ပြည်သူများ ဆန္ဒပြ

November 20, 2016

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် နုတ်ထွက်ပေးရန် ပြည်သူများ ဆန္ဒပြ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် နုတ်ထွက်ပေးရေး ရှပ်ဝါ၀တ်ဆန္ဒပြပြည်သူတွေ စနေနေ့က တောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင်ထူထောင်ထားတဲ့ မလေးရှားဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ငွေတွေဘီလီယံနဲ့ချီပြီး ပျောက်ဆုံးနေမှုအတွက် ၀န်ကြီးချုပ်ကို ရုံးတင်စစ်ဆေးအရေးယူဖို့ ဆန္ဒပြသူ တွေက တောင်းဆိုကြတာပါ။ ဒီလူထုဆန္ဒပြပွဲကို ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်လည်း တက်ရောက်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲ မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဟန့်တားတာ၊ ဦးဆောင်စီစဉ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့်လည်း ဒီဆန္ဒပြပွဲကို ဖြစ်အောင် စီစဉ်ခဲ့ကြတာပါ။ “အစိုးရက ဒီဆန္ဒပြပွဲမဖြစ်အောင် ခေါင်းဆောင်တွေကို ဖမ်းဆီးတာတွေ လုပ်မေမယ့်လည်း ၀န်ကြီးချုပ်ကို ဖြုတ်ကို ဖြုတ်ချမယ့် လူထုလှုပ်ရှားမှုကိုတော့ ဟန့်တားနိုင်မှာမဟုတ်ပါဘူး။” လို့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာက ဆန္ဒပြပွဲမှာ ပြောဆိုခဲ့ပါတယ်။ ၀န်ကြီးချုပ်ကို ဖြုတ်ချရေး ဦးဆောင် လှုပ်ရှားနေတဲ့ ဘာစီ Bersih လူထုလှုပ်ရှားမှုအဖွဲ့ကို အကြံအဖန်တွေလို့ ၀န်ကြီးချုပ်က သူ့ရဲ့ဘလော့မှာ ရေးသားခဲ့ပါတယ်။ အတိုက်အခံတွေရဲ့ လက်ကိုင်တုတ်သာဖြစ်ပြီး ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချဖို့ လုပ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒီလူထုဆန္ဒပြပွဲကြီးကို “သန့်ရှင်းရေး” လို့အဓိပ္ဗါယ်ရတဲ့ “ဘာစီ” လူထုလှုပ်ရှားမှုအဖွဲ့က စီစဉ်ခဲ့တာဖြစ်ပြီး ဒီတကြိမ်ဟာ ဒုတိယအကြိမ် လူထုဆန္ဒပြပွဲကြီးဖြစ်ပါတယ်။ ၁၅ လအတွင်း ၀န်ကြီးချုပ် နာဂျစ်ရာဇတ် အစိုးရက နှုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီဆန္ဒပြပွဲကြီး ကျင်းပတဲ့ တချိန်ထဲမှာပဲ အစိုးရကို ထောက်ခံတဲ့ ရှပ်နီ တန်ပြန်ဆန္ဒပြပွဲငယ်တခု ကျင်းပခဲ့ကြပါတယ်။
5 years Ago
Up