ဖြည့်စွက်ဘတ်ဂျက်

September 2, 2017

ဖြည့်စွက်ဘတ်ဂျက် ကျပ်သန်းပေါင်း ၁၀၇၃၅ တောင်းခံမှု ကရင်ပြည်နယ်လွှတ်တော် အတည်ပြု

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက ကျပ်သန်းပေါင်း ၁၀၇၃၅ ကျော် တောင်းခံတဲ့အပေါ် ဒီကနေ့ ကရင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။ သြဂုတ် ၃၁ ရက်က ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဆိုင်ရာ လျာထားချက်စာရင်းတွေနဲ့ သက်ဆိုင်တဲ့ အဆိုတရပ်ကို အဆိုတင်သွင်းခဲ့တာပါ။ အဲဒီအဆိုနဲ့ပတ်သက်လို့ မွန်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတာဟာ ၀န်ထမ်းလစာချီးမြှင့်ငွေ၊ ပင်စင်လစာငွေ၊ လုပ်သက်စုငွေ ၊လူမှုဖူလုံရေးကြေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို အကောင်အထည်ဖော်ရာမှာ သုံးစွဲမှာဖြစ်တာကြောင့် အဆိုကို ထောက်ခံတာဖြစ်တယ်လို့ မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကပြောပါတယ်။ “ဖြည့်စွက်ခွင့်ပြုငွေအနေနဲ့ ကျပ်သန်းပေါင်း ၁၀၇၃၅ ဒသမ ၂၄၂ သန်း ကို ထပ်မံတောင်းခံတာဖြစ်ပြီး အဲဒီငွေတွေကိုတော့ အသုံးစရိတ်လိုအပ်နေတဲ့ ဌာန ၁၆ ခုမှာ သုံးစွဲသွားမှာပါ။” လက်ရှိအချိန်အထိ သုံးစွဲထားတဲ့ ငွေပမာဏနဲ့ အခုဘဏ္ဍာနှစ်အတွင်း ကျန်ရှိနေတဲ့ လတွေအတွက် သုံးစွဲသွားမယ့် ငွေပမာဏဟာ ခွင့်ပြုထားတဲ့ ငွေပမာဏထက် ကျော်လွန်သုံးစွဲထားတဲ့အတွက် ခွင့်ပြုငွေတောင်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up