ပြန်ကြားရေးဝန်ကြီးဌာနကို ပုဂ္ဂလိက မီဒီယာများ ဝိုင်းဝန်းပံ့ပိုးပေးရန် ၀န်ကြီး တိုက်တွန်း

January 13, 2018

ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာနှင့် News Portal မိတ်ဆက်

ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာနဲ့ News Portal မိတ်ဆက်ပွဲကို  နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Mega Link ကုမ္ပဏီပူးပေါင်းပြီး နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်း စာနဲ့ ပြင်ပကုမ္ပဏီတခုတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Global News Light Of Myanmar သတင်းစာသုံး စောင်ကို ဒီဂျစ်တယ်သတင်းအနေနဲ့ စတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ကမ္ဘာမှာလည်း ပုံနှိပ်မီဒီယာကျဆင်းလာသလို မြန်မာနိုင်ငံမှာလည်း ပုံနှိပ်မီဒီယာ အသုံးပြုနေသေးမယ့် အွန်လိုင်းမီဒီယာအသုံးပြုမှု များပြားလာတာကြောင့် ၀န်ကြီးဌာနအနေနဲ့လည်း အများနည်းတူလုပ်ကိုင်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ ပြည်သူကို ၀န်ဆောင်မှုပေးဖို့ လုပ်ငန်းတိုးချဲ့တဲ့သဘောဖြစ်ပြီး ပုဂ္ဂလိက မီဒီယာတွေကို ယှဉ်ပြိုင်တာမဟုတ်ဘူးလို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူးက ဆိုပါတယ်။ “ပြင်ပ ပုဂ္ဂလိကမီဒီယာတွေကို ယှဉ်ပြိုင်တဲ့ သဘောမဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့လုပ်ရမယ့် အလုပ်ကို စာဖတ်ပရိသတ်နဲ့ ပြည်သူကို ၀န်ဆောင်မှုပေးတဲ့အလုပ်ကို တာဝန်ထမ်းဆောင်တာသာ ဖြစ်ပါတယ်။ ဒါယှဉ်ပြိုင်တာ၊ ပြိုင်ဆိုင်တာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။ ကျနော်တို့က ကြေညာရဖို့ စီးပွားရေးလုပ်ငန်းကို အဓိကလုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ကိုက ပြန်ကြားပေးတာ၊ ဖျော်ဖြေပေးတာ၊ ပေါင်း ကူးတံတာအဖြစ် ဆောက်ရွက်ပေးတာဖြစ်တဲ့အတွက် ပုဂ္ဂိလိကမီဒီယာတွေနဲ့အတူ ယှဉ်ပြိုင်ပြီးတော့ ဆောင်ရွက်တာမဟုတ်ပါဘူး။ ကျနော်တို့ဘက်ကလည်း သတင်းတွေ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ကြိုးစားဆောင် ရွက်တာဖြစ်ပါတယ်။ ပြိုင်ဆိုင်တာ၊ ယှဉ်ပြိုင်တာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းလေး နားစေချင်ပါတယ်” ဦးဆောင်ညွန်ကြားရေးမှုး ဦးကျော်စိုးက ပြောပါတယ်။ Megalink ကုမ္ပဏီအနေနဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်တာကိုပဲ အကျိုးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ အများကြီးမျှော်လင့်မထားဘူးလို့ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူ ဦးမောင်ဟိန်းက ဆိုပါတယ်။ “အခုပြန်ကြားရေးဝန်ကြီးဌာနနဲ့ လုပ်တဲ့ဟာမှာ အကျိုးအမြတ်အများကြီးရဖို့ မရှိပါဘူး။ ကျနော်တို့ တတ်နိုင်သလောက် ပါဝင်ဖြည့်ဆည်းပေးတာပါ။ ကျနော်တို့က မီဒီယာမဟုတ်ပါဘူး၊ နည်းပညာပိုင်းပါ ” လို့ ဦးမောင်ဟိန်းက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ၅၅ ရာခိုင်နှုန်းနဲ့ Mega Link ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်းဆောင် ရွက်မှာဖြစ်ပါတယ်။
4 years Ago

May 17, 2016

ပြန်ကြားရေးဝန်ကြီးဌာနကို ပုဂ္ဂလိက မီဒီယာများ ဝိုင်းဝန်းပံ့ပိုးပေးရန် ၀န်ကြီး တိုက်တွန်း

ပြန်ကြားရေးဝန်ကြီးဌာနကို ပုဂ္ဂလိက မီဒီယာတွေက ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ ပြန်ကြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပုဂ္ဂလိက မီဒီယာတွေက အစိုးရပိုင် မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဝေဖန်တာတွေ ပြုလုပ်နေတာထက် ပြန်ကြားရေးဝန်ကြီးဌာနကို ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Media Policy Dialogue ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။ “အားလုံးကိုလည်း မိမိသဘောဆန္ဒတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာ နှစ်ခုတွေ့ပါတယ်။ တခုက ပြန်ကြားရေး မရှိသင့်ဘူးလို့ ဆိုပါတယ်။ နောက်တခုက ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်ကဏ္ဍ၊ ဘယ်ကိစ္စတွေမှာ ဆောင်ရွက်ပေးနိုင်လဲလို့ ဆိုပါတယ်။ အဲတော့ ဒါကို ပြန်စဉ်းစားကြည့်ရင် ဘာနဲ့တူသလဲဆိုတော့ ဒီ ပြန်ကြားရေးဆိုတဲ့ သစ်ကိုင်းကြီးကို တက်ပြီးတော့လည်း ထိုင်ချင်တယ်၊ ခုတ်လည်းခုတ်ပစ်ချင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်လို့ ကျနော်မြင်ပါတယ်။ အဲတော့ အားလုံးသည် ဒီသစ်ကိုင်းပေါ်မှာ တက်ထိုင်ပြီးတော့ မိမိတို့ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ အသီးသီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ ကျနော်တို့ မီဒီယာလောကတရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်ဆိုရင် ဒီသစ်ကိုင်းကို ပိုပိုကျယ်ဝန်းလာအောင်၊ ပိုမိုအားကောင်းခိုင်မာလာအောင် ဘယ်လိုလုပ်မလဲဆိုတာကိုသာ ၀ိုင်းဝန်းတိုင်ပင် ဆွေးနွေးစဉ်းစား အကြံပေးတာသည် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်။” တကယ်တမ်းမှာတော့ မီဒီယာလောကကို အစိုးရပိုင်မီဒီယာတွေက လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိကမီဒီယာတွေက ဒီအခြေအနေကို ဖြေလျှော့ပေးဖို့ ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတာပါ။ အရင်အစိုးရ လက်ထက်ကတည်းက ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်ရေး ခက်ခဲအောင် အစိုးရပိုင် မီဒီယာတွေက ဖိအားပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပုဂ္ဂလိက သတင်းမီဒီယာတွေဟာ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ “ကံကောင်းချင်တဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားတွေအားလုံး လိုလားတဲ့ ကျနော်တို့ကိုယ်တိုင် ဒီမိုကရက်တစ် လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတယ်၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲ ကျနော်တို့ ကျင်းပခွင့်ရတယ်။ ကျနော်တို့လိုလားတဲ့ပါတီ အနိုင်ရတယ် ဆိုကြပါစို့။ အဲတော့ ဒါက ကံကောင်းတာပေါ့။ ကံဆိုးတာက ဘာလဲဆိုတော့ ကျနော်တို့ မလိုလားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ မသင့်မတော် မလျော်ကန်တဲ့ ၀န်ကြီးဌာနတခု ဆက်ရှိနေတယ်၊ ဒါ ကံဆိုးခြင်းပဲ” လို့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။ မြစ်မခမီဒီယာ အယ်ဒီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်က “ကျမတို့ အခု ပုဂ္ဂလိက မီဒီယာတွေရဲ့ အဓိကပြိုင်ဘက်လို့ ပြောမယ်ဆိုရင် ဒီ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာက အဓိကပြိုင်ဘက်လို့ ပြောကြပါတယ်။ တကယ်တမ်းက တဘက်သတ် အနိုင်ရနေတဲ့ ပြိုင်ဘက်လို့ ကျမက ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိက မီဒီယာတွေ၊ ပုဂ္ဂလိက သတင်းစာတွေနဲ့ အစိုးရသတင်းစာနဲ့ ယှဉ်မယ်ဆိုရင် ကွာခြားနေတဲ့ အချက်တွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ရဲ့  ပြောစကားတွေအရ လက်ရှိအချိန်အထိတော့ အစိုးရပိုင်မီဒီယာတွေကို ပုဂ္ဂလိကပိုင်ပြုရေးက ဖြစ်လာနိုင်စရာ မရှိသေးဘဲ အရင် အစိုးရပိုင်မီဒီယာတွေကို အန်အယ်လ်ဒီအစိုးရက ဆက်လက်ဆုပ်ကိုင်သွားမယ့် အခြေအနေသာ ဖြစ်တယ်လို့ မီဒီယာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
6 years Ago
Up