ပြုတ်ကျသေဆုံး

June 14, 2018

ကျောက်ကြီးမြို့တွင် ကျောင်းသားတဦး ကျောင်းမျက်နှာကြက်ပေါ်က ပြုတ်ကျသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်းမှာ တတိယတန်းကျောင်းသား မောင်စွမ်းပြည့်ဦးဟာ ကျောင်းမျက်နှာကြက်ပေါ် ခိုငှက် တက်ဖမ်းရာက ပြုတ်ကျသေဆုံးခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲစခန်းက သိရပါတယ်။ ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က မောင်စွမ်းပြည့်ဦးနဲ့ အခြားကျောင်းသား နှစ်ဦးတို့ဟာ ကျောင်းဆင်းချိန်မှာ အမြင့် ၂၄ ပေရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ရဲ့ မျက်နှာကြက်ပေါ်ကို ခိုတက်ဖမ်းရာက ကျောက်ပြားကျွံကျပြီး ကျောင်းအတက်လှေကားရင်း အုတ်ခုံပေါ် ပြုတ်ကျသေဆုံးခဲ့တာပါ။ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းမှူး ဒုရဲမှူးအေးထွန်းက “ကျောင်းဆင်းသွားချိန်မှာ ကလေးတွေက ကျောင်းရဲ့အပေါ်ထပ်မျက်နှာကြက်ပေါ်ကို ခုံတွေ ခုတက်ပြီး ခိုတက်ဖမ်းပါ။ မျက်နှာကြက်က ကျွံကျတော့ ကျောင်းရဲ့လှေကားအုတ်ခုံပေါ်ကျပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်။ ကျောင်းမှာ ကျောင်းအစောင့်ရှိမယ် ဆိုရင်တော့  ကျောင်းဆင်းတာနဲ့ အခန်းတံခါးတွေပိတ်ရင် ဒါမျိုးမဖြစ်နိုင်ဘူးပေါ့။ ကျောင်းကလည်း နှစ်ထပ်ကျောင်းဆောင် ဆိုတော့ ၂၄ ပေလောက် မြင့်တယ်။ အခုတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ မျက်နှာကြက်ပေါ်က ပြုတ်ကျခဲ့တဲ့အတွက် တတိယတန်းကျောင်းသား စွမ်းပြည့်ဦးဟာ ညာဘက်ဦးခေါင်းခွံ ကြေမွဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးတယ်လို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်လှစ်ပြီး သေဆုံးသူရဲ့အလောင်းကို ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်သိရှိဖို့ ဆေးပညာအရ စစ်ဆေးနေပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

February 3, 2018

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၁ ဦး ဆောက်လုပ်ရေးငြမ်းစင် ပြုတ်ကျသေဆုံး

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့ ဘန်မတ်အုပ်စု ရက်ကွက် ၁ ထဲမှာဒီကနေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားပါတယ်။ သေဆုံးသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ ကိုဇော်ဇော်အောင်ဆိုသူ BCDC ဆောက်လုပ်ရေး ကုမ္ပဏီက အလုပ်သမားတဦးဖြစ်ပြီး ဖေဖော်ဝရီ ၂ရက် မနက် ၁၀ နာရီကျော်က ဆောက်လက်စတိုက်ရဲ့ ငြမ်းစင်ပေါ်ကနေပြုတ်ကျခဲ့တာလို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ( ယာယီဖျက်သိမ်း ) ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ချွန်းဖွန်းမှာ မြန်မာအလုပ်သမားတယောက် တိုက်ပေါ်က သံငြမ်းပေါ်ကနေ ပြုတ်ကျ တယ်လို့  သူ့အသိတယောက်က ကျနော်တို့ဆီကို လှမ်းအကြောင်းကြားလာပါတယ်ခင်ဗျ၊   သူက အမ်အိုယူ လက်မှတ်နဲ့လာတော့ အရင်ဆုံး သူ့ကိုလွှတ်လိုက်တဲ့ အလုပ်သမား အေဂျင်စီကို ဆက်သွယ်တာမရလို့တဲ့။ ကျနော်တို့လည်း  မြန်မာသံရုံးက အလုပ်သမား အရာရှိကို ဆက်ပြီးအကြောင်းကြားပေးတယ်။ သံရုံးကနေ အေဂျင်စီကို ဆက်ပေးမယ်လို့ ပြောတယ်။  သေဆုံးသူ မိဘဆွေမျိုးတွေ အကြောင်းကြားဖို့နဲ့  လုပ်ငန်းခွင်မတော်တဆ ထိခိုက်သေဆုံးမှု နစ်နာကြေးတွေ ရဖို့ပေါ့။” ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်သမားတဦးဟာ အခုလို လုပ်ငန်းခွင်မှာ မတော်တဆလုပ်ကိုင်ရင်း သေဆုံးသွားရင် နစ်နာကြေးအနေနဲ့ လူမှုရေးအာမခံဌာနကနေ ဘတ် ၄ သိန်း ရရှိမှာဖြစ်ပါတယ်။ သေဆုံးသူ ကိုဇော်ဇော်အောင်မှာ ပဲခူးတိုင်း က၀မြို့နယ် ကဓာတ်စိန်ကျေးရွာက ဦးရွှေဝင်း နဲ့ ဒေါ်မြင့်မြင့်ခင်တို့ရဲ့ သားဖြစ်ပြီး  သတင်းကြားသိတယ်ဆိုရင် အေအေစီမဟာမိတ်အဖွဲ့ ဖုန်းနံပါတ် + ၆၆ ၈၅ ၃၄၁ ၅၆၁၁ သို့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
3 years Ago
Up