ပြည်ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲကျင်းပ

April 5, 2018

ပြည်ရွှေဆံတော်ဘုရားတွင် တည်းခိုနေသည့် ဘုရားဖူးများ တညထဲ ဖုန်း ၆ လုံးအခိုးခံရ

  ပြည်မြို့ရှိ ရွှေဆံတော်ဘုရားကို ဘုရားဖူးလာကြတဲ့  ခရီးသည်အုပ်စုတစုဟာ ဧပြီလ ၄ရက် ညနေက ရွှေဆံတော်ဘုရားတည်းခိုဆောင်မှာ တညတည်းခိုရင်း ညပိုင်းမှာ အားသွင်းထားတဲ့ဖုန်း  ၆ လုံး ခိုးယူခံလိုက်ရပါတယ်။ အိုင်ဖုန်း ၂ လုံး၊ ဆမ်ဆောင်းဖုန်း ၁လုံး၊ ဟာဝေးဖုန်း ၂ လုံး၊ ဗွီဗိုဖုန်း ၁လုံးအပြင် ငွေ ၈၀၀၀၀ ကျော်ပါတဲ့ ပိုက်ဆံအိပ် တလုံးပါ သူခိုး ခိုးယူတာ ခံခဲ့ရတာပါ။ တယ်လီဖုန်းအခိုးခံရတဲ့မလှလှနွယ်က “ကျမတို့က ညနေလောက်ကမှ ဒီကိုရောက်တာ အခန်းက တခြားဘုရားဖူးတွေလဲရှိတော့ သော့ခတ်မထားဘူး။ ရာသီဥတုကလဲပူတော့ ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့ ဘယ်အချိန်ဝင်ခိုးသွားလဲမသိဘူး။ ဒါပေမယ့် ပျောက်ပျောက်ခြင်း အဲဒီထဲကဖုန်းတွေကို ဆက်ကြည့်တော့ဝင်တယ်။  ဒါပေမယ့်ပြန်မဖြေဘူး။ နောက်တော့ သူတို့ ဖုန်းပိတ်ထားတော့တာပဲ။ ညကသိသိချင်း ည ၃ နာရီလောက်မှာပဲ မြို့မရဲစခန်းမှာ အမှုတော့သွားဖွင့်ထားလိုက်တာ။ အခုထိတော့ဘာမှမထူးသေးဘူး။ ဒီ မနက်ကို ခရီးဆက်ဖို့ အခုတော့ ခရီးမဆက်နိုင်သေးဘူး စောင့်နေရတယ်”လို့ ပြောပါတယ်။ ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့(ရုံးအဖွဲ့)အုပ်ချုပ်ရေးမှူး ဦးငွေမောင်းက “ဒီနားမှာ ရဲကင်းလဲရှိတယ်။ တံခါးတွေ ပိတ်အိပ်ဖို့လည်း အမြဲသတိပေးထားတယ်။ အရင်တုန်းကတော့ တခါမှမဖြစ်ဖူးဘူး။ အခုမှဖြစ်တာ ညကတော့ ရဲစခန်းကိုသွားပြီး အမှုဖွင့် ခိုင်းထားတယ်။ အခုထိတော့ မထူးသေးပါဘူး။ သူတို့လည်း ခရီးဖင့်တာပေါ့”လို့ ရှင်းပြပါတယ်။ အဲဒီဘုရားဖူးအဖွဲ့က ပဲခူးမြို့ကဖြစ်ပြီး အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၆ ယောက်၊ ကလေး ၃ ယောက်ပါတဲ့ အဖွဲ့ဖြစ်ပြီး ပြည်မြို့ကနေ ခရီးဆက်ထွက်မှာဖြစ်ပါတယ်။ မင်းညို
3 years Ago

January 31, 2018

ပြည်ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲကျင်းပ

  ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဉာဏ်ရိုးပူဇော်ပွဲကို တပို့တွဲ လပြည့်နေ့မှာ ၉၅ ကြိမ်မြောက်ကျင်းပပါတယ်။ ဉာဏ်ရိုးပူဇော်ပွဲကို ပြည်မြို့တစ်မြို့ထဲမှာသာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြုလုပ်လာတာဖြစ်ပြီး အအေးဓာတ်ပိုကဲနေချိန် မြတ်စွာဘုရားကို အနွေးဓာတ်ပေးဖို့ ရည်စူးပြီး    ဉာဏ်ပင်အရိုးတွေကို ခုတ်ကာ မီးရှို့ပူဇော်တဲ့ အနေနဲ့ ပြုလုပ်ကြတာပါ။ အခုလို  ဉာဏ်ရိုးပူဇော်ခြင်းအားဖြင့် ကျောင်းသားလူငယ်တွေအတွက် ဉာဏ်ပညာကြီးတယ်လို့ ယုံကြည်ကြတာကြောင့် ဉာဏ်ရိုးပူဇော်ဖို့လာကြသူတွေထဲမှာ လူငယ်တွေပိုများကြပါတယ်။ အခုနှစ်တပို့တွဲလက ခါတိုင်းနှစ်တွေကထက် အအေးကအရမ်းပိုတော့ မနှစ်ကထက် ပူဇော်တဲ့လူပိုများလာတယ်လို့ ရွှေဆံတော်စေတီတော်ဂေါပဂအဖွဲ့ ရုံးအဖွဲ့မှူး ဦးငွေမောင်း ကဒီဗွီဘီကိုပြောပါတယ်။ ဉာဏ်ရိုးပူဇ်ာဖို့လာသူ ကိုငြိမ်းက “ပြည်မြို့ရွှေဆံတော်ဘုရား တောင်ဘက်မုဒ်က အောက်ရင်ပြင်မှာ၊ မီးပူဇော်ဖို့ ပြုလုပ်ပေးထားတဲ့ နေရာမှာ တနေရာထဲ ၀ိုင်းပူဇော်ကြပါတယ်။ ဘုရားရှင်ကို အနွေးဓာတ်ရစေဖို့အတွက် ရည်စူးပြီး လာရောက်မီးပူဇော်တာ။ ဒီတမြို့ထဲမှာပဲ ဒီအစဉ်လာလေးကရှိတာကြောင့် ဒီအစဉ်အလာလေးကို ဆက်လက်ထိမ်းသိမ်းတဲ့အနေနဲ့ အခုလိုလာတာပါ”လို့ပြောပါတယ်။ ပူဇော်ပွဲကိုအနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေက လပြည့်ရက် မတိုင်ခင်ကတည်းက လာရောက်လေ့ရှိတာဖြစ်ပါတယ်။    ပြည်မြို့ပတ်ဝန်းကျင်ဒေသတွေမှာ အများဆုံးအလေ့ကျပေါက်လေ့ရှိတဲ့ ဉာဏ်ပင်တွေကို ဒေသခံတွေက ခုတ်ယူလာကြပြီး ရွှေဆံတော်ဘုရားခြေရင်းမှာ တချောင်းကို ၅၀ကျပ်၊၁၀၀ကျပ်နဲ့ လာရောက်ရောင်းချလို့ ဘုရားပူဇော်မဲ့သူတွေက ညပိုင်းကထဲက ကြိုတင်ဝယ်ယူထားကြကာ မနက် (၄)နာရီ လောက်မှာစပြီး ပူဇော်ကြပါတယ်။ မင်းညို
3 years Ago
Up