ပြန်သိမ်းမည်

January 14, 2018

ပြင်သစ် လက်တလစ်နို့မှုန့်အားလုံး စေျးကွက်ထဲမှ ပြန်သိမ်းမည်

ပြင်သစ် နို့ထွက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ လက်တလစ် ဟာ နို့မှုန့်တွေ အားလုံးနီးပါးကို ဈေးကွက်ထဲကနေ ပြန်သိမ်းတော့မယ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လယ်မဲန်းက ပြောပါတယ်။ ကုမ္ပဏီထုတ် ကလေးနို့မှုန့်တွေမှာ အစာအဆိပ်သင့်ပိုးပါနေကြောင်း သိရှိပြီး ခုလို ပြန်သိမ်းဖို့ စီစဉ်ခဲ့တာပါ။ ပြန်သိမ်းမယ့် ကလေးနို့မှုန်တွေကို ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း ခါ့ဖှ်အရပ်က ကုမ္ပဏီပိုင် စက်ရုံက ထုတ်လုပ်ခဲ့တာပါ။ ကလေးနို့မှုန့် ပမာဏ ဘယ်လောက်အထိ ပြန်သိမ်းမယ်ဆိုတာ ၀န်ကြီးက မပြောထားပေမယ့် လက်တလစ်ဟာ ကလေးနို့မှုန့်ဘူး ၁၂ သန်းကျော်နဲ့ အစားအစာတွေကို ပြန်သိမ်းထားပြီးဖြစ်ပါတယ်။ ဆိုင်ခွဲ အများကြီးပိုင်တဲ့ စူပါမားကတ်တခုက  ပြန်သိမ်းကုန် စာရင်းမှာပါတဲ့ ကလေးစားသောက်ကုန်တွေကို စားသုံးသူတွေဆီ ရောင်းချပြီးပြီလို့ အခုသီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ၀န်ကြီးဟာ လက်တလစ် တာဝန်ရှိသူတွေကို ဆင့်ခေါ်ခဲ့ပါတယ်။  ပုဂ္ဂလိကပိုင်ဖြစ်ပြီး နှစ်စဉ်ရောင်းအား ယူရိုသန်း ၁၇၀၀၀ နီးပါး ရှိတဲ့ လက်တလစ်ကုမ္ပဏီဟာ အစာအဆိပ်သင့်ပိုး သင့်မှုကို ဖြေရှင်းဖို့ ပိုးသင့်မှုဖြစ်တဲ့စက်ရုံကို လည်ပတ်မှု ရပ်ထားပါတယ်။ ၀န်ထမ်း အယောက်၂၅၀ ကိုလည်း ယာယီအလုပ်ဖြုတ်ထားပါတယ်။ ပြင်သစ်စိုက်ပျိုးရေးဝန်ကြီး စတီဖန် ထှာဖှဲက ပိုးသင့်မှုမရှိတော့ဘူးဆိုတာနဲ့ လိုအပ်တဲ့ ကာကွယ်ရေး အစီအမံတွေ အသင့်ဖြစ်ပြီ ဆိုတာကို လက်တလစ် ဘက်က သက်သေမပြနိုင်မချင်း စက်ရုံကို ပြန်ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
4 years Ago
Up