ပြည်သူများ

May 18, 2018

ပြည်သူများ အစမ်းသပ်ခံမဖြစ်စေရေး ကျန်းမာရေးလုပ်ငန်းများကို စစ်ဆေးနေဟု ဝန်ကြီးပြော

အသိအမှတ်မပြုသေးတဲ့ ကုထုံးတွေ၊ ဆေးတွေကြောင့် ပြည်သူတွေ အစမ်းသပ်ခံ မဖြစ်စေချင်လို့ ကျန်းမာရေးလုပ်ငန်းတွေကို ရှောင်တခင်စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးရုံးမှာ မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနဲ့ ကိုယ်ပိုင်ဆေးကုဂေဟာတွေ တွေ့ဆုံပွဲမှာ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့တာပါ။ “ကျနော်တို့အနေနဲ့ ရှောင်တခင်စစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းစင်တာ ကြီးကြပ်ရေးကော်မတီက ဆေးခန်းတွေ ဖွင့်တဲ့အချိန်က စပြီး ဆေးရုံ၊ ဆေးခန်းအားလုံးကို စိစစ်မှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ သတင်းရရင် ရသလို စိစစ်ဆောင်ရွက်နေတာ ရှိပါတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေကို ဝင်စစ်တာတွေ ရှိတယ်။ ဘာကြောင့် ဒီလို ဆောင်ရွက်ရတာလဲဆိုရင် ကျနော်တို့နိုင်ငံမှာ အားလုံးဥပဒေနဲ့အညီ နေထိုင်မယ်ဆိုရင် ဥပဒေစိုးမိုးမှု ရှိလာမယ်။ ဥပဒေစိုးမိုးမှုကတဆင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံသားတွေအနေနဲ့ အစမ်းသပ်ခံသဘောမျိုး မဖြစ်စေချင်ဘူး။” နိုင်ငံတော်က အသိအမှတ်မပြုသေးတဲ့ ကုထုံးတွေနဲ့ ဆေးတွေကြောင့် ပြည်သူတွေ အစမ်းသပ်ခံ မဖြစ်စေချင်လို့ ကျန်းမာရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ၀န်ကြီးက တိုက်တွန်းပါတယ်။ ပုဂ္ဂလိကဆေးခန်းတွေ ပြိုင်ဆိုင်မှု အားကောင်းလာရင် ကျန်းမာရေးစရိတ် ပိုမိုနည်းပါးလာမှာ ဖြစ်သလို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိလာမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က မပေးနိုင်တဲ့ ဝန်ဆောင်မှု အခွင့်အလမ်းတွေ ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဥပဒေအရ ဆောင်ရွက်ကြဖို့ ဝန်ကြီးက တိုက်တွန်းပါတယ်။ “ဥပဒေနဲ့အညီ နိုင်ငံသားတွေကို လက်တွဲဆောင်ရွက်စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒီလိုစိစစ်တဲ့အခါမှာ ပထမရည်ရွယ်ချက်တချက်ကတော့ ပုဂ္ဂလိက လုပ်ငန်းလိုင်စင် ရှိ၊ မရှိ စိစစ်ပါတယ်။ တရားမဝင်နိုင်ငံခြားသား ဆေးကုသသူများ တရားမဝင်ဆေး ကုသပေးခြင်း ရှိ၊ မရှိကို စိစစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်ကမ်းတွေကို လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်ပါတယ်’’လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။ ပုဂ္ဂလိကဆေးခန်းတွေအတွက် ၂၀၀၃ ခုနှစ်မှာ ဆေးကောင်စီက ထုတ်ပြန်ထားတဲ့ ဆေးနဲ့ပတ်သက်တဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာ ဆေးပညာအသိဉာဏ် ချို့တဲ့သူတွေအပေါ်မှာ အခွင့်ကောင်းယူပြီး ရောဂါအပေါင်း ပျောက်ကင်းမယ်လို့  ကြော်ငြာတာ မပြုလုပ်ရလို့ အတိအလင်း ဖော်ပြထားပါတယ်။ Photo : Yangon Region Government
3 years Ago

March 1, 2017

ပြည်သူများ အမေရိကန်စိတ်ဓာတ် ပြန်နိုးကြားလာပြီဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လွှတ်တော်မှာ ပထမဆုံးအကြိမ်မိန့်ခွန်းပြောကြားခဲ့ပြီး သူ့ရဲ့ သမ္မတသက်တမ်း ၁ လကျော်အတွင်း ပြည်သူတွေ အမေရိကန်စိတ်ဓာတ် ပြန်လည်နိုးကြားလာကြပြီလို့ ပြောဆိုပါတယ်။ မိန့်ခွန်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ တက်တက်ကြွကြွပြောဆိုခဲ့ပြီး သူ့ရဲဦးဆောင်မှုနဲ့ အမေရိကန်တခေတ် ပြန်လည်ဆန်းသစ်ပြီလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က ဖီလာဒယ်ဖီးယားမြို့မှာ ဂျူးသချိုင်းတခုကို ဖျက်ဆီးမခံရမှု၊ ကန်းဆက်မြို့မှာ အိန္ဒိယကျောင်းသားတဦးကို မွတ်စလင်နဲ့ မှားပြီး ပစ်သတ်မှုတွေဟာ အမေရိကန်လူထုအတွင်း သွေးကွဲနေမှုကို ၀န်ခံခဲ့ပြီး အဲဒီလို အမုန်းတရားလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နေတိုးမဟာမိတ်တပ်ဖွဲ့ကို အပြည့်အ၀ထောက်ခံပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့အတိုင်း ကာကွယ်ရေးအသုံးစရိတ်ထည့်ဝင်ဖို့ ထပ်မံပြောဆိုပါတယ်။ သမ္မတ အိုဘားမားလုပ်ခဲ့တဲ့ ObamaCare ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို တခြားတခုနဲ့ အစားထိုးဖို့၊ အမေရိကန်လူလတ်တန်းစားတွေအတွက် အခွန်လျော့ချပေးဖို့ ကိစ္စတွေပြောဆိုပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ မပြောဆိုခဲ့ပါဘူး။ နိုင်ငံတ၀န်း အခြေခံအဆောက်အဦပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက်လည်း အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို လွှတ်တော်ဆီက တောင်းခံသွားမယ်လို့လည်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်တပ်ဖွဲ့ကို ဒီကမ္ဘာပေါ်ကနေ အမြတ်ဖြတ်ချေမှုန်းမယ်လို့ ပြောဆိုခဲ့ချိန်မှာတော့ လွှတ်တော်တခုလုံး လက်ခုပ်လက်ဝါး သောင်းသောင်းဖျဖျတီးပြီး ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
5 years Ago
Up