ပြည်ပြေး

August 16, 2015

ပြည်ပြေး ရီမင်သမ္မတ သစ္စာခံတပ်များ နိုင်ငံအလယ်ပိုင်းမြို့ကို ပြန်သိမ်းပိုက် (ရုပ်သံ)

ပြည်ပြေး ရီမင်သမ္မတ “ဟာဒီ” ကို သစ္စာခံတဲ့တပ်ဖွဲ့တွေ နိုင်ငံအလယ်ပိုင်းက တိုက့်စ်မြို့ (Taiz) ရဲ့ အရေးကြီး အစိုးရအဆောက်အဦတွေကို သိမ်းပိုက်ရရှိခဲ့ပြီလို့ တပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၅ ရက်နေ့က ပြောဆိုကြပါတယ်။ တိုက်စ့်မြို့ အုပ်ချုပ်ရေးရုံးနဲ့ အရင်ရီမင်သမ္မတ ဆာလာရဲ့ နန်းတော်တို့ကို သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်တွေကို ရှင်းလင်းလိုက်ပြီလို့ သမ္မတဟာဒီတပ်ဖွဲ့ဝင်တွေကပြောဆိုပါတယ်။ သမ္မတ ဟာဒီ သစ္စာခံတပ်တွေဟာ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့ ဆွန်နီမဟာမိတ်နိုင်ငံတွေက လေကြောင်းပစ်ကူမှုတွေ၊ မြေပြင်မှာလည်း အမြောက်တွေ၊ တင့်ကားတွေနဲ့ ထောက်ပံ့ပေးနိုင်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရှီယာဟူသီသူပုန်တွေအပေါ် အောင်မြင်မှုတွေ ဆက်တိုက်ရရှိလာတာပါ။ ဇူလိုင်လကုန်ပိုင်းမှာ နိုင်ငံတောင်ပိုင်းက အာဒမ်ဆိပ်ကမ်းမြို့ကို ပထမဆုံးပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အာဒမ် အရပ်ဘက်လေဆိပ်ကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရီမင်စစ်ကို တိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့ ဆွန်နီမဟာမိတ်နိုင်ငံတွေကတော့ ရှီယာအီရန်က အာရေးဘီးယားကျွန်းဆွယ်မှာ လွှမ်းမိုးလာမှုကို ဖယ်ရှားမယ်လို့ အလေးအနက်ပြောဆိုထားပါတယ်။ ၅ လလောက်ကြာလာပြီဖြစ်တဲ့ ဒီရီမင်စစ်အတွင်း သေဆုံးသူ ၄၃၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ရီမင်စစ်မှာ တိုက်ခိုက်နေသူအားလုံး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာပြီး စစ်ကိုရပ်ဆိုင်းဖို့ နိုင်ငံတကာသံသမန်တွေနဲ့ လူသားချင်းအကူအညီပေးရေးအဖွဲ့အစည်းတွေက တိုက်တွန်းနေကြတာပါ။
6 years Ago
Up