ပြန်လည်တည်ဆောက်မည်

April 29, 2017

ရေးမြို့ အာဇာနည်ကျောက်တိုင်အား အာဇာနည်ဗိမာန်ပုံစံ ပြန်လည်တည်ဆောက်မည်

မွန်ပြည်နယ် ရေးမြို့မှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က တည်ဆောက်ထားခဲ့တဲ့ အာဇာနည် ကျောက်တိုင်မှာ ဟောင်းနွမ်းနေပြီး မြေထိန်းနံရံတွေ ပြိုကျ ပျက်စီးလုနီးပါး ဖြစ်နေလို့ နိုင်ငံတော်အဆင့် အာဇာနည်ဗိမာန်နဲ့ အလားသဏ္ဌာန်တူပုံစံ စတင်တည်ဆောက်သွားဖို့ ရှိ တယ်လို့ တည်ဆောက်ရေးကော်မတီဝင်က ပြောပါတယ်။ တည်ဆောက်ရာမှာ အလျားပေ ၈၀ အနံ ၄၀ ရင်ပြင်အမြင့် ၅ပေ နောက်ခံနံရံအမြင့် ပေ ၁၈ ပေ အကျယ်မျက်နှာပြင် ၄၈ ပေ အာဇာနည်ခေါင်းဆောင် ၉ ဦးကို ရည်ရွယ်ပြီး လိုင်း ၉ လိုင်းတပ်ဆပ်ကာ ထိပ်ဆုံးတွင် ကြယ်ဖြူ ၁ ပွင့် ကြယ်ဖြူအောက်မှာ အာဇာနည်  ၉ ဦးရဲ့ တခြမ်းမောင်းပန်းပု ပုံစံနဲ့ တည်ဆောက်သွားဖို့ ရှိတယ်လို့ ဆောက်ရေးလုပ်ငန်းကော်မတီဝင် တာဝန်ခံ ဦးအေးနိုင်အောင် က ပြောပါတယ်။ အဆိုပါ အာဇာနည်ဗိမာန်တည်ဆောက်ဖို့ မြို့နယ်အဆင့်တည်ဆောက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး စေတနာရှင်တွေ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ လောက် အကုန်အကျခံတည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒေသခံ ကျွမ်းကျင်ပန်းရံ ဆရာတွေနဲ့ စည်ပင်အင်ဂျင်နီယာ အနီးကပ် ကြီးကြပ်မှုနဲ့ တာဝန်ယူပြီး ၂၀၁၇ ခုနှစ် ဧပြီလ က စတင်တည်ဆောက်ကာ  လာမယ့် ၁၉ ဇူလိုင် အာဇာနည်နေ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်မတိုင်မီ ရာခိုင်နှုန်းပြည့် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် (ရေး)
4 years Ago

February 16, 2017

နိုင်ငံတော်ဘတ်ဂျက်နှင့် မီးဘေးသင့် မင်းတပ်စည်ပင်ဈေး ဆိုင်ခန်းများ ပြန်လည်တည်ဆောက်မည်

နိုင်ငံတော်ဘတ်ဂျက်နဲ့ မီးဘေးသင့် မင်းတပ်စည်ပင်ဈေး ဆိုင်ခန်းတွေကို ပြန်လည်တည်ဆောက်မယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်မဲဆန္ဒနယ်က ဦးမာန်လော မောင်းမေးမြန်းတဲ့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်စည်ပင်ဈေးမှာ မီးဘေးသင့် ဆိုင်ခန်းပေါင်း ၄၁ ခန်းကို နိုင်ငံတော်ဘက်ဂျက်ကနေ ပြည်လည်တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခု လို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ “အခုကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အတွက် အသုံးစရိတ်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲနိုင်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သီးသန့်ရန်ပုံငွေက သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေပါတယ်။”လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ မင်းတပ်စည်ပင်ဈေးရဲ့ ဆိုင်ခန်းပေါင်း ၄၁ ခန်း မီးဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။ မီးဘေးသင့်ဆိုင်ခန်းတွေ ပြန်လည်တည်ဆောက်ဖို့ သီးသန့်ရန်ပုံငွေကနေ ကျပ် ၃၁၅ ဒသမ ၈၀၀ သန်း ထောက်ပံ့ပေးဖို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
4 years Ago
Up