ပြန်ကြားရေးဝန်ကြီး

A d v e r t i s e m e n t With Us

May 22, 2019

တပ်မတော်သတင်းမှန်ကန်ပြီး ပြန်ကြားရေးသတင်း မမှန်ဟု ဝန်ကြီး ဒေါက်တာဖေမြင့် ဝန်ခံ

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးနေစဉ် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် မှန်ကန်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မေလ ၂၁ ရက်က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ နိုင်ငံတော်အစိုးရရဲ့ တတိယ တနှစ်တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာပါ။ ဝန်ကြီး ဒေါက်တာဖေမြင့်က “အဲ့နေ့က ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်တယ်ဆိုပြီး ပြောဆိုခဲ့တယ်ပေါ့နော်။ အဲ့တော့ တပ်မတော်ဘက်ကနေလည်း သတင်းပြန်ပြီး ထုတ်ပြန်တယ်။ အဲ့တော့ သူတို့ထုတ်ပြန်တာ မှန်ပါတယ်။ ကျနော်တို့ဘက်ကနေ စောစောကထွက်တဲ့သတင်း မမှန်ပါဘူး။ မမှန်ကန်တဲ့ အချက်အလက်ပေါ် အခြေခံပြီးတော့ မမှန်မကန် သတင်းဖြစ်ရတာလဲ ဆိုပြီးတော့ သက်ဆိုင်တဲ့သူတွေကို အရေးယူတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို တပ်မတော်သားဘက်က ဆွေးနွေးနေစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်း ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြတ်တောက်ခဲ့တဲ့အပေါ် လွှတ်တော်ရဲ့ ဖိုက်ဘာလိုင်း ကျတဲ့ခဲ့တဲ့အတွက် ဂြိုဟ်တုကနေ ပြောင်းလဲထုတ်လွှင့်ခဲ့ရတယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ အဲဒီနေ့မှာ ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝမရှိခဲ့တာကြောင့် ဖိုက်ဘာလိုင်းနဲ့ မသက်ဆိုင်ဘူးလို့ သတင်းထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုပြီး ဘယ်သူတွေကို အရေးယူထားတယ် ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ “အရေးယူမှုတွေလုပ်နေတာ တစိတ်တပိုင်း ပြီးနေပါပြီ။ နောက်ဆက်တွဲကိစ္စတွေ အတွက်ကြောင့် ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒါလေးတွေ ဒီနေရာမှာ ပြောလို့ရတာက သက်ဆိုင်တဲ့ တာဝန်ရှိတဲ့နေရာက အရာရှိတချို့လည်း ပါဝင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပုဂ္ဂိုလ်တွေကို အရေးယူ ဆောင်ရွက်ရလို့ရှိရင် ဖုံးထားလို့မရပါဘူး။ အသိပေးရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရှိရင် ကျနော် ပွင့်လင်းမြင်သာ ထုတ်ဖော်ပြောဆိုသွားမှာပါ” လို့ ပြောပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်မှာ ဆွေးနွေးနေချိန် တိုက်ရိုက်ထုတ်လွှင့်မှုဟာ ၅ မိနစ်ခန့် ပြတ်တောက်ခဲ့ပြီး ပြတ်တောက်ချိန်အတွင်းမှာပဲ ရုပ်သံလိုင်းမှာ တေးသီချင်းတွေကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago

November 7, 2016

လူမျိုးရေး၊ဘာသာရေးပြဿနာဖြစ်နိုင်သည့်သတင်းများ သတိထားရန် ပြန်ကြားရေးဝန်ကြီး သတိပေး

လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်နိုင်တဲ့ သတင်းတွေကို ရေးသားထုတ်လွှင့်တဲ့နေရာမှာ သတိထားပြီး သတင်းဖော်ပြကြဖို့ သတင်းမီဒီယာသမားတွေကို ပြန်ကြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ သတင်းရင်းမြစ် ခိုင်မာမှုမရှိဘဲ သတင်းဖော်ပြမှုတွေ ရှိခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က အခုလို သတိပေးစကား ပြောဆိုခဲ့တာပါ။ သတင်းသမားတွေအနေနဲ့ ခိုင်လုံမှုမရှိတဲ့သတင်းတွေ ဖော်ပြရင် လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ပိုကြီးထွားလာနိုင်တဲ့အတွက် နိုဝင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဌာန ဒေါက်တာဖေမြင့်က “ပြဿနာဖြစ်တဲ့ နေရာတွေမှာ သတင်းတွေ အတည်ပြုဖို့ ခက်ခဲသေးတဲ့ အခြေအနေမျိုးမှာ သတင်းသမားအနေနဲ့ကလည်းပဲ အများပြည်သူကို အသိပေးဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ရရှိတဲ့သတင်းကို အများပြည်သူဆီကို ရသလောက်သတင်းတွေ ပို့ပေးတဲ့အခါမှာ မိမိရတဲ့ သတင်းရင်းမြစ်ခိုင်မာမှု ရှိ၊ မရှိ ဆိုတာကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံး လေ့လာစူးစမ်းပြီးမှ ဖော်ထုတ်တင်ပြတာမျိုး လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။ ဝန်ကြီးရဲ့ အခုလိုပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင်က ထောက်ခံခဲ့ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို သေသေချာချာ စစ်ဆေး အဖြေရှာသွားမယ်လို့ ပြောပါတယ်။ “ဒေါ်စုကတော့ ပြောသွားတာ ရှင်းတယ်။ ဘာမှ သေချာရေရာမှု မရှိဘဲနဲ့တော့ မဆုံးဖြတ်ဘူး။ ဘာမှ သေချာရေရာမှုမရှိဘဲ ဘယ်သူ့ကို အပြစ်တင်တယ်၊ ရှုတ်ချတယ် ဆိုတာမျိုးတော့ မလုပ်နိုင်ဘူး။ သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့မှ တရားဥပဒေစိုးမိုးရေး ဘောင်ကနေပြီးမှ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” အန်အယ်လ်ဒီအစိုးရသစ်လက်ထက် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီပြဿနာကို သေသေချာချာ စစ်ဆေး ကိုင်တွယ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
4 years Ago
Up