ပြန်ပေးဆွဲ

September 3, 2015

အီရတ် တွင် ဆောက်လုပ်ရေးဝန်ထမ်း ၂၀ ပြန်ပေးဆွဲခံရ

အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရဲ့ အရှေ့မြောက်ပိုင်းမှာ စက်တင်ဘာ ၂ ရက်နေ့က တူရကီနဲ့ အီရတ် ဆောက်လုပ်ရေးဝန်ထမ်း အယောက် ၂၀ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ အီရတ်လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ ရှီးယားမွတ်စလင် အများစုနေထိုင်တဲ့ မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းက ဟတ်ဘီဘီရာ (Habibiyah) ခရိုင်မှာ အားကစားရုံဆောက်လုပ်ရေး လုပ်ငန်းကနေ အခုလိုပြန်ပေးဆွဲခံရတာပါ။ တူရကီ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး တူရကီဝန်ထမ်း ၁၇ ဦးနဲ့ အီရတ်ဝန်ထမ်း တချို့လည်း ပါဝင်ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ၀န်ထမ်းတွေ ဗင်ကားတွေထဲမှာ အိပ်နေချိန် စစ်ယူနီဖောင်းဝတ် သေနတ်သမားတွေ ပစ်ကပ် (pickup) ကားတွေနဲ့ ရောက်လာပြီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရည်ရွယ်ချက်နဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတယ် ဆိုတာကတော့ အီရတ်အာဏာပိုင်တွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ တူရကီ ဒုတိယ၀န်ကြီးချုပ်ကတော့ ဒီကိစ္စအတွက် အီရတ်အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ အီရတ်အာဏာပိုင်တွေဘက်ကလည်း သတင်းအချက်အလက် မရသေးဘူးလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ပြန်ပေးဆွဲခံရတဲ့ တူရကီနိုင်ငံသားတွေထဲမှာ ဆောက်လုပ်ရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေနဲ့ စာရင်းကိုင်တဦး ပါဝင်တယ်လို့  တူရကီ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောဆိုပါတယ်။ တခြားနိုင်ငံသားတွေလည်း လုပ်ငန်းခွင်မှာ ရှိနေတာချင်းအတူတူ တူရကီနိုင်ငံသားတွေကိုပဲ ရွေးပြီး ခေါ်ဆောင်သွားတာလို့ ပြောခွင့်ရက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ တူရကီနိုင်ငံသား ၄၆ ဦးဟာ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ ပြန်ပေးဆွဲခံခဲ့ရပေမယ့် ၃ လကျော်အကြာမှာ ပြန်လွတ်မြောက်လာခဲ့ကြပါတယ်။
6 years Ago
Up