာဝတီမြစ်ကြီးကို အနာဂတ်မျိုးဆက်များအတွက် ငွေပေး ပြန်ရွေးယူနိုင်ခဲ့သည့် သမိုင်း ချန်ထားခဲ့ချင်သည်ဟု ယုံကြည်သူတို့က ယုံကြည်ကြသည်။ မြစ်ဆုံကို ပြည်သူ့ရန်ပုံငွေဖြင့် ပြန်ရွေးယူတာထက် ကောင်းသည့် တခြားနည်းလမ်း ရှိပါကလည်း လိုက်ပါလုပ်ဆောင်ကြမည်၊ မြစ်ဆုံစီမံကိန်းကြီး အပြီးတိုင်ရပ်သွားရန် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်မည်ဟု ဆိုသူတို့က ဆိုကြသည်။ သေချာသည်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဤကိစ္စ ပြင်းပြင်းရှရှ ဂယက်ရိုက်ခတ်သွားသည်။ မတူကွဲပြားခြားနားသည့် သဘောထားအမြင်များ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပေါ်ထွက်နေဆဲ ဖြစ်သည်။ ဤသည်မှာ အမြတ်ဖြစ်သည်။ အထူးသဖြင့် တရုတ်ခရီးစဉ် သွားရောက်ခါနီးတွင် မြစ်ဆုံနှင့်ပတ်သက်သည့် လူထုသဘောထား အမြင်ပေါင်းစုံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရော တရုတ်ခေါင်းဆောင်တို့ကိုပါ သတင်းစကား ပါးရာရောက်၏။ သိစေ၊ မြင်စေ၊ ကြားစေ၏။ တကယ်တမ်း မကြားရ မသိရ ဖြစ်နေရရှာသည်မှာ သနားစရာကောင်းလှသည့် မြန်မာပြည်သူလူထု ဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံသားများအတွက် အင်မတန် အန္တရာယ်ကြီးမားလှသည့် မြစ်ဆုံ ရေကာကာစီမံကိန်းကြီးကို မည်သို့မည်ပုံ စာချုပ် ချုပ်ဆိုခဲ့သည်၊ စီမံကိန်းကြောင့် တိုင်းပြည်အတွက် အကျိုးအပြစ် ဘယ်ရွေ့ဘယ်မျှရှိသည် ဆိုသည်ကို ယခင်အစိုးရမင်းများ လက်ထက်ကလည်း ပြည်သူတို့ သိခွင့်မရှိသလို ယခု ပြည်သူ့အစိုးရ လက်ထက်တွင်လည်း သိခွင့်မရှိ၊ ပြည်သူများရော သတင်းမီဒီယာများပါ မွေးရာပါအခွင့်အရေး သတင်းသိပိုင်ခွင့် ဆုံးရှုံးနေရသည်။ ဘာမှန်း အသေအချာ မသိရသည့် စာချုပ်ကြီးကို ဟိုတစဒီတစ ရရှိသည့် သတင်းအစအနများအပေါ် ထောက်ရှုကာ ဝေဖန်သုံးသပ် တွက်ဆ ကောင်းနိုးရာရာ လုပ်ဆောင်ကြရင်းက မလိုအပ်ဘဲ စိတ်ဝမ်းကွဲပြားနေကြရသည်။ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ စိုးရိမ်တကြီးဖြစ်နေသည့် ကိစ္စအပေါ် တစုံတရာ ထုတ်ဖော်ပြောဆိုရန် အချိန်ကျရောက်နေပေပြီ။ ထုတ်ဖော်ပြောဆိုရန် အခက်အခဲ ရှိနေပါကလည်း ဘာကြောင့် ဘယ်လို အခက်အခဲ အကျပ်အတည်းများ ရှိနေသည်ကိုလည်း သိချင်စိတ်ပြင်းပြနေသည့် ပြည်သူတို့ကို ချပြသင့်ပေပြီ။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရတို့ ပြည်သူ့ဆန္ဒမပါဘဲ၊ တိုင်းပြည်နှင့် ပြည်သူတို့၏ မျက်နှာမကြည့်ဘဲ မဆင်မခြင် ဆောင်ရွက်ခဲ့သည့်ကိစ္စကို ယခုအစိုးရက ခေါင်းခံရသည့်ကိစ္စ ပြည်သူတို့ နားလည်ပြီးဖြစ်သည်။ သို့သော် ဤစီမံကိန်းနှင့်ပတ်သက်၍  လက်ရှိ ပြည်သူ့အစိုးရက သက်တမ်း ၃ နှစ်ကျော်လာသည့်တိုင် ပြည်သူကို ချမပြသေးသည်ကို ပို၍ နားမလည်နိုင် ဖြစ်ရသည်။ တကယ်တော့ မြစ်ဆုံစီမံကိန်းကိစ္စသည် ကာလအတန်ကြာကတည်းက  ပြည်သူများအကြား အဂတိလိုက်စားမှု ကျော်စောသတင်း အထင်အရှား ထွက်နေသည့် ကိစ္စကြီးတရပ် ဖြစ်နေသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဝင်ရောက် စစ်ဆေးသင့်သည့် ကိစ္စဟုလည်း ရှုမြင်နိုင်သည်။ ဤစီမံကိန်းကြီးနှင့် ပတ်သက်၍ တာဝန်အရှိဆုံးပုဂ္ဂိုလ်တို့ သက်ရှိထင်ရှား ရှိနေဆဲဖြစ်၍ တိုင်းပြည်ကို အမှန်တကယ် ချစ်သည်မှန်လျှင် ပြည်သူလူထုကို တာဝန်ယူ တာဝန်ခံ ရှင်းလင်း ဖြေရှင်းသင့်သည်။ လက်ရှိအစိုးရအနေဖြင့်လည်း ဤမြစ်ဆုံစီမံကိန်းကြီးနှင့် ပတ်သက်၍ စာချုပ်တွင် မည်သို့ ချုပ်ဆိုထားသည်၊ မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်၊ မဆောင်ရွက်ဘူး၊ ဆက်လက်ဆောင်ရွက်ပါက မည်သို့ အကျိုးအပြစ်ရှိမည်၊ ရပ်တန့်ပါက မည်သို့ အကျိုးအပြစ်ရှိမည်။  အကျိုးအကြောင်း အဆိုးအကောင်းကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြသင့်ပြီ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မြစ်ဆုံကိစ္စ အမြင်ကျယ်ဖို့ ပြောထားသည်။ မြန်မာပြည်သူ အများစုကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝ လက်မခံတော့ကြောင်း အကြိမ်ကြိမ် အဖန်ဖန် ပုံသဏ္ဌာန်မျိုးစုံဖြင့် သဘောထားတွေ ထုတ်ဖော်ပြသခဲ့ကြပြီးလည်း ဖြစ်သည်။ ရာဇဝင်များ၏သတို့သမီး သို့တည်းမဟုတ် မြန်မာပြည်၏ အသက်သွေးကြော မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးမည့်အရေးကိစ္စဖြစ်၍ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းလိုသည့် ဆန္ဒရှိသည်မှာ အသေအချာဖြစ်သည်။ ပညာရှင်များ၊ အနုပညာရှင်များကနေ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ အပါအဝင်  ရဟန်းရှင်လူ ပြည်သူလူထုလူတန်းစား အသီးသီးက လူထုဆန္ဒ ထပ်မံခံယူစရာ မလိုတော့အောင်ပင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပစ်ရန် တသဘောတည်း ရှိနေကြပေပြီ။ မြစ်ဆုံကိုချစ်ကြ၊ ဧရာဝတီကို မြတ်နိုး တန်ဖိုးထားကြတာချင်း အတူတူ ပြည်သူတို့အကြား သွေးကွဲမနေသင့်ပေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် လက်ရှိ ပြည်သူ့အစိုးရအဖွဲ့ဝင်များ၊ အာဏာရ ဒီချုပ်ပါတီဝင်များလည်း ပြည်သူတို့ထက် မလျော့သော ချစ်ခြင်းဖြင့် ဧရာဝတီကို ချစ်ကြ တန်ဖိုးထားကြမည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီအတွက် ပန်ကြားချက် ထုတ်ပြန်ခဲ့ဖူးသည်။ ဤပန်ကြားချက်၏ အဆုံးသတ်တွင် “ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာ အလုံးစုံကို ကျွန်ုပ်တို့အားလုံး ပူးပေါင်းခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါမည်” ဟု ပြောကြားထားသည်။ မြစ်ဆုံအရေးကြောင့် လူမျိုး၊ ဘာသာ၊ အယူအဆ မတူကြသည့် မြန်မာပြည်သူပြည်သားများ အားလုံး ပြန်လည်စည်းလုံး ညီညွတ်ကြမည့် အချိန်ဖြစ်သလို ပြည်သူ့အစိုးရကလည်း  ကြုံတွေ့နေရသည့် မြစ်ဆုံပြဿနာ အကျပ်အတည်းကို ပြည်သူနှင့်အတူ ရင်ဆိုင်ဖြေရှင်းရင်း ပြည်သူ့ဆန္ဒ ဖြည့်ဆည်းလုပ်ဆောင်ရန်သာ အဓိကလိုရင်းဖြစ်ကြောင်း တင်ပြလိုက်ပေသည်။
2 years Ago
Up