ပြန်ကြားရေးဝန်ကြီးဌာန

April 27, 2017

ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာထုတ်မည်

  ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာထုတ်မယ်လို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တနှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ဦးဆောင်ညွန်ကြား ရေးမှူး ဦးကျော်စိုးက ပြောတာပါ။ ဒီဂျစ်တယ်သတင်းစာထုတ်ဖို့ partnership တွေ ပါနိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီးတော့ ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ၀န်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကို ဆောင်ရွက်တာဖြစ်သလို သတင်းတွေကို အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။ ပုဂ္ဂလိကို ပြိုင်ဆိုင်တာ၊ လက်ဝါးကြီးအုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "မေလ ပထမပတ်မှာ ပထမအဆင့်ကို မိတ်ဆက်ဖို့ရှိပါတယ်။ ဒုတိယအဆင့်ကတော့ ပိုပြီးတော့ ပြည့်စုံအောင် အချိန်အတိုင်းအတာတစ်ခုထိပေးပြီး ပြန်ပြီးတင်ပြပါမယ်။ ဒါကို လုပ်တဲ့အချိန်မှာ မီဒီယာတွေကို သက်ဆိုင်ရာ partner တွေနဲ့ ပေါင်းစပ်ပြီး ဖိတ်ခေါ်ပါ့မယ်။ လုပ်ပြီး လိုအပ်တာတွေ ပေါင်းစပ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာပဲ မိတ်ဆက်ပွဲလုပ်မှာဖြစ်ပါတယ်"လို့ ဦးကျော်စိုးက ပြောပါတယ်။ ဒီဂျစ်တယ်သတင်းစာဟာ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာအရ တကမ္ဘာလုံးမှာလည်း လုပ်နေတာဖြစ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း အများနည်းတူ ဆောင်ရွက်တဲ့ သဘောပါလို့ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆိုပါတယ်။ "မဟုတ်ရင် ပြန်ကြားရေးဝန်ကြီးဌာနက သိပ်ပြီးနောက်ကျကျန်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မှာပေါ့။ ဒါကိုလည်း အများနည်းတူ up to date ဖြစ်အောင် ကြိုးစားတာပါ။ ကျနော်တို့က သတင်းစာတွေရှိရဲ့သားနဲ့ ထပ်ပြီးတော့ ဘာညာ စီးပွားရေးသဘော ဘာသဘော ညာသဘော ပုဂ္ဂလိကနဲ့ ပြိုင်ဆိုင်တဲ့သဘော စသဖြင့် အဲလို ဘယ်လိုမှ မယူဆစေချင်ဘူး။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ကောင်းအောင် တိုးတက်အောင် ဆောင် ရွက်နေတာသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်"လို့ ဒေါက်တာဖေမြင့်က ပြောပါတယ်။ ဒီဂျစ်တယ်သတင်းစာကို အဆင့်နှစ်ခုနဲ့ လုပ်သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ကတော့ Content (အကြောင်းအရာ)လေးနဲ့ သတင်းစာ သုံးစောင်ကို page by page ဖတ်နိုင်ဖို့အတွက် လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအဆင့်ကို အချိန်အတိုင်းအတာတခုပြီးတာနဲ့ web portal တည်ဆောက်သွားမှာဖြစ်ပါတယ်။
4 years Ago

May 17, 2016

ပြန်ကြားရေးဝန်ကြီးဌာနကို ပုဂ္ဂလိက မီဒီယာများ ဝိုင်းဝန်းပံ့ပိုးပေးရန် ၀န်ကြီး တိုက်တွန်း

ပြန်ကြားရေးဝန်ကြီးဌာနကို ပုဂ္ဂလိက မီဒီယာတွေက ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ ပြန်ကြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပုဂ္ဂလိက မီဒီယာတွေက အစိုးရပိုင် မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဝေဖန်တာတွေ ပြုလုပ်နေတာထက် ပြန်ကြားရေးဝန်ကြီးဌာနကို ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Media Policy Dialogue ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။ “အားလုံးကိုလည်း မိမိသဘောဆန္ဒတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာ နှစ်ခုတွေ့ပါတယ်။ တခုက ပြန်ကြားရေး မရှိသင့်ဘူးလို့ ဆိုပါတယ်။ နောက်တခုက ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်ကဏ္ဍ၊ ဘယ်ကိစ္စတွေမှာ ဆောင်ရွက်ပေးနိုင်လဲလို့ ဆိုပါတယ်။ အဲတော့ ဒါကို ပြန်စဉ်းစားကြည့်ရင် ဘာနဲ့တူသလဲဆိုတော့ ဒီ ပြန်ကြားရေးဆိုတဲ့ သစ်ကိုင်းကြီးကို တက်ပြီးတော့လည်း ထိုင်ချင်တယ်၊ ခုတ်လည်းခုတ်ပစ်ချင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်လို့ ကျနော်မြင်ပါတယ်။ အဲတော့ အားလုံးသည် ဒီသစ်ကိုင်းပေါ်မှာ တက်ထိုင်ပြီးတော့ မိမိတို့ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ အသီးသီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ ကျနော်တို့ မီဒီယာလောကတရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်ဆိုရင် ဒီသစ်ကိုင်းကို ပိုပိုကျယ်ဝန်းလာအောင်၊ ပိုမိုအားကောင်းခိုင်မာလာအောင် ဘယ်လိုလုပ်မလဲဆိုတာကိုသာ ၀ိုင်းဝန်းတိုင်ပင် ဆွေးနွေးစဉ်းစား အကြံပေးတာသည် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်။” တကယ်တမ်းမှာတော့ မီဒီယာလောကကို အစိုးရပိုင်မီဒီယာတွေက လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိကမီဒီယာတွေက ဒီအခြေအနေကို ဖြေလျှော့ပေးဖို့ ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတာပါ။ အရင်အစိုးရ လက်ထက်ကတည်းက ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်ရေး ခက်ခဲအောင် အစိုးရပိုင် မီဒီယာတွေက ဖိအားပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပုဂ္ဂလိက သတင်းမီဒီယာတွေဟာ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ “ကံကောင်းချင်တဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားတွေအားလုံး လိုလားတဲ့ ကျနော်တို့ကိုယ်တိုင် ဒီမိုကရက်တစ် လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတယ်၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲ ကျနော်တို့ ကျင်းပခွင့်ရတယ်။ ကျနော်တို့လိုလားတဲ့ပါတီ အနိုင်ရတယ် ဆိုကြပါစို့။ အဲတော့ ဒါက ကံကောင်းတာပေါ့။ ကံဆိုးတာက ဘာလဲဆိုတော့ ကျနော်တို့ မလိုလားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆက်ရှိနေတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ မသင့်မတော် မလျော်ကန်တဲ့ ၀န်ကြီးဌာနတခု ဆက်ရှိနေတယ်၊ ဒါ ကံဆိုးခြင်းပဲ” လို့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။ မြစ်မခမီဒီယာ အယ်ဒီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်က “ကျမတို့ အခု ပုဂ္ဂလိက မီဒီယာတွေရဲ့ အဓိကပြိုင်ဘက်လို့ ပြောမယ်ဆိုရင် ဒီ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာက အဓိကပြိုင်ဘက်လို့ ပြောကြပါတယ်။ တကယ်တမ်းက တဘက်သတ် အနိုင်ရနေတဲ့ ပြိုင်ဘက်လို့ ကျမက ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိက မီဒီယာတွေ၊ ပုဂ္ဂလိက သတင်းစာတွေနဲ့ အစိုးရသတင်းစာနဲ့ ယှဉ်မယ်ဆိုရင် ကွာခြားနေတဲ့ အချက်တွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ရဲ့  ပြောစကားတွေအရ လက်ရှိအချိန်အထိတော့ အစိုးရပိုင်မီဒီယာတွေကို ပုဂ္ဂလိကပိုင်ပြုရေးက ဖြစ်လာနိုင်စရာ မရှိသေးဘဲ အရင် အစိုးရပိုင်မီဒီယာတွေကို အန်အယ်လ်ဒီအစိုးရက ဆက်လက်ဆုပ်ကိုင်သွားမယ့် အခြေအနေသာ ဖြစ်တယ်လို့ မီဒီယာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
5 years Ago
More News
Up