ပြုပြင်ပြောင်းလဲသင့်သော

September 23, 2017

ပြုပြင်ပြောင်းလဲသင့်သော မြန်မာ့အခွန်ယဉ်ကျေးမှု

အခွန်ဆိုသည်မှာ နိုင်ငံတနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမှုကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်သော အခန်းကဏ္ဍတရပ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအတွက် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ် ဖြစ်ပေါ်စေရန်၊ ငွေကြေးလည်ပတ်မှု မှန်ကန်စေရန်နှင့် ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရန် အခွန်ငွေများကို ရည်ရွယ်ကောက်ခံခြင်း ဖြစ်သည်။ အခွန်ရရှိမှုမှတဆင့် ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို ထိန်းညှိနိုင်ရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုအတွက် အထောက်အပံ့ ဖြစ်စေရန်၊ ဓနအင်အား မျှတစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် စသော ရည်ရွယ်ချက်များဖြင့် ကောက်ခံခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ ဖော်ဆောင်နေသော အချိန်တွင် အခွန်ငွေ အပြည့်အဝရရှိရေး၊ အခွန်ထမ်းများ အခွန်ငွေ အပြည့်အဝ ပေးဆောင်ရေး၊ အခွန်ရှောင်၊ အခွန်လျှော့ဆောင်ခြင်းများ မရှိစေရေး စသည်တို့ကို အလေးပေး လုပ်ဆောင်ခြင်းဖြင့် အခွန်ငွေ အပြည့်အဝရရှိရေး ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ အခွန်ရရှိမှု ယမန်နှစ် လျာထားချက်ထက် ပိုမိုရရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နှစ် ဘဏ္ဍာနှစ် အခွန်လျာထားချက်တွင် ပထမ ခြောက်လပတ်၌ ကျပ် ၁၉၄၅ ဒသမ ၀၈၅ ဘီလျံသာ အခွန်ရရှိထားသော်လည်း ဒုတိယ ခြောက်လပတ်တွင် ကျပ် ၄၅၀၀ ဘီလီယံကျော် ရရှိကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လျာထားချက် ဖြစ်သည့် ကျပ် ၅၁၄၃ ဘီလျံကျော်ထက် ကျပ် ၁၃၇၅ ဘီလျံကျော် ပိုမိုရရှိကာ ကျပ် ၆၅၁၈ ဘီလျံကျော်အထိ ရရှိခဲ့ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းခွန် စတင်ကောက်ခံခဲ့သော်လည်း ပထမ ခြောက်လပတ်တွင် အခွန်ရရှိမှု လျော့ကျခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၇ ဒသမ ၀၁၆ ဘီလီယံ၊ အထူးကုန်သွယ်ခွန် ကျပ် ၃၅၇ ဒသမ ၉၁၃ ဘီလီယံ၊ ဝင်ငွေခွန် ကျပ် ၈၂၂ ဒသမ ၄၁၅ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၅ ဒသမ ၂၁၈ ဘီလီယံနှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန် (ပထမ ငါးလအတွက်) ကျပ် ၁၈၅ ဒသမ ၁၉ စုစုပေါင်း ၁၉၄၅ ဒသမ ၀၈၅ ဘီလီယံ ကောက်ခံရရှိခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ပြည်ထောင်စု၏ အရအသုံး အခြေအနေမှာ ရငွေ ကျပ် ၆၂၆၂ ဒသမ ၁၂၆ ဘီလီယံ ဖြစ်ပြီး သုံးငွေမှာ ကျပ် ၆၉၁၃ ဒသမ ၈၈၅ ဘီလီယံဖြစ်၍ ကျပ် ၆၅၁ ဒသမ ၇၅၉ ဘီလီယံ လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ စီးပွားရေးမူဝါဒအတွင်း ထည့်သွင်းစီစဉ်ထားသည့် အခွန်ဆိုင်ရာ အခန်းကဏ္ဍ ယခု အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ပြီး အချက်ပေါင်း ၁၂ ချက်ဖြင့် အခြေခံပြီး ယင်းမူဝါဒများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ရာ အဆိုပါ မူဝါဒ ၁၂ ချက်အနက် နံပါတ် ၁၀ တွင် နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ်ထူထောင်ရန်နှင့်  ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန် စသည်ဖြင့် ပါဝင်သည်။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့်အခါတွင် စနစ် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၁၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ ‘‘အခွန်ဆောင်လိုသူထက် ရှောင်လိုသူက များနေတဲ့ ကိစ္စများမှာ အစိုးရ၊ လွှတ်တော်၊ ပြည်သူထဲက လုပ်ငန်းရှင်များ၊ စားသုံးသူများ အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြခြင်းအားဖြင့် နိုင်ငံတော်အတွက် အခွန်ရငွေ တိုးတက်ရရှိရေး၊ အခွန်ယဉ်ကျေးမှု တိုးတက်ထွန်းကားတဲ့ နိုင်ငံဖြစ်ရေးတို့ကို ဆောင်ရွက်သင့်ပါတယ်’’ဟု ၎င်းက ဆိုသည်။ ပြုပြင်ပြောင်းလဲသင့်သော အခွန်ယဉ်ကျေးမှု တိကျပြီး ပွင့်လင်းသည့် အခွန်စနစ်ကို တည်ဆောက်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ အခွန်ထမ်းသူ၊ အခွန်ပေးဆောင်သူတို့အကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုမှာ အဓိကကျလှပေသည်။ တဦးနှင့် တဦး ယုံကြည်စွာဖြင့် အခွန်များကို ပေးဆောင်ခြင်းနှင့် ကောက်ခံခြင်းတို့ ပြုလုပ်နိုင်ရန်မှာ ပွင့်လင်းမြင်သာမှုသည် အခရာကျသည့် အခြေခံအချက်ပင် ဖြစ်သည်။ ပေးဆောင်လိုက်သည့် အခွန်များကို မည်ကဲ့သို့ အသုံးပြုနေသည်။ မည်သည့်နေရာများမှ အခွန်များကို မည်မျှအထိ ရရှိ ကောက်ခံနိုင်ခဲ့သည် စသည်ဖြင့် ပြည်သူများနှင့် အခွန်ထမ်းများကို တိတိကျကျ စာရင်းထုတ်ပြန်ခြင်း၊ သတင်းထုတ်ပြန်ခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။  ထိုကဲ့သို့သော သတင်းထုတ်ပြန်ချက်မျိုးကိုလည်း တွေ့ရှိလာနေရပြီ ဖြစ်သည်။ လက်ရှိတွင် အခွန်ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အခွန်နှုန်းထားများ ပြုပြင် ပြောင်းလဲခြင်းများ လုပ်ဆောင်ထားပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင်လည်း စီးကရက်၊ အရက်နှင့် ဝိုင်တို့၏ ပြောင်းလဲလာသော တန်ဖိုးများပေါ် အခြေခံကာ အခွန်နှုန်းပြင်ဆင်ခြင်း၊ ကျွန်း၊ သစ်မာ၊ သစ်ခွဲသားများအပေါ် အခွန်နှုန်း လျှော့ချခြင်း၊ ကျောက်မျက်ရတနာများအပေါ်တွင် အခွန်နှုန်းလျှော့ချခြင်း၊ မော်တော်ယာဉ် တင်သွင်းမှုအတွက် အင်ဂျင်ပါဝါအလိုက် အလွှာများခွဲကာ အခွန်နှုန်း ပြောင်းလဲခြင်း၊ ဇိမ်ခံပစ္စည်းများအပေါ် အခွန်ကောက်ခံရန် ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားသည်။ ထို့ပြင် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစကာ ပြောင်းလဲကျင့်သုံးမည် ဖြစ်သောကြောင့် ကုန်ပစ္စည်း အမျိုးအစား အများစုကို အကောက်ခွန်နှုန်းများ တိုးမြှင့်ကောက်ခံခြင်းများလည်း ပြုလုပ်ထားသည်ကို သိရှိရသည်။ အခွန်နှုန်းထားများ မည်သို့ပင် တိုးမြှင့်စေကာမူ လက်ရှိပြဿနာမှာ အခွန်ရှောင်ခြင်းအပြင် အခွန်လျှော့ဆောင်ခြင်း၊ အခွန်များကို အပြည့်အဝ တင်ပြမှုမရှိခြင်း၊ အခွန်ထမ်းအရေအတွက် နည်းပါးနေခြင်း၊ အခွန်နယ်ပယ်များ မကျယ်ပြန့်ခြင်းနှင့် တရားမဝင် ကုန်သွယ်မှုများကြောင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများမှာ ဆုံးရှုံးနေဆဲ ဖြစ်သည်။ တရားမဝင် ဝင်ရောက်နေသော မှောင်ခိုပစ္စည်းများကြောင့် တရားဝင် အခွန်ထမ်းသူများမှာ ဈေးကွက်တွင်း ယှဉ်ပြိုင်နိုင်မှု လျော့ကျခြင်း၊ လုပ်ငန်းများ တိုးတက်မှု နှေးကွေးခြင်းများ ကြုံတွေ့ရသည်။ အခွန်ရှောင်သူ၊ အခွန်အပြည့်အဝ မဆောင်သူများနှင့် ပတ်သက်ပြီး အခွန်ရှောင်သူ၊ ပေါင်းစားပြီး ချမ်းသာနေသူများနှင့် မည်သည့်လုပ်ငန်းမှ မပြနိုင်ဘဲ ချမ်းသာနေသူများအပေါ်တွင် အခွန်ဆိုင်ရာ ကြီးကြပ်ခြစားမှုဆိုင်ရာအဖွဲ့များနှင့် စောင့်ကြည့် လေ့လာပြီး ဝင်ငွေရလမ်း မပြနိုင်ပါက အခွန်ဆောင်စေခြင်းဖြင့် ပြည်သူများ၏ အခွန်ဆောင်လိုစိတ်ကို လက်တွေ့အလုပ်ဖြင့် ပြသသင့်ကြောင်းကိုလည်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ဇူလိုင် ၁၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သို့ဖြစ်ရာ အဆိုပါ ကိစ္စရပ်များမှာ ဆွေးနွေးရုံသာမကပဲ လက်တွေ့ အကောင်အထည်ဖော်ပြီး စနစ်တကျ စီမံဆောင်ရွက်ရန် အရေးကြီးလှပါသည်။ အခွန်ရှောင်သူများ၊ အခွန်အပြည့်အဝ မပေးသူများကိုလည်း ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ၊ ပြတ်ပြတ်သားသား ဖော်ထုတ် အရေးယူသင့်သည်။ အခွန်ဆောင်သူများအား ဂုဏ်ပြုပြီး အတုယူစရာ စံနမူနာအဖြစ် ဖော်ပြသကဲ့သို့ အခွန်ရှောင်သူများ၊ ပေးသင့်ပေးထိုက်သည့် အခွန်အပြည့်အဝ မပေးသူများကိုလည်း စံနမူနာအဖြစ် အရေးယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ အခွန်ယဉ်ကျေးမှု ထူထောင်ရာတွင် အခွန်ကောက်ခံသူများဘက်မှလည်း ရှေးယခင် အဆက်ဆက်ကပင် အမြစ်တွယ်နေခဲ့သော အဂတိလိုက်စားမှုကို ကင်းရှင်းအောင် လုပ်ဆောင်ပြီး ၂၀၁၇ ပြည်ထောင်စု အကောက်ခွန်ဥပဒေ ပုဒ်မ ၃၇၊ ပုဒ်မခွဲ (ဂ) တွင် အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန် ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများအား ဆုကြေးငွေ ချီးမြှင့်ရန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု၊ သုံးစွဲနိုင်သည်ဟု သတ်မှတ်ထားချက်အတိုင်း တာဝန်ကျေပွန်သော ဝန်ထမ်းများအား ဆုငွေ ချီးမြှင့်ခြင်းအပြင် ဆုပေး၊ ဒဏ်ပေးစနစ်ကိုပါ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းရှင်းသော အခွန်ယဉ်ကျေးမှုတရပ်ကို ထုတ်ဖော်ရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိလိုက်စားမှု ညွှန်းကိန်း ထုတ်ပြန်သည့် Transparency International ၏ ၂၀၁၅-၁၆ ခုနှစ် သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင် ၁၄၇ အဆင့်တွင် ရပ်တည်နေပြီး အာရှအဆင့်မှာသာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာ ရှိကြောင်း သိရသည်။ အခွန်နယ်ပယ်တွင်း အဂတိလိုက်စားမှုများ အဓိကဖြစ်ပေါ်နေခြင်း၏ အကြောင်းရင်းကို တွက်ဆပါက အခွန်နှင့် အခွန်ဆိုင်ရာ အသိပညာ နည်းပါးခြင်း၊ အခွန်၏ အကျိုးရလဒ်ကို သေချာစွာ မသိရှိခြင်း၊ အခွန်ပေးဆောင်ရာ၌ ပွင့်လင်းမြင်သာမှု၊ ရှင်းလင်းပြတ်သားသော လုပ်ထုံးလုပ်နည်း၊ လျင်မြန်မှန်ကန်တိကျတော အခွန် ကောက်ခံမှုစနစ် စသည်တို့ အားနည်းခြင်းကြောင့်ပင် ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တန်းတူအခွန်ရရှိရေးအတွက်လည်း စနစ်တကျ လုပ်ဆောင်သင့်ပေသည်။ ထို့ပြင် အခွန်ထမ်းများ၏ လိုအပ်ချက်၊ အခွန်ထမ်းများ သိရှိလိုသော အခွန်ဆိုင်ရာ ကိစ္စအဝဝ၊ အခွန်နှုန်း တွက်ချက်ပုံ စသည်တို့ကိုလည်း အခွန်ကောက်ခံသူများဘက်မှ ရှင်းလင်းပြသရန် လိုအပ်သည်။ အခွန်ထမ်းနှင့် အခွန်ကောက်အကြား ဥပဒေနှင့်အညီ လုပ်ဆောင်သင့်ပြီး ဥပဒေနှင့် ထိန်ကျောင်းသည့်အခါ တိကျ၊ နားလည်လွယ်မည့် ရှင်းလင်းပြတ်သားသည့် အခွန်စနစ်နှင့် လုပ်ထုံးလုပ်နည်းများ၊ အရည်အချင်း ပြည့်မီသည့် အခွန်အရာရှိများ၊ နည်းပညာများသည်လည်း လိုအပ်မည် ဖြစ်သည်။  အဓိကကျသည့် မှန်ကန်တိကျပြီး ရှင်းလင်းလွယ်ကူသည့် အခွန်ဥပဒေကို အခွန်ထမ်းရော၊ အခွန် အာဏာပိုင်များကပါ သိရှိနားလည်နေဖို့ လိုသည်။ ထို့အပြင် လုပ်ငန်းများအတွက်လည်း ရေရှည်ရပ်တည်နိုင်ရန်နှင့် လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အခွန်များဖြင့် ဝန်မပိစေရန်နှင့် သင့်တင်မျှတသော အခွန်နှုန်းထားများ ဖြစ်စေရန်လည်း လိုအပ်လှပါသည်။ လုပ်ငန်းအတွက် လိုအပ်ချက်များကိုလည်း အာဏာပိုင် အဖွဲ့အစည်းများက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏ ဝင်ငွေရလမ်းဖြစ်သည့် လုပ်ငန်းများကို တိုးတက်၊ တည်မြဲ၊ ရှင်သန်အောင် စောင့်ရှောက်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပွင့်လင်းမြင်သာမှုရှိသော အခွန်စနစ်ကို တည်ဆောက်ပြီး အခွန်ထမ်းပြည်သူမှလည်း တာဝန်သိသော အခွန်ထမ်းပြည်သူအဖြစ် ဂုဏ်ယူစွာ ရပ်တည်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ နေခြည်အောင်
4 years Ago
Up