မြင်းစီးကြေးရုပ်

June 12, 2018

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်လှစ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို မန္တလေးမြို့ကနေ ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ မုံရွာမြို့ကို ဖြတ်သန်း သယ်ယူသွားပါတယ်။ တန့်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက "အတုယူစရာတွေများတဲ့ ဗိုလ်ချုပ်ကို အများပြည်သူ လေ့လာမှတ်သားအတုယူစေဖို့၊ ဒီရုပ်တုမြင်တိုင်း သူ့ရဲ့ ဂုဏ်ကျေးဇူးကို အမှတ်ရ သတိရစေဖို့ ရည်ရွယ်ပြီး အားလုံးဝိုင်းဝန်း စုပေါင်း အကောင်အထည်ဖော်ခဲ့ကြတာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ၂၀၁၇ စက်တင်ဘာလကတည်းက စတင်ထုလုပ်ခဲ့တာဖြစ်ပြီး အခု ဇွန်လ ၆ ရက်က အပြီးသတ် ထုဆစ်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဟာ ကြေးပိဿာချိန် ၁၆၀၀ ခန့်၊ အလျား ၁၄ ပေ၊ အမြင့် ၁၂ ပေရှိပြီး ကြေးရုပ်တန်ဖိုးက ငွေကျပ်သိန်းပေါင်း ၃၂၀ နဲ့ အောက်ခံခုံက ကျပ်သိန်း ၁၉၀ ရှိတယ်လို့ ဆိုပါတယ်။ ကြေးရုပ်တုကိုတော့ တန့်ဆည်မြို့ အဝိုင်းပတ်မှာ ထားရှိသွားမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာ မွေးနေ့ဂုဏ်ပြု အမှတ်တရအနေနဲ့  ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ကြေးပိဿာချိန် ၅၀၀ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မတ်တတ်ရပ်ရုပ်တုတခုကို ရေဦးမြို့မှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။
3 years Ago

February 13, 2018

တိုက်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးရုပ် ဖွင့်လှစ် (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မြင်းစီးကြေးရုပ်ဖွင့်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ကျင်းပပါတယ်။ အခု တိုက်ကြီးမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ မြင်းစီးကြေးရုပ်တုကြီးဟာ မကွေးမြို့က ကြေးရုပ်ကြီးပြီးရင် မြန်မာပြည်မှာ ဒုတိယအကြီးဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင်တွေ၊ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ အင်အား ၁၀၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့မနက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၀၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း တိုက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေသခံတွေကို ပဲပြုတ်နဲ့ နံပြား ကျွေးမွေးခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ကျော်သက်မင်း  
3 years Ago
Up