ပြန်ပေးဆွဲခံရသည့် စီးပွားရေးလုပ်ငန်းရှင်ကို ဘရာဇီးရဲကယ်တင်သည့်ရုပ်သံ ထုတ်ပြန်

November 14, 2016

ပြန်ပေးဆွဲခံရသည့် စီးပွားရေးလုပ်ငန်းရှင်ကို ဘရာဇီးရဲကယ်တင်သည့်ရုပ်သံ ထုတ်ပြန်

ဘရာဇီးနိုင်ငံမှာ ရက်ပေါင်း ၃၀ ကြာ ဖမ်းဆီးပြန်ပေးဆွဲခံထားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကို ရဲတွေက ကယ်တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၇၉ နှစ်အရွယ် ဘယ်လာမီနိုဒီ အက်ဆန်ဆာအို မာတာဟာ ဘရာဇီးနိုင်ငံ ဘယ်လာမီနို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။ သူ့ကို ပြန်ပေးဆွဲသမားတွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မာတာကို ပြန်ပေးဆွဲသမားတွေက လက်ကိုင်လွှစက်နဲ့ ခြိမ်းခြောက်တာတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေမှာပါ ထိခိုက်အောင်လုပ်ခဲ့ကြပြီး ခုလိုလုပ်ခြင်းအားဖြင့် သူ့ဆီက ငွေကြေးအမြောက်အမြား ညှစ်ထုတ်လို့ရနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ ခုထုတ်ပြန်လိုက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ ရဲတွေက အဆင့်ဆင့် ကယ်တင်ခဲ့ရပုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ မာတာကို ဆာပေါ်လိုမြို့အနီး လယ်တောတခုက အဆောက်အအုံတခုထဲမှာ ရက်ပေါင်း ၃၀ ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတာပါ။ ရဲတွေဟာ ရှုပ်ထွေးကျဉ်းမြောင်းတဲ့ လမ်းသွယ်လမ်းကြားတွေ၊ အခန်းမှောင်မှောင်တွေကို ဖြတ်သန်းပြီး အဲဒီနေရာဆီရောက်ဖို့ သွားခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ သူ့ကိုဖမ်းဆီးခဲ့သူတွေကိုလည်း တွေ့ရှိခဲ့ပြီး မာတာကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရဲတွေကတော့ မာတာမှာ ထိခိုက်ဒဏ်ရာရတာမျိုးတွေ မတွေ့ရှိရဘဲ ပြန်ပေးဆွဲခဲ့သူတွေဟာ သူ့ရဲ့ လုံခြုံရေးဝန်ထမ်းတွေအဖြစ် လုပ်ကိုင်ခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။ မာတာဟာ ပြီးခဲ့တဲ့ တလလောက်က စားသောက်ဆိုင်တခုအနီးမှ ကော်ဖီဆိုင်တဆိုင်မှာ ကော်ဖီဝယ်ဖို့ ဆင်းချိန်မှာ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ လုံခြုံရေးကင်မရာမှာ ဖမ်းယူရရှိပုံတွေအရ ရဲအရာရှိတဦးသွင်ပြင် ၀တ်စားဆင်ယင်ထားသူတဦး အပါအ၀င် လူ ၃ ဦးက မာတာကို ခိုးယူထားတဲ့ ကားတစီးပေါ် ဆွဲတင်ခဲ့ကြတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ မာတာဟာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ပါဝင်ပတ်သက်သူ ၃ ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အကျင့်ပျက်ခြစားမှုကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်း ဂျော့ခ်ျ လူဝစ်ဇ် တယ်လာရီကိုက ပြန်ပေးခေါင်းဆောင်တဦးဖြစ်တယ်လို့ ဆိုပါတယ်။
6 years Ago
Up