မြင့်တက်မှု

July 26, 2019

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မိုးညိုတွင် စာသင်ကျောင်းအချို့ ပိတ်ထားရ

ဧရာဝတီမြစ်ရေ ဆက်တိုက်တက်လာတာကြောင့် မိုးညိုမြို့နယ်မှာ မြစ်နဲ့နီးတဲ့ ကျေးရွာတွေက စာသင်ကျောင်း ၈ ကျောင်း ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူး ဦးသန်းအောင်က ပြောပါတယ်။ ရေက ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက တဖြည်းဖြည်းနဲ့ တက်လာနေကာ ဒီ ၃ ရက်လောက်မှာ နည်းနည်းအတက်ကြမ်းလာပြီး မိုးညိုမြို့နယ်ထဲက ကျေးရွာ ၄၀ လောက် ရေဝင်နေတယ်လို့ ဆိုပါတယ်။ အင်းတော်တလုပ်ကျေးရွာအုပ်စုက မကျီးကုန်း၊ တော်တလုပ်၊ ထိန်ကုန်း၊ လေးလံကျေးရွာတွေက အိမ်ခြေ ၃၀၀ ကျော်လောက် ရေဝင်နေပြီလို့ အင်းတော်တလုပ် လုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အခု ရေအမှတ်လောက်မှာ ကျောင်း ၂၀ လောက်ပိတ်ထားလိုက်ရပြီး အခုပုံစံဆိုရင် ဒီနေ့ထဲမှာပဲ ကျောင်းလေးငါးဆယ်ကျောင်းလောက် ထပ်ပိတ်ရနိုင်တယ်လို့ ဆိုပါတယ်။ ပိတ်ထားရတဲ့ ကျောင်းတွေက ဇူလိုင် ၂၅ ရက်နေ့မှာ (မ) ခွဲအောင်မြင်သာယာ၊ (မ) ခွဲ မကျီးကုန်း (၁) နဲ့ မူလွန် ရှစ်ကွက်ကျောင်းတွေ ပိတ်ခဲ့ရပြီး ဇူလိုင် ၂၆ ရက်နေ့မှာတော့ အလက အိုးဖိုကျွန်း၊ အမက စိန်တိုင်၊ အမက အောက်စိန်တိုင်၊ လ ခွဲ ပဒေသာကျွန်း နဲ့ အမက အင်းတော်တလုပ်ကျေးရွာ ကျောင်းတွေ ဖြစ်တယ်လို့ မိုးညိုမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။ မင်းညို
2 years Ago

July 22, 2019

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့နယ် ၄ ခုက စာသင်ကျောင်း ၂၅ ကျောင်း ယာယီပိတ်

ဧရာဝတီမြစ်ရေမြစ်တက်လာတာကြောင့် ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ မြို့နယ် ၄ ခုက စာသင်ကျောင်း ၂၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြင်းဆည် ကျေးရွာပါ ရွာ ၄ ရွာတို့မှာ ရေအနက် ၄ ပေလောက် ဝင်ရောက်တာကြောင့် စာသင်ကျောင်း ၄ ကျောင်း ယာယီပိတ်ထားရပါတယ်။ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် ငါးရာပြား ကျေးရွာပါ ရွာ ၂၉ ရွာတို့မှာ ရေအနက် ၃ ပေလောက် ဝင်ရောက်နေပြီး အိမ်ထောင်စု ၁၁၁၈ စု၊ လူဦးရေ ၄၃၆၅ ဦး (ကျား ၂၀၈၁၊ မ ၂၂၈၄) တို့ဟာ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရေလွတ်ရာနေရာအသီးသီး ရွှေ့ပြောင်းနေထိုင်နေကြရပြီး စာသင်ကျောင်း ၁၁ ကျောင်း ယာယီပိတ်ထားရပါတယ်။ ငါန်းဇွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဇင်း ကျေးရွာပါ ရွာ ၉ ရွာတို့မှာ ရေအနက် ၄ ပေခန့် ဝင်ရောက်ခဲ့လို့ စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ် ထားရပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး အနောက်ဆယ်လံ ကျေးရွာမှာ စာသင်ကျောင်းအတွင်း ရေအနက် ၃ ပေခန့် ဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်းအား ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၇ နာရီခွဲတိုင်းတာချက်အရ  ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၄၈၀ ကနေ ၁၄၉၆ စင်တီမီတာ၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ ကနေ ၁၂၈၅ စင်တီမီတာ၊ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၇၃ စင်တီမီတာ၊ မြင်းမူမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၅၃ စင်တီမီတာ၊ ဒုဋ္ဌ၀တီဖြစ်ရေကတော့  မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ် ၈၇၀ ကနေ ၈၉၄ စင်တီမီတာအထိ စိုးရိမ်ရေမှတ်အထက် အသီးသီး ကျော်လွန်နေတယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းရေကြီးရေလျှံတာတွေကြောင့် ဇူလိုင်လထဲမှာ လူပေါင်း ၅ သောင်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး  အိမ်ထောင်စုပေါင်း ၁ သောင်းလောက်ဟာ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။
2 years Ago
Up