ဖြူးတွင်

January 6, 2018

ဖြူးတွင် စက်မှုလယ်ယာဖော်ဆောင်ရာတွင် ဆည်ရေသောက်စနစ်ကြောင့် အခက်ကြုံ

လက်မှုလယ်ယာမှ စက်မှုလယ်ယာ ကူပြောင်းရာမှာ တောင်သူတွေအတွက် အဆင်ပြေပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းမှာ ဆည်ရေသောက်စနစ် နည်းပါနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဖြူးမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ကူးပြောင်းရာမှာ ဖြူးမြို့နယ်မှာ ဆည်ရေသောက်စနစ်နည်းပါးတဲ့အတွက် စနစ်ကျတဲ့ စက်မူလယ်ယာဖော်ဆောင်ဖို့ အခက်အခဲရှိနေတာလို့ ဆိုပါတယ်။ "စက်မှုလယ်ယာက်စနစ်ဖောတာက ၂၀၁၁/၁၂ ခုနှစ်က စဖော်တာပါ။ ဒီနယ်မှာကလည်း စက်မှုလယ်ယာဖော်ဆောင်မယ်ဆိုရင် သုံးသီး ဒါမှမဟုတ် နှစ်သီး စိုက်လို့ရမှလေ။ လိုအပ်တာကတော့ အဓိကရေပေါ့။ ဆည်ရေသောက်စနစ် ခေါ်တာပေါ့။ အဓိက ဒီမှာက ဆည် ရေသောက်စနစ် နည်းပါတာကြောင့် ခက်ခဲတယ်။ နည်းဆို မရှိသလောက်ပဲ။ အဲတာကြောင့် ဖြူးမြို့နယ်အတွက်ကြတော့ စက်မှုလယ်စနစ်ဖော်ဆောင်ရာမှာ ခက်ခဲတာပေါ့" လို့ ဖြူးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ အခုနှစ် စပါးစိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တွေမှာ လုပ်သားရှားပါမှုနဲ့ လုပ်သားငှားရမ်း အသုံးပြုခတွေ ဈေးမြင့်တက်လာတာကြောင့် စက်ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ကိုင်ရာမှာ ငွေကြေးနဲ့ အချိန်ကုန်မှုတွေမှာ သက်သာခဲ့တယ်လို့ တောင်သူတဦးက ပြောပါတယ်။ "လူငှားပြီး ရိတ်မယ်ဆို တစ်ယောက်ကို ၄၀၀၀ လောက်ပေးရတယ်။ ရိတ်ရုံသက်သက်ပဲရတယ်။ ကောက်ဆုပ်ထည့်တာက အနည်းဆုံး လူသုံးယောက်ထပ်သုံးရတယ်။ စပါးအဆံဖြစ်ဖို့က ထပ်ကုန်သေး။ အဲတော့ လူရှာငှားရတဲ့ ဒုက္ခနဲ့ အချိန်နောက်ကျတာနဲ့ဆို တော်တော်ဒုက္ခများတယ်။ အဲတော့ ရိတ်သိမ်းစက်ကို သုံးတယ်။ တစ်ဧကကို လေးသောင်းခွဲငါးသောင်းလောက်နဲ့ စပါးက အိပ်ထဲထည့်ပြီးတဲ့အဆင့်ရောက်တယ်။ အချိန်ကုန်လည်း အရမ်းသက်သာတယ်" လို့ ဖြူးမြို့နယ်အတွင်းမှ တောင်သူ ဒေါ်သန်းဌေးက ပြောပါတယ်။ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးဧက ၁၅၀၀၀၀ ကျော်ရှိပြီး စက်မှုလယ်ယာစနစ်ကို အသုံးပြုစိုက်ပျိုးတဲ့ ဧကမှာ ၄၆၂ သာ ရှိကြောင်းနဲ့ နွေစပါးစိုက်ပျိုးဖို့ ရေမရရှိတာကြောင့် အခက်အခဲဖြစ်နေတဲ့ တောင်သူအများအပြားရှိနေပြီး ဖြူးမြို့နယ်အတွင်း ဆည်ရေသောက်စနစ် မရှိတာကြောင့် ချောင်းပိတ်/မြောင်းပိတ်စနစ်ကို သုံးပြီး နွေစပါးဆိုက်ပျိုးနေရတယ်လို့ ဖြူးမြို့နယ်စိုက်ပျိုးရေးဌာနမှ သိရပါတယ်။ သတင်း ကျော်အောင်( ကညွတ်ကွင်း)
3 years Ago

August 20, 2017

ဖြူးတွင် ချောင်းကမ်းပါပြိုကျမှုကြောင့် ကျေးရွာနေပြည်သူများ အခက်တွေ့

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် လှေဒုံးအုပ်စုရှိ မအူပင်းကျေးရွာမှာ ချောင်းကမ်းပါး ပြိုကျနေလို့ ကျေးရွာနေပြည်သူတွေ အခက်ခဲကြုံနေရပါတယ်။ မအူပင်ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးမြင့်အောင်က "ချောင်းက ကွင်းချောင်ပါ၊ ချောင်းကမ်းပါပြိုလာတာ ဒီနှစ်ပါဆို ၂  နှစ်ရှိပြီပေါ့။ အခုအိမ်တွေနဲ့လည်း ကပ်နေပြီ၊ လူသွားလမ်းကလည်း နှစ်ပေလောက်ပဲရှိတော့တယ်။ အဲတော့ ကျောင်းသားလေးတွေ/ရဟန်းသံဃာတွေ သွားတဲ့အခါ အခက်အခဲရှိသလို အန္တရာယ်လည်း သိပ်များနေပါပြီ။ အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုအထိ ဘာမှဖြစ်မလာသေးဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီချောင်းဟာ ရွာဘေးကပ်စီးဆင်းနေတာဖြစ်ပြီး ၂ နှစ်အတွင်း ရွာဘက်ကို  ပေ ၂၀ လောက် ပြိုကျလာပြီး လူနေအိမ်တွေနဲ့ ချောင်းကမ်းပါးဟာ ၇ ပေလောက်သာ ကွာဝေးတော့တဲ့အတွက် ကျေးရွာနေသူတွေ စိုးရိမ်နေကြတာပါ။ ဒါနဲ့ပတ်သက်လို့ လှဒုံးအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ “ကျနော်အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာက ရပ်မိရပ်ဖတွေနဲ့ အဖွဲ့အစည်းတွေကို ပြောထားတယ်လေ။ ကျနော့်ဘက်က အတားရိုက်ပေးမယ်၊ ပြည်သူတွေဘက်က ကမ်းပါပြိုနေတာကို လက်မှတ်ထိုးပြီး တင်ပြပေးပါလို့ ပြောထားပါတယ်" လို့ ပြောပါတယ်။ ကမ်းပါမပြိုရေးအတွက် ကျေးရွာနေပြည်သူတွေကသာ ကမ်းပါထိန်းတွေ ပြုလုပ်နေရတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ဦးဆောင်ပြီး လုပ်ပေးစေချင်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။ အဆိုပါကျေးရွာမှာ အိမ်ထောင်စု ၅၀ လောက်၊ လူဦးရေ စုစုပေါင်း ၃၀၀ လောက် နေထိုင်တယ်လို့ သိရပါတယ်။ သတင်း ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up