ပြန်ကြားရေးဝန်ကြီး

September 6, 2018

ကြော်ငြာဝင်ငွေ လျော့နည်းသဖြင့် အစိုးရသတင်းစာများ ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်

အစိုးရသတင်းစာတွေမှာ ကြော်ငြာရတာနည်းလာတာ စက္ကူဈေးတွေ တက်လာတာတွေ ကြောင့် သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ ငွေကျပ်သန်း ၁၁၅၇ သန်းကျော် အရှုံးပေါ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာဖေမြင့် က ပြောပါတယ်။ စက်တင်ဘာ ၆ ရက်မနက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက် တင်ပြရာမှာတော့ စာရင်းအရ ၀င်ငွေထက်ပိုတဲ့ အသုံးစရိတ်ဖြစ်ပေါ်တာ တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ပေါ်ရခြင်း အကြောင်းရင်း တွေကတော့ ကုန်ကြမ်းပစ္စည်းများဝယ်ယူရာမှာ သုံးစွဲရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက် လာခြင်း၊ သတင်းစာရိုက်နှိပ်တဲ့ စက္ကူအပါအ၀င် ကုန်ကြမ်းဈေးနှုန်းများ တိုးမြင့်လာခြင်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အွန်လိုင်းမီဒီယာ အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာမှာ ကြော်ငြာထဲ့သွင်းမှု လျော့နည်းလာတဲ့အတွက် ယခင်နှစ်များကထက် ကြော်ငြာ ၀င်ငွေ လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။” အရှုံးပေါ်နေတာ ကာမိအောင် သတင်းစာဈေးနှုန်းတိုးမြှင့်ရောင်းချမှာမဟုတ်ဘဲ   သတင်းစာတွေ ကျေးလက်ဒေသအထိ ရောက်ရှိအောင် စောင်ရေတိုးထုတ်မယ်၊ အသုံးစရိတ်တွေ စိစစ်မယ်၊ ကြော်ငြာဝင်ငွေတိုးအောင် လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ ကြော်ငြာဝင်ငွေတိုးအောင် လုပ်တဲ့နေရာမှာလည်း ပုဂ္ဂလိကသတင်းစာတွေရဲ့ ကြော်ငြာဈေးကွက်ကို ထည့်သွင်းစဉ်းစားရတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အစိုးရသတင်းစာတွေက ၈ မျက်နှာ အချပ်ပို ကြော်ငြာတွေကို ဖြုတ်ချခဲ့တယ်လို့လည်း ၀န်ကြီးက လွှတ်တော်ထဲ ပြောသွားပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေက ၀ိုင်းဝန်းဆွေးနွေးကြရာမှာ ကျောက်တန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက နိုင်ငံပိုင်သတင်းစာတွေ အရှုံးပေါ်နေရတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးကတော့ အစိုးရပိုင်သတင်းစာတစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တစောင်ကို ၁၁၅ ကျပ်လောက် ရှိပေမယ့် ရောင်းတော့ တစောင်ကို ၅၀ ကျပ်နဲ့ အရှုံးခံရောင်းနေတယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ ပုဂ္ဂလိကသတင်းစာဂျာနယ်တွေ ကြော်ငြာမရလို့ အရှုံးပေါ်ပြီး တစောင်ပြီးတစောင် ရပ်နားနေရချိန်မှာ အစိုးရသတင်းစာလည်း ကြော်ငြာကရတဲ့ဝင်ငွေ လျော့နည်းလာလို့ အရှုံးပေါ်တယ်လို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။
3 years Ago

May 3, 2016

ရုပ်သံမီဒီယာလောကအတွက် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပမည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

ရုပ်သံမီဒီယာလောကမှာ အထူးအခွင့်အရေးရနေတဲ့ သူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့  တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို မေလအတွင်း ပြုလုပ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုလိုက်ပါတယ်။ အရင်အစိုးရလက်ထက်က အထူးအခွင့်အရေးတွေ ရရှိခဲ့တဲ့ ရုပ်သံမီဒီယာတွေကြောင့် သတင်းမီဒီယာလောက အတွင်းမှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်နေတာပါ။ အဲဒီလို လုပ်ငန်းလုပ်ကိုင်ခွင့်၊ အခွန်သက်သာခွင့် စတဲ့ အထူးအခွင့်အရးတွေ ရရှိထားတဲ့ ရုပ်သံလုပ်ငန်းတွေအပေါ် အခြားသော ပုဂ္ဂလိက မီဒီယာအချို့က ဝေဖန်မှုတွေ ပြုလုပ်နေကြတဲ့အတွက် အခုမေလထဲမှာ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ် ဖြေရှင်းသွားမယ်လို့ ဒေါက်တာဖေမြင့်က ဆိုပါတယ်။ “အခွန်အခတို့ ဘာတို့ စသဖြင့် အစိတ်အပိုင်းတွေကတော့ တခြားသက်ဆိုင်တဲ့ ဌာနတွေနဲ့ ပိုပြီးသက်ဆိုင်မယ်လို့ ထင်ပါတယ်။ အဲတော့ ဘာရှိလဲဆိုတော့ စောစောက ပြောဆိုနေတဲ့အထဲမှာ ရုပ်သံမီဒီယာမှာ လုပ်ပိုင်ခွင့် တချို့အဖွဲ့အစည်းတွေ၊ ကုမ္ပဏီပေါ့ စသည်ဖြင့် သူတို့က အထူးအခွင့်ရေးသဘောမျိုး ရရှိနေတယ်၊ ရရှိခဲ့ကြတယ် ဆိုတဲ့အကြောင်း ပြောဆိုတာရှိတယ်။ ရုပ်သံလုပ်ငန်းနယ်ကို ၀င်လာချင်တဲ့ တခြားပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ၊ လုပ်ငန်းသမားတွေ အများကြီးရှိနေတယ်လို့ ပြောသံဆိုသံကြားတယ်။ "ကြားရတဲ့အခါကျတော့ ဟုတ်ပြီ ဒီမှာ မမျှမတ ဖြစ်နေခဲ့တယ်ဆိုရင် ဘယ်လိုမမျှတမှုရှိနေလဲ။ အားလုံးလည်း ပါဝင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ပါဝင်ဆောင်ရွက်လို့ရမလဲ၊ ဒီဟာကို အဆင်ပြေအောင်ဆိုပြီးတော့ တိုင်ပင်ဆွေးနွေးနေတာ ရှိပါတယ်။" အဲဒီတွေ့ဆုံပွဲကနေ တဆင့် မီဒီယာလောကမှာ လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမှာဖြစ်ပြီး ရုပ်သံမီဒီယာဥပဒေ ရေးဆွဲရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ “ပထမအဆင့် တိုက်ရိုက်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခု လုပ်မယ်။ ပြီးရင် နောက်ထပ်ပိုကျယ်ပြန့်တဲ့၊ ပွင့်လင်းတဲ့၊ အများနားထောင်နိုင်၊ ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲမျိုးလည်း တခုလုပ်မယ်လို့ စဉ်းစားထားတယ်။ အဲဒီကနေပြီးတော့မှ ကျနော်တို့ ရုပ်သံမီဒီယာနဲ့ ပတ်သက်လို့ တိုင်းပြည်အနေအထားအရ လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒါကို ဆက်ပြီးလုပ်မယ်လို့ စိတ်ကူးထားတယ်။” နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် မရှိသေးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး အဲဒီအခြေအနေက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြန်ကြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
6 years Ago
Up