ပြည်သူ့ပါတီ

December 2, 2018

ပြည်သူ့ပါတီ လွှတ်တော်ထဲရောက်လာချိန်တွင် ပူးပေါင်းဆောင်ရွက်မည်ဟု အန်အယ်လ်ဒီပြော

အန်အယ်လ်ဒီပါတီဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ အများဆုံး ပါဝင်တည်ထောင်ထားတဲ့ ပြည်သူ့ပါတီနဲ့ လွှတ်တော်ထဲရောက်လာချိန်မှာ တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုနှစ်အတွင်း အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ပါတီနဲ့ ဘယ်လို လက်တွဲဆောင်ရွက်ဖို့ ရှိလဲဆိုတဲ့ ဒီဗွီဘီသတင်းဌာနရဲ့မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ “ဒီမိုကရေစီနည်းအရဆိုရင် ကျနော်တို့က အမြဲတမ်းလက်တွဲ ဆောင်ရွက်မှာပါ။ ကျနေခုဏက ပြောသလို အမတ်နေရာကို ခွဲဝေယူတာကတော့ လက်တွဲဆောင်ရွက်တာမျိုး မဟုတ်ပါဘူး။ဒါကတော့ အာဏာရဖို့အတွက် ကျနော်တို့ ညှိနှိုင်းတဲ့သဘောပါ။ အဲဒီတော့ ကျနော်တို့လက်တွဲဆောင်ရွက်မယ်ဆိုတာ သူတို့လည်း သူတို့ကို ထောက်ခံတဲ့ ပြည်သူရဲ့မဲကို တရားသောနည်းအားဖြင့် တောင်းပါ။ ကျနော်တို့လည်း ကျနော်တို့အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူဆီကမဲကို တရားသောနည်းအားဖြင့် တောင်းမှာပါ။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ရပြီးတဲ့အခါမှာ လွှတ်တော်အတွင်းမှာ ကျနော်တို့ တနည်းတဖုံတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ’ ’လို့ ဒေါက်တာမျိုးညွန့်က ၉၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့ပါတယ်။ အန်အယ်လ်ဒီအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုဟာ တန့်နေသလိုဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်မှုတွေ ရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ၀န်ခံပြောဆိုခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဆက်ဆံမှုဟာ အခက်အခဲတချို့ ပြေလည်သွားရင် သိသိသာသာရှေ့တိုးလာမယ်လို့ သူကပြောပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ မဟာမိတ်မူဝါဒကောင်းကောင်းမရှိဘူးဆိုတဲ့ တိုင်းရင်းသားပါတီတချို့ရဲ့ ပြောဆိုမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာခွဲဝေယူရုံနဲ့ အဆင်ပြေမှာ မဟုတ်ဘဲ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ၊ နည်းဗျူဟာမဟာဗျူဟာတွေ အသေးစိတ်ညှိနှိုင်းပြီးရင် လက်မတွဲနိုင်စရာမရှိဘူးလို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - စိုးမိုးအောင်
3 years Ago

August 24, 2018

ပြည်သူ့ပါတီကို ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ခွင့်ပြု

ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့  တည်ထောင်ထားတဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ ပြည်သူ့ပါတီ (The People’s Party ) ကို သြဂုတ် ၂၃ ရက်ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နဲ့ အညီမှတ်ပုံတင်ခွင့်ပြုလိုက်တာလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ရှစ်လေးလုံးပါတီဆိုပြီး လျှောက်ခဲ့ ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ထပ်မံaလျှာက်ခဲ့ ပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးပြည်သူ့ပါတီကိုလည်း ကန့်ကွက်မှုတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရလို့  ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ ပြည်သူ့ပါတီအနေနဲ့ အမည်ပြောင်းလဲကာ ခွင့်ပြုမိန့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပါတယ်။ ပါတီမှတ်ပုံတင်ကျဖို့အတွက် ကန့်ကွက်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပါဘူး။
3 years Ago
Up