ပြုလုပ်ပေးမည်

September 24, 2017

ဝမ်းတွင်းရှိ ကျောင်း ၆ ကျောင်းအား သန့်ရှင်းသည့်သောက်သုံးရေ ရရှိရန် ပြုလုပ်ပေးမည်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပညာရေးဌာန စက်တင်ဘာ ၂၃ ရက် မွန်လွဲ ၁ နာရီက ကျောင်း ၆ ကျောင်းရှိ ကျောင်သားကျောင်းသူတွေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ ရေစင်၊ ရေကန်၊ သန့်စင်ခန်း၊ လက်ဆေးစနစ်တွေ တည်ဆောက်ပေးမယ် လို့ မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး လက်ထောက်ညွှန်မှူး ဒေါ်ရီရီဦးက “လွန်ခဲ့တဲ့တပတ်လောက်က  ကျေးလက်ဒေသ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ပတ်ဝန်ကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ မဟာဗျုဟာနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ သက်ဆိုင်ရာဌာနတွေနဲ့ တိုင်းအစိုးရကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ယူနီဆက် အဖွဲ့တွေ မန္တလေး Wilson ဟိုတယ်မှာ ညှိနှိုင်းဆွေး နွေးကြတယ်၊ အဲဒီဆွေးနွေးမှုအရ စာသင်ကျောင်းတွေကို စတင်လုပ်ဆောင်ပေး တာပေါ့” လို့ ပြောပါတယ်။ ဒုမြို့နယ်ပညာရေးမှူးဦးကျော်မြင့်က “ဒီနေ့ပဲ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ပညာရေး ပါဝင်တဲ့ ၆ ဦးက ကျောင်းတွေ စိစစ်ရွေးပေးတယ်၊ ဆပ်ခင်းအထက်တန်းကျောင်း၊ ရွာရှည်အထက်တန်းကျောင်းခွဲ၊ တဲစုအထက်တန်းကျောင်းခွဲ၊ ရွာဝေအလယ်တန်ကျောင်း၊ ထန်းပင်ကုန်းအလယ်တန်းကျောင်းခွဲ၊ သပြေသာမူလတန်းလွန်ကျောင်း ဆိုပြီး ကျောင်း ၆ ကျောင်း ရွေးလိုက်တယ် တိုင်းပညာရေးမှူးရုံးကို ပြန်တင်ပေးရမယ်” လို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးကဘီစီဦးအောင်ကျော်ဦးက “သန့်ရှင်းတဲ့ သောက်သုံးရေ သုံးစွဲနိုင်ဖို့ ဘယ်ကလှူလှူ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဦးဆောင်ပြီးလုပ်မှာပါ၊ လုပ်ပေးမယ့် နေရာပေါ်မူတည်ပြီး ငွေကြေးတွက်ချက်သုံးစွဲ သွားမယ် ဆိုတာ သိရတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ကျောင်းပေါင်း ၁၆၈ ကျောင်းရှိပေမယ့် ကျောင်း ၆ ကျောင်းကိုသာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိသုံးစွဲဖို့ တည်ဆောက်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသား ရှိနေတဲ့အပေါ် မူတည်ပြီး အချိုးကျတည်ဆောက် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

July 7, 2017

ထိုင်းတွင် ၁၅ ရက် အထူးအစီစဉ်ဖြင့် အလုပ်သမားကတ် ပြုလုပ်ပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ၁၅ ရက်တာ အထူးအစီအစဉ်နဲ့ အလုပ်သမားကတ်တွေ ထုတ်ပေးမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဇူလိုင် ၆ ရက်နေ့က ထိုင်းအမျိုးသားလွှတ်တော်ညီလာခံမှာ တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားပြဿနာ ဖြေရှင်းရေးကိစ္စတွေပါ ထည့်သွင်းဆွေးနွေးခဲ့ပြီး  အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ဆောင်ရွက်ပေးဖို့ အချက် ၃ ချက် သဘောတူခဲ့ကြပါတယ်။ (၁) အလုပ်သမားကတ်ရှိပေမယ့် အလုပ်ရှင်အမည် ကွဲလွဲနေတာကို ချက်ချင်းပြင်ဆင်ဆောင်ရွက်ပေးဖို့။ (၂) နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ်ရပြီးဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း အလုပ်သမားကတ်လာမလုပ်လို့ ရက်လွန်သွားသူတွေကို ပြန်ပြီး လက်ခံပြုလုပ်ပေးဖို့။ (၃) အလုပ်သမားကတ် ရှိခဲ့ဖူးပေမယ့် သက်တမ်းကုန်တဲ့သူတွေရော၊ ဘာအထောက်အထားမှ မရှိတဲ့ သူတွေအတွက်ပါ အလုပ်သမားကတ်လုပ်နိုင်မယ့် အထောက်အထားတွေ ပြန်ထုတ်ပေးရေး  ၁၅ ရက် အထူးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ် ။ အထူးရွှေ့ပြောင်း အလုပ်သမား အလုပ်အကိုင်ဆိုင်ရာဗဟိုစခန်းလို့ အဓိပ္ပာယ်ရတဲ့ အဆိုပါ ၁၅ ရက် အထူးစခန်းမှာ လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှ သြဂုတ် ၇ ရက်နေ့တွေအတွင်း ဘန်ကောက်ရှိ နယ်မြေပေါင်း ၁၀ ခုနဲ့  ခရိုင်တိုင်းမှာ ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီအထူးစခန်းမှာ လာပြီး အထောက်အထားပြန်ရလိုသူ အလုပ်သမားတွေအနေနဲ့  မိမိအလုပ်ရှင်နဲ့အတူ လာရောက်ရမှာဖြစ်ပြီး တာဝန်ရှိသူတွေက အဆိုပါ အလုပ်ရှင်နဲ့ အလုပ်သမားဟာ အမှန်တကယ် နှစ်ရှည်လများ အတူတကွ အလုပ်လုပ်ခဲ့ခြင်းရှိမရှိ စစ်ဆေးမေးမြန်းကာ မှန်ကန်တယ်ဆိုရင် လက်မှတ်တခုထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလက်မှတ်ရလာတဲ့ အလုပ်သမားတွေဟာ ဆက်လက်ပြီး စီအိုင်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး (အစိမ်းရောင်ကတ်) ကိုရော အလုပ်သမားကတ်ပါ ဆက်လုပ်သွားရမယ်လို့  ထိုင်းအလုပ်သမားညွှန်ချုပ် နိုင်းဝရားနန်း ပီတီဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒီအစီအစဉ်မှာ မြန်မာအလုပ်သမားသမားတွေကို အရင်လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေကို စီအိုင်စာအုပ်ထုတ်ပေးဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းထားပြီး မြန်မာဘက်ကလည်း လိုအပ်တဲ့ ၀န်ထမ်းတွေ ဖြည့်ဆည်းပို့ဆောင်ကာ ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးဖို့ သဘောတူချက်ရ ခဲ့ပြီလို့ ဆိုပါတယ်။ စီအိုင် အစိမ်းရောင်စာအုပ်တွေကို ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့၊ တာ့ခ်ခရိုင် မဲဆောက်မြို့၊ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင် (၂) နေရာ နဲ့ ဆမွတ်ပရကန်ခရိုင် ဆမွတ်ပရကန်မြို့ စတဲ့ စခန်း ၅ ခုမှာ သွားရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ထပ် လော နဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားတွေအတွက်လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အမ်အိုယူအလုပ်သမားတွေကတော့ ပုံမှန်လုပ်ငန်းစဉ်အတိုင်းပဲ သွားပြီး အပြောင်းအလဲမရှိ ဘူးလို့ ဆိုပါတယ်။ မနေ့က ထိုင်းအမျိုးသားလွှတ်တော်ညီလာခံတွင်း အလုပ်သမားအကြောင်း ဆွေးနွေးကြရမှာ - ဇွန် ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာထားတဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအတွက် ကောင်းမွန်သော ဥပဒေဖြစ်လို့ ထောက်ခံပေမယ့်  ပြစ်ဒဏ်မှာတော့  ဘတ်ငွေ ၄ သိန်းမှ ၈ သိန်းဆိုတဲ့ ပမာဏာများလွန်းပြီး ဒီဥပဒေပေါ် အခွင့်ကောင်းယူကာ အလုပ်သမားနဲ့အလုပ်ရှင်တွေအပေါ် ခြိမ်းခြောက်ငွေတောင်းမှုတွေ ဖြစ်လာနိုင်မှာ စိုးရိမ်မကင်းဖြစ်လို့  ဒဏ်ငွေပမာဏကို ပြန်စဉ်းစားဖို့ အကြံပြုခဲ့ကြပါတယ်။ ဒါ့အပြင် ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေကြောင့် ဇွန်လ ၂၃ ရက်နေ့ကစပြီး အိမ်နီးချင်း ၃ နိုင်ငံက အထောက်အထားမညီညွတ်တဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၆ သောင်းကျော် မိခင်နိုင်ငံ ပြန်သွားကြပြီလို့ ဆိုပါတယ်။ အဆိုပါ အလုပ်သမားတွေ ပြန်သွားတဲ့အတွက် စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေ ထိခိုက်မှုရှိပြီး ဘတ်ငွေ သန်းပေါင်း ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) လောက် ဆုံးရှုံးခဲ့ရတယ်လို့  ထိုင်းစိုက်ပျိုးရေး သုတေသနဗဟိုဌာနက ထိုင်းအမျိုးသားလွှတ်တော်ညီလာခံမှာ တင်ပြသွားပါတယ်။
4 years Ago
Up