မြင်းခြံမြို့ လုံခြုံရေးအတွက်​ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ကင်းလှည့်ဆောင်ရွက်နေ

September 17, 2018

မြင်းခြံမြို့ လုံခြုံရေးအတွက်​ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ကင်းလှည့်ဆောင်ရွက်နေ

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ပေါ်ရပ်​ကွက်​တွေ လုံခြုံရေးအတွက်​ ရဲတပ်ဖွဲ့က အဖွဲ့ ၄ ဖွဲ့ခွဲကာ စတင်​​ဆောင်​ရွက်​​နေပြီလို့ မြင်းခြံမြို့မ ရဲစခန်း တာဝန်​ရှိသူ တဦးက ​ပြောပါတယ်​။ ရဲတပ်​ဖွဲ့ဝင်​တွေနဲ့အတူ မြို့​ပေါ်ရပ်​ကွက်​ ၂၀ ကအုပ်​ချုပ်​​ရေးမှူးတွေ၊ ပရဟိတလူငယ်​တွေ၊ တက်​ကြွလှုပ်​ရှားသူတွေနဲ့အတူ ဆိုင်​ကယ်​အဖွဲ့တွေ၊ ရဲကား ၂ စီးနဲ့ အင်​အား ၄၀ ခန့်​ပါဝင်​ကာ မြို့လုံခြုံရေးအတွက်​ စတင်​​ဆောင်​ရွက်​​နေတာလည်း ဖြစ်​ပါတယ်​။ မြင်းခြံမြို့မရဲစခန်း တာဝန်​ရှိသူက "ကျ​နော်​တို့ စက်​တင်​ဘာ ၁၆ ရက်​ ညပိုင်းက စတင်​ပြီး မြင်းခြံမြို့​ပေါ်ရပ်​ကွက်​ ၂၀ အတွင်းနဲ့ ဗိုလ်​ချုပ်​လမ်းမကြီး​ပေါ်သို့ အဖွဲ့ ၄ ဖွဲ့ခွဲပြီး၊ ​အေးချမ်းသာယာ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ခိုး၊ဆိုး၊လု၊ နှိုက်​မှု ပ​ပျောက်​​ရေးအတွက်​ မြို့မရဲစခန်းက ရဲတပ်​ဖွဲ့ဝင်​တွေ၊ ပရဟိတလူငယ်​တွေနဲ့ ရပ်​ကင်းဝပ်​ကင်း၊ လှည့်ကင်းတွေ ​ဆောင်​ရွက်​တာနဲ့ ပိတ်​ဆို့စစ်​​ဆေး​ဆောင်​ရွက်​တာတွေ စတင်​လုပ်​​ဆောင်​​နေတယ်​”လို့ဒီဗွီဘီ ကို​ပြောပါတယ်​။ မြို့ခံ ပရဟိတလူငယ်​ ကို​ကျော်​နိုင်​က "ကျ​နော်​တို့ မြို့လုံခြုံရေးအတွက်​ ရက်​သတ္တပတ်​ ၁ ပတ်​ပြုလုပ်​သွားမှာပါ။ အဓိက မြို့လုံခြုံရေးအတွက်​ပါ။ မြို့​ပေါ်ရပ်​ကွက်​​တွေမှာ အဓိက လုံခြုံရေးအားနည်း​နေ​တော့ မကြာခဏဆိုသလို လုယက်​မှု​တွေ၊ ဓားထိုးမှု​တွေ၊ ရိုက်​နှက်​ ရန်​ဖြစ်​မှု​တွေ ကြုံ​နေရတယ်​။ မိမိတို့ မြို့ပေါ်ရပ်​ကွက်​​တွေ ​အေးချမ်းသာယာဖို့က အ​ရေးကြီး ပါတယ်​။ ပြီး​တော့ ပြည်​သူ​တွေနဲ့ လူမှုအဖွဲ့အစည်း​တွေလည်း ပူး​ပေါင်းပါဝင်​ဖို့က အ​ရေးကြီး ပါတယ်​။ မြို့​ပေါ် ရပ်​ကွက်​​တွေ မလုံခြုံဘူးဆိုရင်​ ပြည်​သူ​တွေ နှစ်​နာမှာ​တော့ အမှန်​ပဲ”လို့ ဆိုပါတယ်​။ ပြီးခဲ့တဲ့ လထဲက မြင်းခြံမြို့ပေါ်နဲ့ ရပ်​ကွက်​​တွေ ညပိုင်း​တွေမှာ ဆိုင်​ကယ်​စီးပြီး လက်​ကိုင်​ဖုန်း လုယက်​တာ​တွေ၊ ဓားထိုးမှု​တွေ၊ ရိုက်​နှက်​ရန်​ဖြစ်​တာ​တွေဟာ မကြာခဏ ဖြစ်​ပွား​နေတာ​ကြောင့် မြို့နယ်​ရဲတပ်​ဖွဲ့က လုံခြုံရေးအားနည်းပြီး အခင်းဖြစ်​ပွားရင်​လည်း တရားခံကိုဖမ်းမိတာမရှိတဲ့အတွက်​ လူမှုကွန်​ယက်တွေနဲ့ ပြည်​သူ​တွေအကြားမှာ ​ဝေဖန်​မှု​တွေ အမျိုးမျိုး ထွက်​​ပေါ်​နေတာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up