ပြည်သူ့ဘဏ္ဍာ

April 9, 2019

အင်ဒိုနီးရှားအစိုးရ ပြည်သူ့ဘဏ္ဍာငွေများ ခိုးယူနေဟု သမ္မတလောင်းကိုယ်စားလှယ် ဆူဘီယန်တို ပြော

အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိအစိုးရဟာ ပြည်သူ့ဘဏ္ဍာငွေတွေ ခိုးနေတယ်လို့ သမ္မတလောင်း ကိုယ်စားလှယ် ပရာဘိုဝို ဆူဘီယန်တိုက ဧပြီ ၇ ရက်မှာ သူ့ကိုထောက်ခံတဲ့ လူထုစုဝေးပွဲတခုမှာ ပြောလိုက်ပါတယ်။ အင်ဒိုနီးရှား သမ္မတလောင်း ကိုယ်စားလှယ် ပရာဘိုဝို ဆူဘီယန်တိုဟာ အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုရဲ့ သားမက်ဟောင်းနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။ ဆူဘီယန်တိုနဲ့ သူ့ရဲ့ ဒုသမ္မတလောင်း ကိုယ်စားလှယ် ဆန်ဒီယာဂါ အူနိုတို့ ရွေးကောက်ပွဲ အနိုင်ရရင် တိုင်းပြည်စီးပွားရေးကို ပြန်တည့်မတ်နိုင်ပြီး နိုင်ငံတွင်း ကွဲလွဲမှုတွေကိုလည်း ပြန်ပေါင်းစည်းနိုင်လိမ့်မယ်လို့ ထောက်ခံသူ တော်တော်များများက ယုံကြည်ကြပါတယ်။ သူက အခြေခံအဆောက်အအုံ စီမံကိန်းကို အဓိကလုပ်ဆောင်သွားမယ်လို့ ရည်မှန်းထားပါတယ်။ ဆူဘီယန်တိုက “ကျနော်ကတော့ စိတ်ပျက်နေပါပြီ။ ဒီလောက်နဲ့ တော်လောက်ပါပြီ။ လက်ရှိ နိုင်ငံရဲ့ အခြေအနေက ကျနော် ထိန်းသိမ်းကာကွယ်ခဲ့သလို မဟုတ်တော့ဘူး။ ကျနော့်ဘဝကို ပုံအပ်ရမယ့် သမ္မတနိုင်ငံတော် မဟုတ်တော့ဘူး။ အမျိုးသားခေါင်းဆောင်ကြီး ဆူကာနို တည်ထောင်ခဲ့တဲ့၊ အမျိုးသားခေါင်းဆောင်ကြီး ဟတ်တာ တည်ထောင်ခဲ့တဲ့ သမ္မတနိုင်ငံတော် မဟုတ်တော့ဘူး။ ကျနော်တို့တည်ထောင်ခဲ့တဲ့ နိုင်ငံနဲ့ မတူတော့ဘူး။ ပြည်သူတွေဆီက ခိုးတဲ့နိုင်ငံ ဖြစ်နေပါပြီ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းမှာ သန်းချီတဲ့လူတွေအပေါ် အကျိုးသက်ရောက်နေတဲ့ တရားမဝင် အချက်အလက်တွေကို တွေ့ထားပြီး အဲဒါတွေကို အရေးယူသွားမယ်၊ ဒါမှမဟုတ် ဖြေရှင်းလို့မရရင် ပြည်သူ့အင်အား သုံးသွားမယ်လို့ အတိုက်အခံတွေက ပြောခဲ့ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ အင်ဒိုနီးရှားမှာ ဧပြီ ၁၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပသွားမှာပါ။ လက်ရှိ လူထုထင်မြင်ချက် စစ်တမ်းအရ သမ္မတ ဂျိုကို ဝီဒိုဒိုဟာ အတိုက်အခံ ဆူဘီယန်တိုထက် ၂၀ ရာခိုင်နှုန်းနီးပါး အသာရနေပါတယ်။
3 years Ago
Up