ဖြတ်သန်းတိုက်ခတ်

September 16, 2017

တိုင်ဖွန်းမုန်တိုင်း ဗီယက်နမ်ကို ဖြတ်သန်းတိုက်ခတ်

အင်အားကြီး တိုင်ဖွန်းမုန်တိုင်း ဒေါ့စုရီဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို စက်တင်ဘာ ၁၅ ရက်နေ့က ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းတိုက်ခတ်လို့ လူ ၁ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရပါတယ်။ မိုးကြီးပြီး လေပြင်းကျခဲ့လို့ အိမ်ခေါင်မိုးတွေ လွင့်ပျံကုန်ပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ဟိုတယ် တလုံးထဲမှာ လူအယောက် ၁၀၀ လောက် ပိတ်မိနေခဲ့တာပါ။ ဝန်ထမ်းတွေက တံခါးတွေတိုင်းကို သဲအိတ်တွေနဲ့ ပိတ်ကာထားပြီး လူတွေ ဘေးကင်းရေးအတွက် အခန်းပြင် မထွက်ကြဖို့ တားမြစ်ထားခဲ့ပါတယ်။ မုန်တိုင်းဟာ ခန့်မှန်းထားတာထက် ပိုပြင်းတယ်၊ ၁ နာရီ ၁၁၈ ကီလိုနှုန်းနဲ့ တိုက်ခတ်မယ်လို့ ဟောကိန်း ထုတ်ထားပေမယ့် အဲဒီထက် ပိုမယ် ထင်တယ်လို့ ဗီယက်နမ် ဧည့်သည် တယောက်က ပြောပါတယ်။ မုန်တိုင်းဟာ ဟာတင် ခရိုင်ကနေ ကုန်းတွင်းဝင်ရောက်ခဲ့လို့ ဗီယက်နမ်ရဲ့ ကမ်းရိုးတန်း ခရိုင် ၆ ခုကို ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်း အပြင်းထန်ဆုံး အချိန်မှာ ၁ နာရီ ၁၈၅ ကီလိုမီတာ နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။ အိမ်ခြေ ၆ သောင်း ၂ ထောင်ကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အများစုက သွပ်မိုးတွေ လေနဲ့လွင့်ပါ ကုန်တယ်လို့ ကပ်ဘေးကူညီရေးအရာရှိ ငိုဒစ်ဟွေက ပြောပါတယ်။ မုန်တိုင်းမလာခင် အာဏာပိုင်တွေက လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပါတယ်။ တချို့ ရွာတွေမှာ ရေကြီးလို့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ အစီရင်ခံ ထားပါတယ်။ မုန်တိုင်းဟာ အင်္ဂါနေ့က အားနည်းတဲ့ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဖိလစ်ပိုင် နိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့တာပါ။ ဒါကြောင့် လူအနည်းဆုံး ၄ ဦး သေပြီး ၆ ဦး ပျောက်ဆုံးနေပါတယ်။
4 years Ago
Up