ပြည်ထောင်စုဝန်ကြီးပြော

A d v e r t i s e m e n t With Us

October 5, 2016

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေး ဥပဒေတရပ်ပေါ်ထွန်းရန် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးပြော

မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြည်တွင်းမှာ ဦးမော့ လာရုံမက ပြည်ပဈေးကွက် ထိုးဖောက်နိုင်ဖို့အတွက် ရုပ်ရှင်ဥပဒေတရပ်ပေါ်ထွန်းလာရေး မဖြစ်မနေလိုအပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ တွံတေးမဲဆန္ဒနယ်က ဦးမြင့်လွင်မေးမြန်းတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မြန်မာ့ရုပ်ရှင်လောကသားတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးရန် သိလိုခြင်း မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ “မြန်မာ့ရုပ်ရှင်လုပ်ငန်းပြည်တွင်းမှာ ဦးမော့လာရုံသာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရေးအတွက် ရုပ်ရှင်ဥပဒေတရပ်ပေါ်ထွန်းလာရေး မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ၊ အနုပညာဖန်တီးသူ ဒါရိုက်တာများအပါအဝင် ရုပ်ရှင်လောကသား များအားလုံးရော၊ မြန်မာ့ရုပ်ရှင်ချစ်မြတ်နိုးကြတဲ့ ပရိသတ်ကြီးကပါ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို အနာဂတ်ရည်မှန်းချက်အဖြစ် ထားရှိပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်”လို့ ဒေါက်တာဖေမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းဝင်တွေနဲ့ တွေ့ဆုံပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ရာမှာ ခိုးကူးခွေများပပျောက်ရေးနဲ့ ပတ်သက်ပြီး နည်းလမ်းရှာဖွေဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ခိုးကူးခွေပပျောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို့ဆောင်ရွက်နေသလဲလို့ ဒီဗွီဘီက မေးမြန်းရာမှာတော့ ဒေါက်တာဖေမြင့်က အခုလိုဖြေဆိုခဲ့ပါတယ်။ “ခိုးကူးခွေပပျောက်ရေးဆိုတာ အင်မတန်မှကဏ္ဍပေါင်းစုံ ဆက်စပ်ပတ်သက်နေတာ ပေါ့နော်၊ ကြာလည်းတော်တော်ကြာရှည်နေပြီ၊ ပြဿနာဖြေရှင်းဖို့ဆိုရင် သက်ဆိုင်တဲ့သူတွေ အားလုံးပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ အနုပညာလောကသားတွေ၊ အနုပညာထုတ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ အနုပညာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ မူပိုင်ခွင့်ကိစ္စတွေကို တက်ကြွစွာဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်စည်းဝေးတိုင်ပင်ပြီးတော့ ဒါကိုရည်တိုဘယ်လိုဖြေရှင်းမလဲ ဆိုတာနည်းလမ်းရှာပြီးတော့ ဆောင်ရွက်နေပါတယ်။” ခိုးကူခွေပြဿနာဖြစ်ပွားနေရတာဟာ လုပ်ထုံးလုပ်နည်းတွေအရ အားနည်းမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ရုပ်ရှင်လုပ်ငန်းဦးမော့ဖို့ ရုပ်ရှင်ရုံများတည်ရှိရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်ပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံကို နိုင်ငံတကာအဆင့်အတန်းမီ ရုပ်ရှင်ရုံတွေအဖြစ် အဆင်မြှင့်တင်နေပြီး ရုပ်ရှင်ရုံ ၁၉ ရုံကို Digital စနစ်နဲ့ ပြသနိုင်တဲ့ ရုပ်ရှင်ရုံတွေအဖြစ် အဆင့်မြှင့်တင်နေပါတယ်။ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဝဇီရာရုပ်ရှင်ရုံကို အမေရိကန်သံရုံးရဲ့ အကူအညီနဲ့ Red Carpet Theatre အဖြစ် ပြင်ဆင်နေပြီး ကျန် ရုပ်ရှင်ရုံ ၇ ရုံထဲက ၄ ရုံမှာ မကြာမီကာလအတွင်း Digital စနစ်ကို အဆင်မြှင့်တင်နိုင်တော့မယ်လို့ သိရပါတယ်။ ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံတွေအနေနဲ့ကတော့ လက်ရှိမှာ Digital ရုပ်ရှင်ရုံ ၂၄ ရုံနဲ့ အပြီးရောင်းချထာတဲ့ ရုပ်ရှင်ရုံ ၆ ရုံ ပေါ်ပေါက်နေပြီလို့လည်း သိရပါတယ်။
4 years Ago
Up