ပြည်တော်ဝင်ချိန်

A d v e r t i s e m e n t With Us

November 16, 2015

ပြည်တော်ဝင်ချိန်

ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သတ်မှတ်ချိန်အတွင်း “စနစ်တကျ ချောမွေ့စွာ” အာဏာလွှဲပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ခေါင်းဆောင်တွေကြားမှာ နားလည်မှု မတည်ဆောက်နိုင်ရင် အသွင်ကူးပြောင်းရေးဆိုင်ရာ ပြဿနာတွေ ရှိပါတယ်။ လက်တွေ့အကျဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အတိုင်း  သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ အမြန်ဆုံး တွေ့ဆုံဖို့ပါပဲ။ ဦးရွှေမန်းက  နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဖို့ သဘောတူပြီးဖြစ်လို့ သမ္မတ၊ ကာချုပ်တို့ကလည်း အကြောင်းပြန်ထားတဲ့အတိုင်း အမျိုးသား ရင်ကြားစေ့ရေးမူအပေါ် အခြေခံတဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲတွေ ဖြစ်နိုင်သမျှ အစောဆုံး ပြုလုပ်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ တောင်အာဖရိက အပြောင်းအလဲ အောင်မြင်ရတဲ့ လျှို့ဝှက်ချက်က မန်ဒဲလားနဲ့ ဒီကလက်တို့ကြားမှာ မျက်နှာချင်း မဆိုင်ချင်တဲ့ အချိန်တွေမှာတောင် စာချင်း အဆက်မသွယ် မပြတ်ခဲ့တာပါ။  ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း မြန်မာပြည်အတွက် တောင်အာဖရိကဆီက သင်ခန်းစာတွေ ရှိပါတယ်။ ၁၉၉၁ - ၉၂ ကာလအတွင်းမှာ ဒီကလက် ခေါင်းဆောင်တဲ့ လူဖြူအစိုးရနဲ့ မန်ဒဲလား ခေါင်းဆောင်တဲ့ အေအန်စီတို့ကြားမှာ ညှိနှိုင်းပြီး ၁၉၉၃ ခုနှစ်မှာ ကြားကာလ ဖွဲ့စည်းပုံတရပ်ကို သဘောတူခဲ့ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ဒီလို ကြားကာလ ဖွဲ့စည်းပုံကို ကျန်ခဲ့တဲ့ နှစ်တွေမှာကတည်းက သဘောတူညီနိုင်ခဲ့ရင် အာဏာရပါတီအတွက် အခုလောက် ဆုံးရှုံးစရာ မရှိဘူးလို့ တွက်မိပါတယ်။  ဒါပေမယ့် အခုလည်း အချိန်မနှောင်းသေးပါဘူး။ တောင်အာဖရိကပုံစံ အသွင်ကူးပြောင်းရေးကာလ အာဏာခွဲဝေရေးအရ ရွေးကောက်ပွဲမှာ ၂၀ ရာခိုင်နှုန်းနဲ့အထက် အနိုင်ရတဲ့ ပါတီတွေဟာ ဒုတိယသမ္မတကို နာမည်စာရင်း တင်သွင်းနိုင်ပါတယ်။ မဲ ၅ ရာခိုင်နှုန်းရတဲ့ ပါတီတိုင်းဟာလည်း ကက်ဘိနက်ဝန်ကြီးတယောက်ကို အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ အစိုးရဌာနတွေနဲ့ အမာခံ စစ်တပ်အရာရှိတွေကိုလည်း မူလ နေရာတွေမှာပဲ ဆက်ခန့်ထားဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၉၄ ဧပြီ ၂၇ ရွေးကောက်ပွဲမှာ အာဏာရ နေရှင်နယ်ပါတီက ၂၀ ရာခိုင်နှုန်း စွန်းစွန်းပဲ အနိုင်ရပေမယ့် လူဖြူခေါင်းဆောင် ဒီကလက်ဟာ သမ္မတ မန်ဒဲလား လက်အောက်မှာ ဒုတိယသမ္မတ ဖြစ်လာပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်အရဆိုရင် လွှတ်တော်နှစ်ရပ်စလုံးက တင်မယ့် သမ္မတလောင်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လွတ်လွတ်ကျွတ်ကျွတ် တင်နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ ၄၀ ကျော်ရုံပဲ ရရှိတဲ့အတွက် ဒုတိယသမ္မတလောင်း တင်နိုင်ဖို့ အခွင့်အလမ်း မရှိပါဘူး။ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကတော့ ဒုတိယသမ္မတ တယောက်ကို တင်နိုင်ပါလိမ့်မယ်။ တောင်အာဖရိကမှာလည်း နေရှင်နယ်ပါတီက ရေရည် အာဏာခွဲဝေရေးကို မျှော်မှန်းကြိုးစားခဲ့တာ၊ အနည်းစု ဗီတိုအာဏာကို ကြိုးစားခဲ့တာတွေဟာ မြန်မာပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က ယူထားတဲ့ အာဏာမျိုးနဲ့ ဆင်တူပါတယ်။ လူဖြူတွေဟာ လက်တွေ့မှာ ဒီလိုလုပ်နိုင်တဲ့အင်အား မရှိခဲ့သလို လွှတ်တော်တွင်းက မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍဟာလည်း Legitimacy အရ လမ်းဆုံးနေပြီလို့ ပြောရင် ရပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်က အခရာ ကျလာပါတယ်။ တောင်အာဖရိကမှာ ၁၉၉၉ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းပုံအသစ်က စတင်အသက်ဝင်တဲ့ အထိလည်း လူဖြူ လူနည်းစုအတွက် အာမခံချက်ပေးတဲ့ ပုဒ်မတချို့ကတော့ ဆက်ရှိနေပါတယ်။ ဒီထဲမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေအတွက် အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် (အမှန်တရားနှင့် သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ အလဲအလှယ်) ပင်စင်လစာတွေကို အာမခံ၊ ရာထူးကနေ အနားပေးတဲ့ ဗျူရိုကရက်တွေကို ခံစားခွင့် ရက်ရက်ရောရောပေးတာ၊ လက်ဝယ် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို အာမခံတာမျိုးတွေ ပါဝင်ပါတယ်။ အရေးကြီးတာက နိုင်ငံရေး အခင်းအကျင်းသစ်ကို အဟန့်အတား မဖြစ်ဖို့ပါပဲ။ မြန်မာစစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလုံးစုံပြင်ဆင်ဖို့ အထိတော့ လက်မခံနိုင်တာ ရှင်းပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မယ်ဆိုရင် တောင်အာဖရိကပုံစံ အပေးအယူ သဘောတွေကို စဉ်းစားသင့်ပါတယ်။ မြန်မာစစ်တပ်က ဒီမိုကရေစီ မျှော်လင့်ချက်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တဲ့ သမိုင်းကြောင့် အတိုက်အခံအနေနဲ့ ဒီလို အပေးအယူလုပ်ဖို့ မခဲယဉ်းနိုင်ပါဘူး။ မြန်မာပြည်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ များတဲ့အတွက် အပေးအယူ၊ အလဲအလှယ် ကိစ္စတွေအတွက် အခွင့်အရေး ပိုများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း လူထုကို ဖျောင်းဖျ နားချနိုင်တဲ့သြဇာ ရှိနေတာကလည်း ကောင်းတဲ့အချက်ပါပဲ။ ဒါပေမယ့် “အနာသိရင် ဆေးရှိ” ဆိုတဲ့ စကားအတိုင်းပဲ ပထမဆုံး အလုပ်ကတော့ နှစ်ဘက်စလုံးရဲ့ စိုးရိမ်သောကတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ပါပဲ။ စစ်တပ်ဘက်က သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံချက် ရှိစေချင်နေတာလား၊ တပ်က အရာရှိ၊ အရာခံတွေကို အနာဂတ်မှာ ခုံရုံးတင်တာမျိုးကို ရှောင်ရှားချင်တာလား။ စစ်အုပ်ချုပ်ရေးခေတ်က ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းပိုက်ခံရမှာ စိုးရိမ်တာလား စသဖြင့် ကိစ္စမျိုးတွေပါ။ မြန်မာဒီမိုကရက်တွေဘက်က နားလည်ရမယ့်ကိစ္စက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အချိန်ကာလတခု ကြာနိုင်ပေမယ့် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်မှာ ရှေ့တိုးနေဖို့ ပိုအရေးကြီးတယ်ဆိုတာပါ။ နောက်တခုကတော့ အင်ဒိုနီးရှား နမူနာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားပုံစံမျိုး စစ်တပ်က စေလွှတ်တဲ့ အမတ်တွေကို သက်တမ်းတခု ခွင့်ပြုတာမျိုး ညှိနှိုင်းနိုင်ပါတယ်။ စစ်တပ်က ၀န်ကြီးဌာန ၃ ခုကို ခန့်အပ်နိုင်တဲ့ ပြဋ္ဌာန်းချက်ကို သက်တမ်းတခု ခွင့်ပြုတာမျိုး ဖြစ်နိုင်ပါတယ်။ စစ်တပ်ဘက်က စဉ်းစားရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ အင်ဒိုနီးရှား အကူးအပြောင်းကာလ  စစ်တပ် ပြုပြင်ပြောင်းလဲမှု အဆင့်တွေကို ကြည့်မယ်ဆိုရင်…. ၁။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို သီးခြားစီ ခွဲထုတ်ခဲ့တယ်။ ၂။ နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့်မှာ နဂိုက စစ်တပ်က ရယူထားတဲ့ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ရာထူးနေရာတွေကို ဖျက်သိမ်းပစ်ခဲ့တယ်။ ၃။ လူမှုရေးနဲ့ နိုင်ငံရေးရာရုံးကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်ရေးရာရုံးနဲ့ အစားထိုးခဲ့တယ်။ ၄။ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေဆဲ အရာရှိတွေ အရပ်ဘက် ရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်တဲ့ စနစ်ကိုလည်း ဖျက်သိမ်းပစ်ခဲ့တယ်။ ၅။ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ တာဝန်ထမ်းနေသူများကြားမှာ စစ်ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်းကို သတ်မှတ်ခဲ့ပြီး တချို့ကို တပ်မှ ပင်စင်စောပေးခြင်း၊ တချို့ကို ရှေ့တန်းတာဝန် ထမ်းဆောင်စေခြင်းတွေ ပြုလုပ်ခဲ့တယ်။ ၆။ နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ် အရေအတွက်ကို လျှော့ချခဲ့တယ်။ ၇။ နိုင်ငံရေးမှာ စစ်တပ်က နိစ္စဓူဝ ပါဝင်ပတ်သက်နေမှုကိုလည်း အဆုံးသတ်ခဲ့တယ်။ ၈။ စစ်တပ်နဲ့ ဂိုကာ (Golkar) ပါတီတို့ကြားက ဆက်ဆံရေးကို ကွင်းဆက်ဖြတ်ခဲ့ရုံမက နိုင်ငံရေးပါတီအားလုံးနဲ့ ကင်းကင်းနေခဲ့တယ်။ ၉။ ရွေးကောက်ပွဲတွေမှာ ကြားနေတယ်။ ၁၀။ စစ်တပ်နဲ့ စစ်တပ်နှီးနွယ် အဖွဲ့အစည်းတွေကြားက ဆက်ဆံရေးကိုလည်း ပြောင်းလဲပစ်ခဲ့တယ်။ ၁၁။ စစ်တပ်ရဲ့ မူဝါဒကိုလည်း ပြုပြင်ပြောင်းလဲရေးကာလနဲ့ ကိုက်ညီအောင် ပြုပြင်ခဲ့ပြီး ၂၁ ရာစုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့တယ်။ တောင်အာဖရိက အပြောင်းအလဲ၊ အင်ဒိုနီးရှား အပြောင်းအလဲကိုကြည့်ရင် ခေါင်းဆောင်တွေဟာ ပြည်သူလူထုရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့ တောင်းဆိုမှုတွေကို လက်တွေ့ကျကျ ချဉ်းကပ်ခဲ့ပြီး သားရွှေအိုးထမ်းကိန်းကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါကို မြန်မာပြည်အတွက် သင်ခန်းစာ ထုတ်ယူနိုင်မယ်ဆိုရင် အသွင်ကူးပြောင်းရေးဆိုင်ရာ ပြဿနာတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ နေသွင်
5 years Ago
Up