ဖြစ်ရပ်မှန်ရုပ်ရှင်

April 9, 2019

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင် - Peterloo (နမူနာ)

ဖြစ်ရပ်မှန် သမိုင်းနောက်ခံဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Peterloo ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကတည်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Mike Leigh က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က ဗြိတိန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၈၁၉ ခုနှစ်က မန်ချက်စတာမြို့နဲ့ အနီးနားဒေသမှာ လူ ၆ သောင်းလောက်က ဆန္ဒပြခဲ့ကြလို့ အစိုးရက ဖြိုခွင်းခဲ့ရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ စိန့်ပီတာကွင်းပြင်မှာ မဲပေးခွင့်ရရှိဖို့နဲ့ ပါလီမန်စနစ် ပြုပြင်ပြောင်းလဲမှုအတွက် ဆန္ဒပြခဲ့ကြတာပါ။ ဒီဖြစ်စဉ်မှာ ဆန္ဒပြခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှု၊ လူ ၁၅ ဦးကို သတ်ဖြတ်ခဲ့မှု၊ လူ ၇၀၀ လောက်ကို ထိခိုက်ဒဏ်ရာ ရစေမှုတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ ဘယ်လို ပုံဖော်ဖန်တီးထားမလဲ ဆိုတာတွေကို ပရိသတ်တွေ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Rory Kinnear၊ Maxine Peake၊ Pearce Quigley စတဲ့ သရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေ ပါဝင်ထားခဲ့ကြတာပါ။ ဒီကားဟာ IMDb မှာတော့ Rating 6.5 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice International Film Festival မှာ မနှစ်က ကနဦးပြသခဲ့တာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
3 years Ago

March 26, 2019

မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင် - Hotel Mumbai (နမူနာ)

သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ကားတကားဖြစ်တဲ့ Hotel Mumbai ရုပ်ရှင်ကို လာမယ့် မတ်လ ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ သြစတြေးလျ ရုပ်ရှင်ဒါရိုက်တာ Anthony Maras က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတခုကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့က Taj Mahal ဇိမ်ခံဟိုတယ်ကို ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွတွေက ၃ ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဧည့်သည်နဲ့ ဟိုတယ်ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁၇၀ ကျော် အသတ်ခံခဲ့ရပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Dev Patel၊ Armie Hammer၊ Jason Isaacs၊ Nazanin Boniadi တို့နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေခဲ့တာ ဖြစ်ပြီး IMDb မှာတော့ Rating 7.2 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတွေထဲမှာ ဟိုတယ်တွင်း ပိတ်မိနေခဲ့သူတွေရဲ့ အမြင်တွေ၊ အကြမ်းဖက် သေနတ်သမားတွေရဲ့ အမြင်တွေကိုပါ ပုံဖော်ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ လာမယ့် ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
3 years Ago
Up