မြင်းခြံမြို့နယ်

August 31, 2018

မြင်းခြံမြို့နယ်​တွင် ဖရဲသီး​များ စတင်​ထွက်ရှိနေသော်လည်း ​ဈေး​​ကောင်းမရသေး

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ အနီးပတ်​ဝန်းကျင်​​ ကျေးရွာ​တွေမှာ ရာသီ​ပေါ် သီးနှံတမျိုးဖြစ်​တဲ့ ဖရဲသီးတွေ အသီး​တွေ စတင်​ထွက်​ရှိလာပေမယ့် ​ရောင်းချတဲ့​နေရာမှာ ​ဈေး​ကောင်းမရရှိသေးဘူးလို့ ဒေသခံ ဖရဲစိုက်တောင်သူတွေထံက သိရပါတယ်။ သစ်ရုံကျေးရွာမှာ ဖရသီး ၈ ဧက စိုက်ပျိုးထားသူ ဦး​မောင်​​ကျော်​က “မနှစ်​က မိုးများတာရယ်​၊ ဖရဲသီး အဝယ်​နည်းတာရယ်​​ကြောင့်​ ပုပ်​ကုန်​ပြီး ​တောင်​သူ​တွေ ရှုံးကြတယ်။ ဒီနှစ် မိုးက သဲသဲမဲမဲမရွာ​တော့ ဖရဲသီး စိုက်​ပျိုးတဲ့​ တောင်​သူ​တွေ အခက်​​တွေ့တယ်​။ မိုးမရွာ​တော့ ​ဆေးကိုပဲ အားကိုးသုံး​နေရတယ်​။ ​ဆေးကို ၅ ရက်​ တစ်​ကြိမ်​​လောက် ဖျန်း​ပေးရ​တော့ ကုန်​ကျစရိတ်​က အရမ်းများ​နေတာ​ပေါ့၊ အသီးထွက်​နှုန်း​ကောင်းဖို့က ​ဆေးကို မကြာခဏ ဖျန်း​ပေး​နေရတာ။ မိုးမ​ကောင်း​တော့ အခြားသီးနှံဖြစ်​တဲ့ ​မြေပဲတို့၊ နှမ်းတို့ စိုက်​လည်း ​တောင်​သူ​တွေ အရှုံး​ပေါ်​နေတာဆို​တော့ ဖရဲသီးက​ ရာသီ​ပေါ်သီးနှံဆိုပြီး စိုက်​ပျိုးကြတာပါ။ ​ရောင်းချတဲ့​နေရာမှာလည်း အခုချိန်​ထိ​တော့ ​ဈေး​ကောင်းမရ​သေးတဲ့အတွက်​ ​တောင်​သူ​တွေ အဆင်​မ​ပြေကြပါဘူး။” ဖရဲသီးမှာ 855 နဲ့ 211 ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပြီး နှစ်စဉ်​ ​ဒေသထွက်​ ဖရဲသီး​တွေကို ပြည်​တွင်း မြို့ကြီးတွေသာမက တရုတ်​ပြည်​အထိ တင်​ပို့​ရောင်းချ​နေရတာလည်း ဖြစ်​ပါတယ်။ လက်​ရှိမှာ​တော့ ​ရေကြီး ​ရေလျှံမှုတွေ​ကြောင့် လမ်းပန်းဆက်​သွယ်​​ရေး​တွေ အခက်​အခဲဖြစ်​​​နေလို့ ကုန်​တင်​ပို့မှု ရပ်​ဆိုင်းထားရတယ်​လို့ သိရပါတယ်​။ ဖရဲသီး အ​ရောင်းအဝယ်​ ပြုလုပ်​​နေတဲ့ ကိုဖိုး​ဇော်​ “အခု မူဆယ်​ကို​တော့ စပို့​နေပြီ၊ တရုတ်​ဘက်​က များများ အဝယ်​လိုက်​မှ ​ဈေး​ကောင်းရတာ။ ခု​တော့ ​ဈေးကွက်​က မ​ကောင်း​သေးဘူး၊ ရန်​ကုန်​၊ ​မော်​လမြိုင်၊ တိုက်​ကြီး စတဲ့မြို့ တွေကိုလည်း တင်​ပို့​ရပါတယ်​။ ဒါ​ပေမဲ့ လမ်း​ပန်းဆက်​သွယ်​​ရေး​တွေ မ​ကောင်းလို့ ရပ်​ဆိုင်းထားရတယ်​လို့ ဆိုပါတယ်​။ မြင်းခြံမြို့နယ်​မှာ ဖရဲသီးစိုက်​ခင်း​တွေကို မြင်းခြံမှ နဘူးအိုင်​သို့သွားရာ ကားလမ်း​ဘေး ဝဲယာတလျှောက်​ရှိ ​ကျေးရွာ​တွေမှာ အများဆုံး​ စိုက်​ပျိုး​နေကြတာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း(မြင်းခြံ)
3 years Ago
Up