ဖြူးမြို့နယ်တွင်

August 5, 2017

ဖြူးမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကျောင်းဆရာတဦး သေဆုံးလျက်တွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့လေဒုန်းကျေးရွာအုပ်စု၊ သစ်ချဆိပ် ကျေးရွာရှိ အ.မ.က မူလွန်ကျောင်းအုပ်ဆရာတဦး ပျောက်ဆုံးနေရာမှ သုံးရက်အကြာ သြဂုတ် ၄ ရက် မနက် ၁၂ နာရီလောက်က ကညွတ်ကွင်းမြို့ နတ်လောင်းရွာအနီး ကွင်းချောင်းထဲမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ရဲက ပြောပါတယ်။ သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကညွတ်ကွင်းနယ်မြေရဲစခန်းမှ လူသတ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ပြီး သံသယရှိတဲ့ လူတွေကိုလည်း ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဖြူးမြို့နယ် ရဲတပ်မှူးရုံးမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ "အခုအချိန်အထိ စစ်ဆေးနေပါတယ်။ အဓိကတရားခံကတော့ ဖိုးငိုတို့လင်မယားပါ။ ယောက်ျားလုပ်သူကတော့ ငြင်းနေတယ်၊ မိန်းမလုပ်သူကတော့ဖြေပါတယ်။ အဲဒီညက သူတို့အိမ်မှာ ဆရာကြီးနဲ့အရက်သောက်ကြတာလည်း မှန်တယ်၊ ပြီးတော့ ရန်ဖြစ်ကြတယ်ဆိုတာလည်း မှန်ပါတယ်။ သူ့ယောက်ျားက ကန်လိုက်လို့ ဆရာကြီးနှာခေါင်းထဲက သွေးတွေကျလာတယ်၊ ပြီးတော့ ဆရာကြီးက အိမ်နောက်ဘက် ဆင်ပြေးတယ်၊ ဖိုးငိုက အိမ်ရှေ့ကပတ်ပြီး လိုက်တယ်၊ ဒါကိုသူတွေ့တယ်။ ပြီးတော့ ဆရာကြီးက ချောင်းထဲကို အရင်ကျသွားတယ်၊ နောက်က သူ့ယောက်ျားကျသွားတယ်၊ ခဏနေတော့ သူ့ ယောကျာ်းက ပြန်တက်လာတယ်၊ ဆရာကြီးကတော့ ပြန်တက်မလာတော့ဘူး၊ ပြီးတော့ သူ့ယောက်ျားက ရေစိုကြီးနဲ့တက်အိပ်နေတယ်လို့ ထွက်ဆိုပါတယ်။ အိမ်ပေါ်မှာလည်း သွေးကွက်တွေ တွေ့ပါတယ်။" ဖြစ်စဉ်မှာ ကျောင်းအုပ်ဆရာ ဦးဖိုးတာ (ခ) မြင့်သိန်းထွန်းဟာ သြဂုတ် ၂ ရက်နေ့က လေဒုံးကျေးရွာအုပ်စု မအူပင်ကျေးရွာနေ ဦးဖိုးငို၏နေအိမ်မှာ ဦးဖိုးငို၊ ဇနီး ဒေါ်အေးသိန်း၊ သမက် ရွှေတိုးတို့နဲ့အတူ အရက်အတူသောက်ခဲ့ကြောင်း၊ ည ၁၁ နာရီအချိန် လောက်မှာ ဦးဖိုးငိုရဲ့ နေအိမ်မှာ ရန်ဖြစ်သံတွေကြားခဲ့ရတယ်လို့ ပတ်ဝန်းကျင်နေအိမ်တွေကို မေးမြန်းချက်အရ သိရပါတယ်။ ဒီနောက်မှာတော့ ကျောင်းအုပ်ဆရာ ပျောက်ဆုံးနေလို့ သြဂုတ် ၃ ရက်နေ့မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာရီက ကညွတ်ကွင်းနယ်မြေရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့လို့ လူပျောက်အမှတ်စဉ် ၃/၂၀၁၇ နဲ့ ကနဦး အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ဆိုပါတယ်။ သြဂုတ် ၄ ရက်နေ့မှာတော့ ကျောင်းအုပ်ဆရာကြိးအား ကွင်းချောင်းထဲ သေဆုံးလျှက်တွေ့ရှိခဲ့ပြီး အလောင်းကို ကညွတ်ကွင်းပြည်သူဆေးရုံ ပို့ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အလောင်းအား စစ်ဆေးခဲ့တဲ့ ကညွတ်ကွင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက “အလောင်းကလည်း အလွန်ပဲ ပုပ်ပွနေတယ်။ ဘာကြောင့် သေဆုံးရလဲဆိုတာကတော့ ဒဏ်ရာဒဏ်ချက်က သေစေလောက်တဲ့ ဒဏ်ရာဒဏ်ချက်လည်း မရှိတဲ့အတွက် လောလောဆယ်တော့ ဘာကြောင့် သေဆုံးရခြင်းဖြစ်တယ်ဆိုတာကတော့ အတိအကျ ပြောလို့ မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပြီး ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ နဲ့ အမှုဖွင့်လှစ်ကာ ဦးဖိုးငိုနဲ့ ဇနီးတို့ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
4 years Ago

May 12, 2017

ဖြူးမြို့နယ်တွင် ရဲစခန်းမှူးက တောင်သူသားအဖကို ကိုယ်ထိလက်ရောက်ပြုကျင့်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ တောင်သူတဦးနဲ့ စကားမပြောတတ်တဲ့ သားတဦးတို့ကို နယ်မြေရဲတပ်ဖွဲ့စခန်းမှူးက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တယ်လို့ ထိုးကြိတ်ခံရတဲ့ကာယကံရှင်သားအဖနဲ့ မျက်မြင်ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ မေလ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်က ညောင်ပင်သာမြို့ ကျီးမနိုးကွင်းအမှတ် ၂ မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူငယ့်အားမာန်ဆိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လီမိတက်တာဝန်ရှိသူတွေက သူတို့ဖော်ဆောင်နေတဲ့ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ထားတဲ့နေရာမှာ ဦးစီအိုဂျီးက ကျူးကျော်နေတာကို တားဆီးပေးဖို့ တိုင်တန်းမှုကြောင့် စခန်းမှူးလိုက်ကြည့်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။ လူငယ့်အားမာန်အသင်းသား ၆ ဦးနဲ့ အတူ လာရောက်ကြည့်ရှုတဲ့ စခန်းမှူးရဲအုပ်စိုးလွင်က ဦးစီအိုဂျီးကို အတူလိုက်ပါဖို့ ကားပေါ်တက်ခိုင်းစဉ်မှာ စကားများပြီး ထိုးကြိတ်မှုဖြစ်ခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ ကိုဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကားရပ်ပြီးတော့ စခန်းမှူးဆိုသူကဆင်းလာတယ်။ ပြီးတော့ စီကြီးကို ကားပေါ်တက်ခိုင်းတယ်။ အဲဒီမှာနေမကောင်းလို့ပါပေါ့၊ ဆေးသောက်ပြီး ထလာရတာပေါ့ပြော တယ်။ သူ့သားလေးကလည်း စကားမပြောတတ်တော့ လက်ဟန်ခြေဟန်နဲ့ ခေါင်းကိုက်နေတယ် ပေါ့။ ပြောတော့ ကလေးကိုခြေထောက်နဲ့ ကန်တယ်။ လက်သီးနဲ့ထိုးတယ်၊ အဲဒီမှာ ထွက်ပြေးတဲ့ အခါကျတော့ ခဲနဲ့ထုတယ်။ အဲဒီ ကုလားလေးလွတ်သွားတဲ့ အခါကျတော့ သူ့အဖေက အနားကပ်လာတော့ သူ့အဖေကို လက်သီးနဲ့ထိုးတာပေါ့။ အဲဒါ ကျနော်မြင်တာ။" ထိုးကြိတ်မှုကြောင့် ဦးစီအိုဂျီးရဲ့ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ သွားနာကျင်ဒဏ်ရာနဲ့ သားဖြစ်သူ ရွှေအ မှာလည်း လက်မှာ ဒဏ်ရာရရှိသွားပါတယ်။ ကာယကံရှင် ဦးစီအိုဂျီးက “ကျနော့်သား စကားမပြောတတ်တဲ့ ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ခဲနဲ့ထုတယ်။ ကျနော့်ကို လက်သီးနဲ့ထိုးတယ်။ ကျနော့်နှုတ်ခမ်းပေါက်သွားတယ်။ သွားနှစ်ချောင်း နဲ့သွားတယ်။ ဒီကိစ္စကို ပဲခူးတိုင်းဝန်ကြီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝင်ကြီးဌာနတွေကို တိုင်စာပို့မယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့လည်း လုပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒီဗွီဘီက ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စိုးလွင်ကို မေးမြန်းရာ သူ့အနေနဲ့ လူငယ့်အားမာန်တာဝန်ရှိသူတွေက  လာရောက်တိုင်ကြားတဲ့ကိစ္စကို နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိစေဖို့ အမှုဖွင့်တိုင်ကြားမှုတွေ မဖြစ်စေဖို့အတွက် ညှိနှိုင်းပေးဖို့သာ သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ခြေထောက်နဲ့ ကန်တာတွေ၊ ထိုးကြိတ်တာတွေ မပြုလုပ်ခဲ့ဘဲ လူငယ်တစ်ဦးကိုသာ လက်ဖြင့်တွန်းခဲ့တယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဒီကိစ္စကို မိသားစုဝင်တွေက ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းမှာ သွားရောက် အမှုဖွင့်လှစ်ခဲ့ရာမှာ ရဲက ဒီကိစ္စဟာ သာမန်နာကျင်စေမှုသာဖြစ်တဲ့အတွက် တရားရုံးကိုသာ ဦးတိုက်လျှောက်ဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ကာယကံရှင်ဘက်ကတော့ ဒီကနေ့ တရားရုံးကို ဦးတည်လျှောက်ဖို့ပြင်ဆင်နေသလို နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ကျော်အောင်(ကညွတ်ကွင်း)
4 years Ago
Up