ပြည်သူကြိုက်သော ကာတွန်း

July 24, 2015

ပြည်သူ ကြိုက်သော ကာတွန်း

“ကာတွန်းများသည် သမိုင်းကို ပြောနေကြသည်” ဟု ကာတွန်းများကို သီးသန့်ဂုဏ်တင်ရ မည်လားမသိပေ။ အာဏာရှင်များသည် ကာတွန်းများကို အလွန်ကြောက်၏။ ကာတွန်းဆိုလျှင် အမြီးပြန် ခေါင်းပြန် သေချာစစ်ဆေးပြီးမှ ထည့်ခွင့်ပေးသည်။ ယခင်က ဂျာနယ်များမှာ အလွန်ရှားသည်။ ၇၂ ခုနှစ်က ဂျာနယ်များမှာ အလွန်ရှား၏။ စာပေကင်ပေတိုင်မရှိ၍ ရေးချင်ရာရေး၍ ရ၏။ ထိုစဉ်က အစိုးရသည် အမေရိကန်၏ အငြိုအငြင်ကို မခံလိုပေ။ အမေရိကန်နယ်ချဲ့ဟု ထည့်၍မရ။ ကွန်မြူနစ်တစ္ဆေကလည်း ခြောက်ခံနေရ၍ ကွန်မြူနစ်ဟု ထည့်မရေးရပေ။ သို့သော် စာပေကင်ပေတိုင် ခေတ်ကထက် သာပါသည်။ ထိုအချိန်က စာရေးခဲ့သော စာရေးဆရာများမှာ စစ်အာဏာရှင်များ၏ အနိဋ္ဌာရုံကို ကောင်းကောင်း ခံစားခဲ့ရပါသည်။ သို့သော် စာပေသမားများမှာ ဆီလို အပေါက်ရှာတတ်သူများဟု ဆိုရပေသည်။ ရသည့်အပေါက်မှ ကတ်သီးကတ်သတ် ရေးတတ်၏။ ကာတွန်းဆိုလျှင် ကာတွန်းမဆွဲရဟု မပိတ်ပင်သော်လည်း ကာတွန်းကို စစ်စစ် ပေါက်ပေါက် ရှာဖွေတတ်သည်။ ထိုထဲတွင် သူတို့ စစ်စစ်ပေါက်ပေါက် ရှာဖွေရသည်မှာ အော်ပီကျယ်၏ ကာတွန်းများကို ရှာဖတ်ကြသည်။ ကဗျာဆရာများကိုလည်း သူတို့ ကြောက်ကြ၏။ အပိတ်ခံရဆုံးမှာ မော်ဒန်ကဗျာဆရာများ ဖြစ်သည်။ လေးလုံးစပ် ကဗျာဆရာများ၌ သူတို့ ဒေါက်ထောက်ကြည့်ခံရသူများတွင် ဆရာဗန်းမော်ညိုနွဲ့ ပါဝင်လေသည်။ ယခုမူ ကာတွန်းများ တစခန်းထလာပြီဟု ဆိုရမည်။ အစိုးရ နုတ်ထွက်ပေးရေးအတွက် အန္တရယ် မရှိသေးသရွေ့၊ စစ်တပ်၏ လွှမ်းမိုးမှု လျော့ပေါ့ပေးရမည်ဟု အပြင်းအထန် မလှုပ်ရှားသေးသရွေ့ စာပေနှင့် စာနယ်ဇင်းလောကတွင် ရေးချင်တာရေးခွင့်ပေးထားသော အခြေအနေမျိုးကိုကား အထိုက်အလျောက် ရရှိနေပေသည်။ လွတ်လပ်ပြီဟုကား ကြွေးကြော်၍ မရနိုင်။ အဖမ်းခံရ၊ တရားစွဲခံရသော စာနယ်ဇင်းသမား ၄၇ ယောက်ရှိပြီဟု ဆို၏။ ထောင်ကျသွားသူ ၁၄ ယောက် ရှိလေသည်။ မြန်မာသံတော်ဆင့်မှာ အယ်ဒီတာအပါအဝင် ၁၁ ယောက် တရားစွဲခံထားရပြီး ထိုစံချိန်ကိုချိုးကာ Daily Eleven မှ ၁၇ ယောက်အထိ တရားစွဲခံထားရလေသည်။ စာပေလွတ်လပ်ခွင့်ဟုပင်သုံးနှုန်း၍ မရတော့ပေ။ သို့သော် ကာတွန်းဆရာများသည် လေငြိမ်၊ ရေငြိမ်နေရာမှနေ လေထန်၊ ရေဆန်လာသောအခါ မိမိတို့ ရရှိသောဘက်မှ ထွက်ပေါက်ရှာကာ ရေးလာကြသည့်အခါ အားလည်းအားရ၊ ကျေးဇူးလည်း တင်ရပါသည်။ တော်ဝင်နှင်းဆီခန်းမတွင် စာပေစာနယ်ဇင်းသမားများ၊ ကာတွန်းဆရာများနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည် ဂျာနယ်၊ မဂ္ဂဇင်းများကို လှန်လိုက်လျှင် ပထမဆုံး ကာတွန်းများကို ကြည့်ကြောင်း၊ အလွန်အားရကျေနပ်ကြောင်း ပြောဆိုသွားလေသည်။ အားလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားတူကြပေမည်။ ကာတွန်းများမှာ အားရစရာလည်းကောင်း သရော်ချက်မှာ ရယ်စရာလည်း ကောင်းလှလေသည်။ ၂ဝ၁၅ ဇွန်လ (၂၃) ထုတ် Daily Eleven သတင်းစာတွင်ပါသော ကာတွန်းတပုဒ်တွင် စာအုပ်ဆိုင်တဆိုင်ရှေ့တွင် လူတယောက်ရပ်ကာ လက်နှစ်ဖက်တွင် စာအုပ်များကိုင်ကာ ဝယ်သူကို ရှင်းပြနေပါသည်။ အပေါ်မှ စာမှာ - “ ၅ နှစ်တာခရီး၊ ၂ အုပ်တွဲထွက်တယ်ခင်ဗျ။ ဒါက အပြောပေါင်းချုပ်။ စာမျက်နှာက ဖိုးတွမ် တီး (၄၂ဝ) မျက်နှာပေါ့။ ဒါက အလုပ်ပေါင်းချုပ် စာမျက်နှာ (၁၈) မျက်နှာ ပါခင်ဗျာ။” ဟု ရေးထားလေသည်။ ကာတွန်း ကြည့်သူက စဉ်းစားကြည့်၏။ ၅ နှစ်တာခရီးတွင် အပြော ကြီးခဲ့သူများကို သတိထားမိလာသည်။ ထိုထဲတွင် အပြောဆိုးသော သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ဝန်ကြီးများကိုလည်း မြင်ယောင်လာ၏။ နယ်လှည့်ပါးရိုက်လာပြီး ယခုလည်း ပါးရိုက်ဖို့ ဝန်မလေးသော ဝန်ကြီးမျိုး၊ လယ်သမားများကို တနေ့ထမင်းတနပ်သာ စားခိုင်းသော စိုက်ပျိုးရေးဝန်ကြီးမျိုး၊ မီးမလာရင်လည်း စိတ်ပူစရာမလိုဘဲ ဖယောင်းတိုင်ထွန်း၍ နေသင့်ကြောင်း ပြောခဲ့သည့် သမ္မတ၏ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်မျိုး၊ တရုတ်ကို ကျေးဇူးလည်းတင်ရ၊ ကြောက်လည်း ကြောက်ရပါသည်ဟု ဝန်ခံရင်ဖွင့်သွားသော ဝန်ကြီးမျိုး၊ လူတယောက်တနေ့ ဝင်ငွေ ၂ဝဝဝ ဆိုရင် လုံလောက်ပြီဟု ပြောသွားသည့် ဒုတိယသမ္မတမျိုး၊ ပြည်သူများကို နွားနို့ သောက်ပါဟု လူသန်း ၅ဝ ကျော်ကို ပြောခဲ့သည့် သမ္မတမျိုး၊ အစိုးရစတက်စဉ်က သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်စေရမည်ဟု ပြောဆိုခဲ့သည့် သမ္မတမျိုးကို စဉ်းစား ကြည့်လျှင် ထိုကာတွန်းပါ အပြောပေါင်းချုပ် စာအုပ်ကို သွားမြင်မိသလို စာမျက်နှာကလည်း  ဖိုးတွမ်တီး (၄၂ဝ) ဟု ဆိုသဖြင့် ပုဒ်မ ၄၂ဝ ကို ပြန်တွေးမိပါသည်။ ထိုအတူ အလုပ်ပေါင်းချုပ်ဆိုပြီး စာမျက်နှာ (၁၈) မျက်နှာ ဆိုသောကြောင့် (၁၈) ဂဏန်းကို တွေးမိပြန်၏။ (၁၈) ဂဏန်းမှာ ယနေ့ကာလ၌ လူတိုင်းလိုလို မှတ်မိနေသော ဂဏန်းဖြစ်၏။ ပုဒ်မ (၁၈) ဖြစ်၏။ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိသည်ဟု ဖွဲ့စည်းပုံတွင် ထည့်ထား၊ ကြေညာထားပြီး ယခင်က ဒဏ်ငွေဖြင့်သာ ပြီးသော်လည်း ယခုအခါ ထောင် ၃ လ လှိုင်လှိုင်ချနေသော ပုဒ်မ ဖြစ်၏။ စစ်တပ်တဖြစ်လည်း အရပ်သားတပိုင်း အစိုးရ၏ မီးစတဖက်၊ ရေမှုတ်တဖက် ဒီမိုကရေစီကို သွားမြင်မိပါသည်။ ယခုအခါ၌ ကဗျာစာအုပ်များလည်း လှိုင်လှိုင်ထွက်၏။ ကဗျာဆရာများမှာလည်း ရေးနိင် စွမ်းအား ကောင်းသည်။ နိုင်ငံရေးစာအုပ်များလည်း အများအပြားထွက်လာသည်။ စာရေးဆရာများလည်း အရေအတွက် တိုးလာပါသည်။ အပြောကောင်းပြီး အလုပ်မကောင်းသော အစိုးရကို ဝေဖန်သည့်စာများကို ပရိသတ်က ဖတ်လာသည်။ ဂျာနယ်များတွင် ကာတွန်းကောင်းများလည်း လိုလာသည်။ ထို့ပြင် ပုဂ္ဂလိက သတင်းစာများကိုလည်း လူထုက ဝယ်ဖတ်လာလေသည်။ သို့သော် သတင်းစာများမှာ ရှုံးမြဲရှုံးနေဆဲဖြစ်၏။ ရှုံးရသည့် အကြောင်းအရင်းတွင် ကြော်ငြာမရခြင်းလည်း ပါသည်ဟု ဆို၏။ Daily Eleven တို့ မြန်မာစံတော် ချိန်တို့၊ ဆဲဗင်းဒေး၊ Voice တို့ကို ပုံမှန်လိုလို ဖတ်ဖြစ်ပါသည်။ ဖတ်စရာလည်း ပါသလို သတင်းလည်း စုံပါသည်။ သို့သော် ထိုပုဂ္ဂလိက သတင်းစာများခမြာ အလူးလူးအလဲလဲနှင့် နေ့စဉ်ထွက်ဖို့ အားထုတ်နေရသည်ဟု ကြားရသောအခါ စိတ်မကောင်းဖြစ်ရပါသည်။ ထိုသတင်းစာများကို ဖတ်လျှင်လည်း ကာတွန်းကို အရင်ကြည့်မိ၏။ ဇွန်လ ၁၉ ရက်နေ့ထုတ် Daily Eleven ထဲတွင်ပါသော ကာတွန်းတပုဒ်ကို သဘောကျမိပါသည်။ ထိုကာတွန်းထဲတွင် လူတယောက်က ဒေါနှင့် မောနှင့် ရှေ့သို့ ဆက်လျှောက်သွားသည်။ သူ့နောက်တွင် လူတယောက်မှာ ပါးစပ်ကလေးပြဲကာ ခေါင်းပေါ်မှ ခမောက်ကလေးလွင့်နေသည်။ အပေါ်မှ စာမှာ ဤသို့ ဖော်ပြထားပါသည်။ အပေါ်ကွက်တွင် “နာစရာ ရှိရင် နာစရာနဲ့ပဲဖြေပေါ့ကွာ” ဟု ရေးထားပြီး ဘေး၌ “လွမ်းစရာ နဲ့ဖြေရမယ်ဆို” ဟုရေးထားပြီး အောက်တကွက်တွင် “လွမ်းစရာမှမရှိတာ” ဟု ရေးထားလေသည်။ မဆလ တပါတီအာဏာရှင်စနစ် အုပ်ချုပ်စဉ်က ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက မိန့်ခွန်းများကို မစားရဝမခန်း ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိ၏။ ထိုသို့ ပြောရာတွင် မိမိတို့နှင့် မသင့်သူများကို အငြိုးအတေးမထားရသည့်သဘော သူတော်ကောင်းယောင်ဆောင်ကာ ပြောလေ့ရှိ၏။ (ဗိုလ်နေဝင်း၏တပည့်ရင်း အညမညနိင်ငံရေးသီအိုရီကို တီထွင်ပြီး တိုင်းပြည်ချောက်ထဲကျစေသော ဦးချစ်လှိုင်၏ စာအုပ်ထဲ၌ ဗိုလ်နေဝင်းသည် အာဏာမသိမ်းခင်ကသာ ဗုဒ္ဓ၏တရားများကို လေ့လာဆည်းပူးခဲ့ရလျှင် တနည်းပြောရလျှင် မိုးကုတ်ဆရာတော်လား မသိ ဆရာတော်၏ တရားများကိုသာ ကျင့်ကြံအားထုတ်ခဲ့ရလျှင် အာဏာသိမ်းမှာ မဟုတ်သည့်အကြောင်း ဦးချစ်လှိုင်ကို လေပြေထိုးခဲ့သည့်အကြောင်း ရေးသားထားသည်ကို ဖတ်ရသည်။ မိကျောင်း မျက်ရည်ကျပြသည့်သဘောပင်။) ထိုသို့ မဆလဥက္က ကြီး ဦးနေဝင်း တရားဟောရာ၌ နာစရာမရှိလျှင် လွမ်းစရာနှင့် ဖြေရမည်ဟု ပြောကြားခဲ့သော မိန့်ခွန်းမှ ထိုအချိန်က ကျော်ကြားခဲ့ပါသည်။ ဗိုလ်နေဝင်းကို မျက်နှာလို မျက်နှာရလုပ်လိုသော ဦးသိန်းဖေမြင့်တို့၊ ဝိဒူရ သခင်ချစ်မောင်တို့ ဆိုလျှင် အလွန်သဘောကျကြလေသည်။ ထိုမိန့်ခွန်းကို ကိုးကားပြီး နာစရာ ရှိလျှင် လွမ်းစရာနှင့် ဖြေရမည်ဟု လှိုင်လှိုင်သုံးခဲ့ကြသည်။ နာစရာရှိလျှင် အသေသတ်သည်မှာ ထိုအချိန်က မဆလနှင့် စစ်အာဏာရှင်တို့သာ ဖြစ်သည်။ ယခုကာတွန်းတွင် “လွမ်းစရာမှ မရှိတာ” ဆိုသော စာပိုဒ်လေးကို တွေ့လိုက်ရသဖြင့် အလွန်သဘောကျစရာ ကောင်းသွား၏။ မှန်ပါသည်။ ပြည်သူလူထုအဖို့ စစ်အာဏာရှင် အဟောင်းအသစ်များတိုင်းပြည်ကို ချောက်ထဲဆွဲချ၊ တိုင်းပြည်သယံဇာတများကို ကိုယ်ကျိုးအတွက်သုံး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်ခဲ့သော၊ လုပ်နေဆဲဖြစ်သော ဖိနှိပ်သူများကို ပြည်သူက ဘာကြောင့် လွမ်းနေဦးမှာလဲ။ ထိုသူများမှာ လွမ်းစရာ ဘာမှမရှိ။ တိုင်းပြည်အတွက် ဘာမှမလုပ်ခဲ့။ လူထုအ တွက် ကျန်းမာရေးဆိုသည်မှာလည်း ပိုက်ဆံမရှိလျှင် အထူးကုဖြင့် ကု၍မရ။ ဆေးရုံတက်လျှင်လည်း အစိုးရက အလွန်စိတ်ကောင်း စေတနာထားရှိကာ လူနာတ၀က်၊ ဆေးရုံတ၀က် ကုသစရိတ်ပေးရေးဆိုသည်မှာ ကုသစရိတ် ၁ဝ သိန်းဆိုလျှင် လူနာက ၅ သိန်း မပေးနိုင်ပေ။ တနိုင်ငံလုံးရှိ သစ်တောများလည်း ခုတ်ယူရောင်းချခဲ့ပြီးပြီ။ ကျောက်သံပတ္တမြား၊ ရေနံ၊ သဘာဝဓာတ်ငွေ့များကိုလည်း ရောင်းချခဲ့ပြီးပြီ။ ရောင်းချ၍ ရသမျှကိုလည်း တိုင်းရင်းသားများကို သုတ်သင်ချေမှုန်းဖို့ ပြည်ထောင်စုသားချင်း မျိုးပြုတ်ဖို့အတွက် စစ်အသုံးစရိတ်အဖြစ် လုပ်ခဲ့သည်။ ထိုသို့လူများကို လွမ်းစရာဘယ်ရှိပါ့မလဲ။ ပညာရေးတွင်လည်း နောက်ဆုံး ဘိတ်တွင် ရှိပြီး အင်္ဂလန်တွင် ပညာဆက်သင်ချင်ပါက ဝင်ခွင့်စာမေးပွဲဖြေရသည့် နိမ့်ကျသည့်ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းမရှိပဲ ယခင်က အိမ်နီးချင်းကုလားများကို ခေါ်၍ ခိုင်းခဲ့ရသော မြန်မာနိုင်ငံမှာ ယခုအခါ ထိုင်း၊ မလေးရှား စသော နိုင်ငံများတွင် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် လုပ်နေကြရသည်။ ငါးဖမ်းသင်္ဘောများ၌ ကျွန်များအဖြစ်ပင် လုပ်နေကြရလေသည်။ ထိုသို့ ချွတ်ခြုံကျအောင် လုပ်ခဲ့သော သူများကို အဘယ်ကြောင့် လွမ်းစရာများ ရှိနေကြပါ့မလဲ။ နောက်ကာတွန်းတပုဒ်မှာ ဇွန်လ ၂၃ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာတွင် ဖြစ် သည်။ ကာတွန်းဆရာမှာ အနီငွေ့ဖြစ်ပါသည်။ ကာတွန်းထဲတွင် လူ ၂ ယောက်စကားပြောနေသည့် ပုံပါရှိပြီး အပေါ်မှ စာများမှာ - “မေးလည်း မေးချင်တယ်။ မေးလည်း မမေးရဲဘူး” “ဘာကိုလဲဗျ” “ဒီမိုကရေစီ ဖော်ဆောင်ကြမယ့် ပါတီတွေမှာ ပါတီတွင်း ဒီမိုကရေစီရောရှိကြရဲ့လား… လို့” ဟူ၍ ဖြစ်၏။ ထိုကာတွန်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီပါတီများ၊ အတိုက်အခံပါတီများနှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်နေပါသည်။ မှန်၊ မမှန်ကား ပြောမရပေ။ တသွေး၊ တသံ၊ တမိန့်၊ အမိန့်ပေးမှုများ ပါတီတွင်း ရှိသည်ဆိုသော သတင်းဖြစ်သည်။ ထိုကဲ့သို့ရှိလျှင်လည်း ထိုကာတွန်းကို ဖတ်မိလျှင်၊ ယခုဆောင်းပါးကို ဖတ်မိလျှင် ထိုကဲ့သို့လွှမ်းမိုးထားသော ခေါင်းဆောင်များသည် ဒီမိုကရေစီမရှိသော ပါတီတွင်း၌ ဒီမိုကရေစီမကျသော ကျင့်ကြံလုပ်ကိုင်မှုမျိုးကို အချိန်မီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသည်ဟု မေတ္တာရှေ့ထား၍ အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။ ထက်မြက်
6 years Ago
Up