ပြန်လွှဲပေးမည်

January 26, 2017

ဟောင်ကောင်အစိုးရက သိမ်းဆည်းခဲ့သည့် စင်ကာပူပိုင် တင့်ကားများ ပြန်လွှဲပေးမည်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဟောင်ကောင်အစိုးရက သိမ်းဆည်းခဲ့တဲ့ စင်ကာပူနိုင်ငံပိုင် တင့်ကားတွေကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ ဟောင်ကောင်အကောက်ခွန်အရာရှိတွေက ဇန်န၀ါရီ ၂၅ ရက်နေ့က ပြောဆိုပါတယ်။ စင်ကာပူနိုင်ငံအခြေစိုက် Terrex စစ်လက်နက်ပစ္စည်းကုမ္ပဏီထုတ် တင့်ကား ၉ စီးဖြစ်ပြီး ထိုင်ဝမ်မှာ စစ်ရေးလေ့ကျင့်မှုအပြီး အပြန်မှာ ဟောင်ကောင်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တာပါ။ အခုလို စင်ကာပူတင့်ကားတွေကို တရုတ်အစိုးရက သိမ်းဆည်းခံရတဲ့အတွက် စင်ကာပူနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်လာရင် သိပ်အထိအခိုက်မခံတဲ့ တရုတ်နိုင်ငံက ဒီ စင်ကာပူတင့်ကားတွေ ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေချိုးဖောက်မှုတခု ဖြစ်နိုင်ပြီး ရာဇ၀တ်ပြစ်မှုမြောက်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံနဲ့ ဆက်ဆံတဲ့နိုင်ငံတိုင်းက “တရုတ်တနိုင်ငံ” မူဝါဒကို မဖြစ်မနေ အသိအမှတ်ပြု လေးစားရမှာ ဖြစ်ပြီး စင်ကာပူနိုင်ငံကလည်း ဒါကို လေးစားလိုက်နာမယ်ကို မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ပြောဆိုပါတယ်။ စင်ကာပူနိုင်ငံဟာ ထိုင်ဝမ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိပြီး စင်ကာပူမှာ သူ့တပ်ဖွဲ့တွေကို စစ်ရေးလေ့ကျင့်စရာ မြေနေရာ အခက်အခဲရှိလို့ ထိုင်ဝမ်ကို စေလွှတ်လေ့ကျင့်ပေးနေတာ ဆယ်စုနှစ်တွေနဲ့ ချီရှိပြီ ဖြစ်ပါတယ်။ ဒီတင့်ကားတွေ သိမ်းဆည်းခံရကတည်းက စင်ကာပူအစိုးရကလည်း ပြန်ပေးဖို့ တောင်းဆိုနေခဲ့ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပစ္စည်းတွေဖြစ်လို့ သံတမန်ကင်းလွတ်ခွင့်ရတယ်လို့ ပြောဆိုခဲ့တာပါ။
5 years Ago
Up