ပြန်ပေးဆွဲခံရ

February 3, 2017

အမေရိကန်တွင် ထောင်ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဒဲလာဝဲပြည်နယ်ကအမျိုးသားထောင်မှာ ထောင်ဝန်ထမ်း ၅ ဦးကို ပြန်ပေးဆွဲမှု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ ပြည်နယ်ရဲတွေက ပြောပါတယ်။ တယောက်ကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်နဲ့ ပြည်ထောင်စု အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်။ ၄ ဦးကိုတော့ ဆက်ဖမ်းထားဆဲပဲလို့ ရဲက ပြောပါတယ်။ ပြန်လွှတ်ပေးခံရသူကို ဆေးရုံတင်ပို့ထားရပြီး အသက်ဘေး ခြိမ်းခြောက်တဲ့ ဒဏ်ရာတော့ မရဘူးလို့ ပြည်နယ်ရဲပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထောင်ထဲက ထောင်သားတွေ တယောက်ယောက် ဒဏ်ရာရ၊ မရ မသိရဘူးလို့ အရာရှိတွေက ပြောပါတယ်။ ငြိမ်းချမ်းဘေးကင်းတဲ့ အဖြေရရေး ပြည်နယ်ရဲတွေ စာရိတ္တပြုပြင်ရေးဌာနနဲ့ အက်ဖ်ဘီအိုင်အဖွဲ့တို့ ဆက်ပြီး ညှိနှိုင်းနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒီထောင်မှာ လုံခြုံရေးအဆင့် ၃ ဆင့်လုံးက ထောင်သားတွေ စီရင်ချက်မချခင် အချုပ်သားကနေ သေဒဏ်သင့်သူအထိ စုစုပေါင်း ၂၅၀၀ လောက်ကို ထိန်းသိမ်းထားတယ်လို့ ထောင်ရဲ့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။
4 years Ago
Up