ပြည်သူချစ်သော လူထုဒေါ်အမာ နှစ် (၁၀၀)

July 19, 2015

မြန်မာ့အစ ရှာပုံတော်

“မြန်မာအစ တကောင်းက” ဆိုတဲ့ အစဉ်အလာအယူအဆက မှေးမှိန်လာပြီး      “မြန်မာအစ ကျောက်ဆည်က” အယူအဆက ထွန်းကားလာတယ်။ သမိုင်းပညာရှင် ရဟန်းတော် အရှင်ပဏ္ဍိတာနန္ဒရဲ့ ကျားကုတ်ကျားခဲ လေ့လာဖော်ထုတ်မှုကြောင့် “မြန်မာအစ…” ကိစ္စက တပတ်လည်ပြီး စိတ်ဝင်စားစရာ ရှင်သန်လာပြန်ပါတယ်။ ယခုအခါ ကျနော် တကောင်းမြို့ဟောင်းကို ရောက်ရှိနေပါတယ်။ မြိုဟောင်းအ၀င်မှာ “တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” ဆိုတဲ့ မုခ်ဦးကြီးက ထီးထီးမားမား ရှိနေတယ်။ မုခ်ဦး တဘက်တချက်စီမှာ အစာင့်နတ်ရုပ်ကြီး ၂ ရုပ်က ခန့်ငြားတယ်။ ကျနော်တို့က တကောင်းဝိဥာဉ်ကို ပြန်လည်ရှင်သန်စေတဲ့ ဆရာတော် အရှင် ပဏ္ဍိတာနန္ဒ သီတင်းသုံးနေတဲ့ ကျောင်းကို အရင်သွားရောက်ပါတယ်။ ဆရာတော်က ရှေးဟောင်းလေးမျက်နှာဘုရားကြီးနဲ့ စည်းခုံတော်ကြီးဘုရားအနီးမှာ ကျောင်းထိုင်ပြီး တကောင်း သမိုင်းကို တစိုက်မတ်မတ် သုတေသနပြုနေတယ်။ အရှင် ပဏ္ဍိတာနန္ဒရဲ့ဘ၀ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူ့ငယ်နာမည်က ကိုမင်းဟန် ဖြစ်တယ်။ ၁၀ တန်းကို ထူးထူးချွန်ချွန် အောင်တယ်။ သမိုင်းဘာသာကို မြန်မာတနိုင်ငံလုံ အမှတ်အများဆုံး ရတယ်။ ၁၉၈၅ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ် တက်တယ်။ ဆေးပညာကို စိတ်မပါလို့ သမိုင်းဘာသာအဓိကကို ပြောင်းလဲသင် ယူတယ်။ ၁၉၉၄ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က သမိုင်းအဓိက ၀ိဇ္ဇာ(ဂုဏ်ထူး)၊ ၁၉၉၆ ခုနှစ်မှာ ရှေးဟောင်း သုတေသန ဘွဲ့လွန်ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့တွေ ရပြီး သုတေသနကို စိတ်ဝင်စားတဲ့အတွက် တကောင်းနယ်မြေကို ဧရာဝတီမြစ်ရိုးတလျှောက် ကွင်းဆင်းလေ့လာတယ်။ ၁၉၉၉ ခုနှစ်မှာ ရဟန်းဘောင်ဝင်ရောက်တယ်။ သုတေသန စိတ်က ထက်သန်ဆဲမို့ ယခုအခါ တကောင်းမှာပဲ အခြေချ သီတင်းသုံးနေထိုင်ပါတယ်။ ရဟန်းတော်ဘ၀နဲ့ ရှေးဟောင်းသုတေသန ပညာရပ်ကို အိန္ဒိယနိုင်ငံမှာ ဆက်လက် ဆည်းပူးလေ့လာနေပါ တယ်။ 1တကောင်းမြို့ရဲ့ ထူးခြားချက်တခု ကတော့ ဥတ္တရယဉ်စွန်းတန်းက တကောင်းမြို့ကို ဖြတ် သန်းသွားတယ်။ မန္တလေးမြို့ရဲ့ အထက်(မြောက် ဘက်) ရေမိုင် ၁၂၇ မိုင်ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူးမှာ တည်ရှိတယ်။ တကောင်းမှာ သမိုင်းနဲ့ ဒဏ္ဍာရီတွေ ကြွယ်ဝတယ်။ အဘိရာဇာနဲ့ သာကီဝင်မင်းမျိုးတွေ (အိန္ဒိယ ကပ္ပိလ၀တ်က) ထွက်ပြေးလာပြီး တကောင်းမှာ ထီးနန်းစိုက်တယ်လို့ ဆိုတယ်။ ပန်းဘဲမောင်တင့်တယ်၊ ဧရာဝတီမြစ်ကြောင်း မှာ ဖောင်နဲ့ စုန်ဆင်းပြီး ဗေဒါရီနဲ့ ဆုံတွေ့ရတဲ့ စူဠာသမ္ဘ၀၊ မဟာသမ္ဘ၀မျက်မမြင်ညီနောင်၊ ထီးနန်းရဖို့ မဏ္ဍာပ်အပြိုင်ဆောက်ကြရတယ်ဆိုတဲ့ ကံရာဇာကြီး၊ ကံရာဇာငယ်၊ နဂါးနဲ့ ချစ်ကြိုးသွယ်တယ်ဆိုတဲ့ မိဖုရားနဲ့ သွားပါများ ခရီးရောက်တဲ့ မောင်ပေါက်ကျိုင်း။ တကောင်းနဲ့ ပတ်သက်ပြီး လူသိများတဲ့ ဆိုရိုးစကားကတော့ “မြန်မာအစ တကောင်းက” ဆိုတာပါပဲ။ ဗြိတိသျှသမိုင်းပညာရှင် ပါမောက္ခ ဂျီအိတ်ခ်ျလုစ်က ဒီအဆိုကို အားမပေးဘူး။ မြန်မာတွေက ဗုဒ္ဓမြတ်စွာနဲ့ အမျိုးစပ်ချင်လို့ သာကီဝင် အဘိရာဇာဇာတ်ကို ဖန်တီးခဲ့တာလို့ သူထင်တယ်။ အေဒီ ၈ ရာစုမှာ တရုတ်ပြည်တောင်ပိုင်းကနေ မြင်းတွေနဲ့ ထွက်ခွာလာကြသူတွေဟာ ရပ်စောက်ကတဆင့် ကျောက်ဆည် လွင်ပြင်ကို ဆင်းသက်လာခဲ့ကြဟန်ရှိတယ်ဆိုတဲ့ “မြန်မာအစ ကျောက်ဆည်က” အယူအဆက ထွန်းကား လာတယ်။ ရှေးဟောင်းသုတေသနကို စိတ်ဝင်စားတဲ့ (ဆရာတော်လောင်းလျာ) ကိုမင်းဟန်ရဲ့ နှမငယ်က သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှာ ကျောင်းဆရာမအဖြစ် တာဝန်ကျတယ်။ နှမရှိရာကို ကိုမင်းဟန် လိုက်လာတယ်။ တကောင်းမှာ ရာဇ၀င်တွေနဲ့ ဒဏ္ဍာရီတွေ အများကြီး ရှိပေမယ့် ရှေးဟောင်းသုတေသနဌာန ၀န်ထမ်းတွေက ပါမောက္ခလုစ်ရဲ့ အယူအဆ သြဇာ လွှမ်းမိုးမှုကြောင့် တကောင်းက စောတယ်၊ ရှေးမြို့ဟောင်း ဖြစ်တယ်ဆိုတာကို သိပ်စိတ်မ၀င်စားကြဘူး။ တကောင်းကို တူးဖော်ဖို့လည်း စိတ်မ၀င်စားကြဘူး။ အရင်က တကောင်းမြို့ဟောင်းက သပိတ်ကျင်းမြို့နယ်ထဲမှာ ရှိတယ်။ သွားရေးလာရေး ခက်တယ်။ ဧရာဝတီမြစ်ကြောင်းကိုသာ အားထားရတယ်။ ၀န်ထမ်းတွေ မသွားချင်ဘူး။ ရှေးဟောင်းသုတေသနဌာနက တကောင်းကို တာဝန်အရ လာရောက် လေ့လာတူးဖော်မှု ရှိပေမယ့် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မှု မရှိဘူးလို့ ဆိုတယ်။ “ရှေးဟောင်းက တူးရာဖော်ရာမှာ လူကြီးသွားဖို့ အဆင်ပြေတဲ့နေရာပဲ အလုပ်လုပ်တယ်။ တူးဖော်တဲ့ နေရာကို လူကြီးက လာကြည့်တယ်၊ တီဗွီ ရိုက်တယ်။ သွားရေးလာရေးခက်တဲ့နေရာကို လူကြီးက မဆင်းချင်တော့ ရှေးဟောင်းကလည်း အသွားအလာခက်တဲ့နေရာမျိုးမှာ တူးတာဖော်တာလည်း မလုပ်ကြဘူး။” လို့ အစိုးရ၀န်ထမ်းများသဘာဝကို သိမြင်သူက ပြောပြတယ်။ 2တကောင်းကို ရှေးဟောင်းသုတေသနဌာန က ကာလရှည်ကြာ မျက်ကွယ်ပြုထားပေမယ့် ဘိုးတော်တွေ ရှေးဟောင်းပစ္စည်းနဲ့ ဘုရားဌာပနာသိုက်တူးသူတွေကတော့ စိတ်ဝင်စားကြတယ်။ ရှေးဘုရားကုန်းတွေကို တူးကြဆွကြ၊ ဖောက်ကြ ဖော်ကြ လုပ်ကြတယ်။ ဒါတွေကို ရှေးဟောင်းသုတေသန ပညာသင်ယူထားသူ ကိုမင်းဟန်က တွေ့မြင်နေရတယ်။ ၁၉၉၃နဲ့ ၁၉၉၇ ခုနှစ်တွေမှာ မန္တလေးရှေးဟောင်းသုတေသနဌာနက ရှေးဟောင်းကုန်းတွေကို လာရောက် တူးဖော်ပေမယ့် တကောင်းဒေသဟာ ပုဂံခေတ်ထက် စောတဲ့ ပိုရှေးကျတဲ့ အထောက်အထား မတွေ့ရဘဲ ပုဂံခေတ် အစောပိုင်းနဲ့ နှောင်းပိုင်း လက်ရာတွေသာ တွေ့ရတာ များကြောင်း အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ “တကောင်းကို ဒါလောက်ကြီး ပြောနေပေမယ့် ပုဂံထက် မစောဘူးဆိုတာ ဦးဇင်း ဘယ်နည်းနဲ့မှ မယုံနိုင်ဘူး။ တခုခုတော့ မှားနေတယ်လို့ ဦးဇင်းတွေးတယ်။ တကောင်းမှာ ရှေးကျတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတွေ ရှိ၊ မရှိဆိုတာ သုတေသနပြုဖို့ လိုတယ်။ မြေအောက်တူးဖော်မှုက သိပ်အရေးကြီးတယ်” လို့ ကိုမင်းဟန်တဖြစ်လဲ ဆရာတော် အရှင်ပဏ္ဍိတာနန္ဒက ပြောပါတယ်။ ကိုမင်းဟန် ကတကောင်းအပါအ၀င် မလည်၊ စပ္ပါယ်နဂိုရ်အထိ ကျေးရွာများစွာကို ကွင်းဆင်းပြီး သုတေသန လုပ်တယ်။ “တောတွင်းဒေသ နေရာအနှံ့ရောက်ခဲ့တာဆိုတော့ ခင်ရာဆွေမျိုးလုပ်ပြီး ပေါင်းသင်းရပါတယ်။ တစ်ခါတရံ ကြံခင်းတွေက ကြံကို ချိုးစားပြီး ၀မ်းရေးကို ဖြေရှင်းခဲ့ရတာမျိုးလည်း ကြုံခဲ့ရပါတယ်။ အစားအသောက် မမှန်ရာကနေ အစာအိမ်ရောဂါ ရလာခဲ့ပါတယ်။ အဆိုးဝါးဆုံးက ငှက်ဖျားရောဂါဒဏ်ပါပဲ။ ၂ ကြိမ် ၃ ကြိမ် သတိလစ်တဲ့ အထိ သေလုမျောပါး ခံစားခဲ့ရဖူးပါတယ်။ မိတ်ကောင်းဆွေကောင်းတွေကြောင့် မသေခဲ့ရတာပါ။ ဆင်ညှပ်ကုန်းရွာ မြောက်ဘက် နွားကျချိုင့်အတွင်း မြေကျန်တောင်ပို့များပေါ်မှာ ကျန်ရစ်တဲ့ အုပ်ချပ်များနဲ့ အရိုးအိုး အကွဲအစများ လေ့လာတုန်း အမြင့်ပေ ၃၀ လောက် ကလိမ့်ကျပြီး အောက်က ချောက်ထဲမှာ တယောက်တည်း သတိလစ်နေခဲ့ဖူး ပါတယ်” လို့ သူက ပြောပြတယ်။ 4ကိုမင်းဟန် တယောက် ယခုလောက် အားထုတ်ကြိုးပမ်းတာကြောင့် တကောင်း မြို့ဟောင်းဟာ အလွန်ရှေးကျတဲ့ ကျောက်ခေတ် နဲ့ ကြေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ဒေသ ဖြစ်တာကို အထောက်အထား ပစ္စည်းတွေ တူးဖော် ရရှိလာပါတယ်။ ဒီတွေ့ရှိချက်တွေကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ‘ တကောင်းဒေသ ရှေးဟောင်းယဉ်ကျေးမှုသည် ဗိဿနိုး ၊ သရေခေတ္တရာ၊ ပျူယဉ်ကျေးမှုတွေထက်ပင် ပိုမိုရှေးကျကြောင်း’ ထုတ်ပြန် ကြေငြာပါတယ်။ (နောက်တပတ်မှာ ပန်းဘဲမောင်တင့်တယ် အပါအ၀င် ဒဏ္ဍာရီတွေ နဲ့ မြေအောက် က တူးဖော်တွေ့ရှိတဲ့ အထောက်အထားတွေ အကြောင်း ဆက်လက်တင်ပြပါမယ်။) ကျော်ရင်မြင့်  
6 years Ago

May 29, 2015

ပြည်သူချစ်သော လူထုဒေါ်အမာ နှစ် (၁၀၀)

သူဟာ ပြည်သူတွေကို ချစ်တဲ့သူ။ သူဟာ ပြည်သူတွေဘက်က အမြဲရပ်တည်သူ။ သူဟာ စကားပြောသာယာ ငြိမ့်ညောင်းတဲ့သူ။ သူဟာ မျက်နှာပေါ်မှာ အပြုံးပန်းအမြဲဆင်ထားတဲ့သူ။ သူဟာ မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦး။ ထိုသူကတော့ လာမယ့် နိုဝင်ဘာ ၂၉ မှာ အသက် ၁၀၀ ပြည့်တော့မယ့် ပြည်သူတွေက ချစ်ကြတဲ့ သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ။ ဧပြီနွေနေပူပူရဲ့ နေ့လည်ခင်းမှာ အသက် ၅၀ နဲ့ ၆၀ ကြားဝန်းကျင်ရှိတဲ့ လူတစု အစည်းအဝေးတခု လုပ်နေကြတယ်။ ပြည်သူတွေချစ်ကြတဲ့ မန္တလေးမြို့သူတယောက်ရဲ့ အသက် ၁၀၀ ပြည့်မယ့် မွေးနေ့အထိမ်းအမှတ်ပွဲလေးကို ဘယ်လိုကျင်းပကြမလဲဆိုတာကို သူတို့တတွေ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးနေကြတာပါ။ သူတို့ ပြောနေကြတဲ့ အကြောင်းအရာ တွေထဲမှာ အမေ၊ ဒေါ်ဒေါ်ဆိုတဲ့ စကားလုံးတွေက အကြိမ်အများဆုံး ပါဝင်လို့နေပါတယ်။သူတို့ အထိမ်းအမှတ်ပွဲ ကျင်းပပေးမယ့် ပုဂ္ဂိုလ်ကတော့ လူထုသတင်းစာတိုက်က ပြည်သူတွေ ချစ်တဲ့ သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီး လူထုဒေါ်အမာပဲ ဖြစ်ပါတယ်။ လူထုဒေါ်အမာဟာ ယခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၁၀၀ ပြည့်ပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့မိခင်အရင်းတယောက်လို့ ချစ်ကြလို့ အများစုက အမေမာ လို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ လူထုဒေါ်အမာကို ဖခင် ဦးထင်နဲ့ မိခင်ဒေါ်စုတို့က ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မန္တလေးမြို့ ဂုန္တန်ရပ်မှာ မွေးဖွားခဲ့တယ်။ မွေးချင်း ၁၂ ယောက်ရှိတဲ့အထဲမှာ စတုတ္ထမြောက်သမီး ဖြစ်တယ်။ အမည်ရင်းက လူပုံစံနဲ့ ပြောင်းပြန်။ လူက အသားဖြူဖြူနွဲ့နွဲပေမယ့် သူမရဲ့အမည်က အမာ။ တနင်္လာသမီး။ အမေမာရဲ့ ထူးခြားချက်က အပြုံး ။ မျက်နှာမှာ အမြဲတမ်း အပြုံး ဆင်ထားတတ်တယ်လို့ သူနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ဖူးတဲ့ ကြီးကြီးငယ်ငယ် အရွယ်စုံအားလုံးက တထပ်တည်း မှတ်ချက်ပြုကြတယ်။ “သူက အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်တယ်။ လူချင်းစတွေ့တဲ့ အချိန်မှာပဲ သူက ပြုံးပြီး နှုတ်ဆက်တတ်တဲ့အတွက်ကြောင့် သူနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်အနေနဲ့ ကြောက်သွားတာမျိုး မရှိဘဲ တခါတွေ့တာနဲ့ ခင်မင်သွားတယ်။ သူစကားပြောတာ လေယူလေသိမ်းက အေးချမ်းတယ်။ လူတိုင်းကို လိုလိုလားလား နှစ်လိုဖွယ်ဆက်ဆံတတ်တဲ့အတွက်ကြောင့် လူတိုင်းက ချစ်တယ်” လို့ အမေမာနဲ့ အနီးကပ် နေထိုင်ခဲ့ပြီး အမေမာရဲ့တပည့်အဖြစ် အလုပ်အတူတူလုပ်ကိုင်ခဲ့ဖူးသူ စာရေးဆရာ ဆရာကျော်ရင်မြင့်က လူထုဒေါ်အမာရဲ့ ထူးခြားချက်ကိုပြောပြတယ်။ လူထုသတင်းစာတိုက်က သတင်းစာဆရာကြီး လူထုမောင်သစ်လွင်ကလည်း လူထု သတင်းစာတိုက်မှာ အလုပ်လာလျှောက်ရင်း လူထုဒေါ်အမာနဲ့ တွေ့ဆုံခဲ့ရသူတဦး ဖြစ်ပါတယ်။သူက လူထုဒေါ်အမာနဲ့စတင်တွေ့ခဲ့ရပုံကို ပြန်ပြောပြပါတယ်။ “ပထမဆုံး စတွေ့ဖူးတာက ၁၉၅၇ ခုနှစ် ဇန်န၀ါရီလထဲမှာ။ ဒေါ်အမာက ကုတ်အင်္ကျီ အရှည်ကြီးနဲ့ ခြေသလုံးထိအောင် ရောက်တဲ့ဟာ နောက်ပြီး သူ့ ခြေထောက်ကို ကြည့်လိုက်တဲ့ အခါကျတော့ ကင်းပတ်ဖိနပ်စီးတော့ ကုတ်အင်္ကျီနဲ့ ကင်းပတ်ဖိနပ်နဲ့ ဆိုတော့ တို့က တောကနေ လာတဲ့သူတွေဆိုတော့ အင်္ဂလိပ်မကြီးနဲ့ တူလိုက်တာပေါ့။ ရောက်ရောက်ခြင်း သူနဲ့ တွေ့ရတာ သိပ်ဖော်ရွေတယ်။ စကားပြောတာ သိပ်နူးညံ့ သိမ်မွေ့တယ်။ မန္တလေးသူပီပီပါပဲ။ အဲဒီတုန်းက မန္တလေးသူ မန္တလေးသားတွေဟာ စကားပြောသိပ်နူးညံ့သိမ်မွေ့ပြီးတော့ ဖော်ဖော်ရွေရွေ ရှိတယ်” လို့ အသက် ၈၁  ရှိပြီဖြစ်တဲ့ လူထုမောင်သစ်လွင်က ပြောတယ်။ လူထုဒေါ်အမာဟာ ၁၉၂၀ ကနေ ၁၉၂၃ ခုနှစ်ထိ ဟုမ္မရှုးကျောင်းလို့ခေါ်တဲ့ တရုတ်တန်း အမျိုးသမီးနေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ခဲ့ပြီး တတိယတန်းနဲ့ န၀မတန်းကို အေဘီအမ်ကျောင်းမှာ ဆက်ပြီးပညာသင်ခဲ့တယ်။ မန္တလေး ဗဟိုအမျိုးသားကျောင်းက ၁၀ တန်းအောင်တယ်။ မန္တလေးဥပစာကောလိပ်မှာ ဓာတု၊ ရူပ၊သင်္ချာဘာသာတွဲယူပြီး ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ဘီအေ တက်နေချိန်တွင် ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပြီး အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘာမားဂျာနယ်တို့မှာ ၀တ္တုဆောင်းပါးတွေ ရေးသားခဲ့တယ်။ ကြီးပွားရေးမဂ္ဂဇင်းမှာ ခင်လ၀င်း ၊မြမဉ္ဇူ ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပြီး ဘာသာပြန်တွေ စတင်ရေးသားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် နိုဝင်ဘာမှာ ကြီးပွားရေးမဂ္ဂဇင်းတိုက်မှ ဦးလှ(လူထုဦးလှ)နဲ့ အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၅ ယောက် မွေးဖွားခဲ့တယ်။ လူထုဂျာနယ်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ စတင်ထုတ်ဝေခဲ့တယ်။ လူထုသတင်းစာကို ၁၉၄၆ ဧပြီလမှာ စတင်ထုတ်ဝေခဲ့တယ်။ လူထုဂျာနယ်နဲ့ လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး ကမ္ဘာ့သတင်း၊ နိုင်ငံရေး ဆောင်းပါးစတာ တွေကို ရေးသားခဲ့ပါတယ်။ ၁၉၉၀ခုနှစ်ကနေ ယနေ့အချိန်ထိ လူထုဒေါ်အမာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်းက ၅၀ နီးပါး ရှိတယ်လို့ လူထုစာကြည့်တိုက်မှတ်တမ်းများအရ သိရတယ်။အဲဒီစာအုပ်တွေထဲမှာ စာအုပ်အများစုဟာ ယခုချိန်ထိ အကြိမ်ကြိမ် ပုံနှိပ်ဖော်ပြရတာမျိုးတွေလည်း ရှိတယ်။ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ ဘာသာပြန် ၊၀တ္တုတို၊ ရသစာပေ စတဲ့ စာအုပ်ပေါင်းများစွာရှိထဲမှ “ ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်က လူထုဒေါ်အမာအတွက် မှတ်တိုင်တခု စိုက်ထူနိုင်ခဲ့တယ်။ “ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထုတ်တဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်နေ၀င်းအစိုးရက ၅၀ တန်တို့၊ ၁၀၀ တန် ငွေစက္ကူတွေကို တရားမ၀င် ကြေညာ လိုက်တဲ့အချိန် ဆိုလိုတာက လူတွေအားလုံး စီးပွားရေးမှာ လုံးလုံးကို ချွတ်ခြုံကြပြီး ဒုက္ခ ရောက်သွားကြတာ။ လူတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံကို အစိုးရက ဓားပြတိုက်လိုက်သလို ယူလိုက်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်က ထွက်လာတယ်။ ထွက်လာလာချင်းပဲ စာအုပ်က ကုန်သွားတယ်။ ကုန်သွားပြီးတော့ ချက်ချင်းပြန်ရိုက်ရတယ်။ သူရေးတဲ့ အနုပညာသည်တွေကို ပြည်သူတွေ ဘယ်လောက်ချစ်တယ်ဆိုတာ တွေ့ရတော့ အမေမာ ကိုယ်တိုင်လည်း တော်တော် ၀မ်းသာအားရ ဖြစ်ခဲ့တယ်။ သူရေးခဲ့တဲ့ စာအုပ်တွေက အများကြီးပဲ ။ သူရေးခဲ့တဲ့ စာအုပ်တွေ အားလုံးကလည်းကောင်းတယ်။ ပွဲဦးထွက်စပြီးတော့ ပြည်သူချစ်သော အနုပညာရှင်များက အမေမာအတွက်မှတ်တိုင်တတိုင်စိုက်ခဲ့တယ်။ ပရိသတ်အားပေးမှုကို ခံရတယ်။ အမေမာရဲ့ ချစ်စရာကောင်းတာက အဲဒီလို စာအုပ်တွေ ကုန်သွားတာကို လက်မ မထောင်ဘူး။ သူက ဘယ်လိုပြောလဲဆိုတော့ သူရေးတဲ့ အနုပညာသည်တွေကို ပြည်သူတွေက သိပ်ချစ်တာပဲ။ ဒါကြောင့် အားပေးကြတာလို့ပဲ ပြောတာ” လို့ ဆရာကျော်ရင်မြင့် ကပြောတယ်။ လူထုဒေါ်အမာဟာ ခေတ်အဆက်ဆက် အစိုးရဘယ်လိုပဲ ပြောင်းပြောင်း ပြည်သူဘက်မှာပဲ ရပ်တည်ခဲ့တဲ့အတွက် ပြည်သူအများရဲ့ ချစ်ခြင်းကိုရရှိပြီး လူချစ်လူခင်ပေါများတယ်။ “အမေမာနဲ့ နီးနီးကပ်ကပ်နေတဲ့ အချိန်မှာ ဓနမဂ္ဂဇင်းမှာ မျက်နှာဖုံးဆောင်းပါးတွေ ရေးနေချိန်မှာ မျက်နှာဖုန်းဆောင်းပါးတွေ ရေးဖို့အတွက် မြန်မာနိုင်ငံအနှံအပြားကို လျှောက်သွားရတယ်။ လျှောက်သွားတဲ့အခါ ကိုယ်က သူများတွေကို သိပ်သိတာ မဟုတ်ဘူး။ အမေမာက သူသိတဲ့မြို့က လူတွေဆီကို စာလေးတွေ ရေးပေးလိုက်တယ်။ သူကို လိုအပ်တာတွေ ကူညီလိုက်ပါ။ ဥပမာ မုံရွာသွားတော့ မုံရွာမှာ ဆရာအံ့ကို စာရေးပေးလိုက်တယ်။ ဆရာအံ့မောင်က ဘာပြောလည်းဆိုတော့ ခင်ဗျားကို ကျနော် မသိဘူး။ ဒါပေမယ့် လူထုဒေါ်အမာရဲ့ လတ်မှတ်နဲ့ လူထုဒေါ်အမာရဲ့စာနဲ့ ပါးခြင်းအားဖြင့် ရွှေတိုက်တံခါးကို ဖွင့်ဖို့ သော့ရသလိုပဲ။ ခင်ဗျားကို ကူညီမယ်တဲ့” လို့ စာရေးဆရာ ဆရာကျော်ရင်မြင့်က ပြန်ပြောပြတယ်။ လူထုဒေါ်အမာဟာ သတင်းစာဆရာပီပီ စာရေးဆရာပီပီ ပြည်သူတွေဘက်က အမြဲ ရပ်တည်နေသူတဦး ဖြစ်တယ်။ “နိုင်ငံရေးရပ်တည်မှုမှာ အမေက ဆရာကြီးသခင်ကိုယ်တော်မှိုင်း(သူ့ဆရာ)ကို အင်မတန် လေးစားတယ်။ ဘယ်ချိန်ဘယ်နေရာပြောင်းပြောင်း ရပ်တည်မှု ဘယ်တော့မှမပြောင်းဘူး။ ပြည်သူဘက်မှာ ရပ်တဲ့ဟာမှာ။ ဒါကြောင့်မို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း သူရပ်နေတာအမှန်ပဲ ပြောခဲ့ဖူးတယ်။ အဲဒီအတိုင်း အမေမာကလည်း ဦးနေ၀င်းရဲ့ မဆလလက်ထက် တလျှောက်လုံး၊ န၀တအစိုးရ တလျှောက်လုံး နောက်ဆုံးအထိ ရပ်တည်ခဲ့တာ ပြည်သူဘက်မှာပဲ ရပ်တည်ခဲ့တာ၊ နိုင်ငံရေးအရ ဝေဖန်သုံးသပ်တာရယ်၊ ရပ်တည်တာရယ် ဘယ်တော့မှ မပြောင်းဘူး ပြည်သူဘက်မှာပဲ ရပ်တည်ခဲ့မယ်ဆိုရင် မမှားဘူး။ မှန်ကန်တဲ့လမ်းကြောင်းမှာ ရပ်တည်ဖို အကောင်းဆုံး လမ်းပြပေးခဲ့တယ်။ နိုင်ငံရေးရေချိန် ဘယ်လောက်ပြောင်းပြောင်း မှားတဲ့ဘက်မှာ ရပ်မသွားဖို့ အမေမာဆီက အဲဒီတခုကို ယူနိုင်ခဲ့တယ်” လို့ လူထုဒေါ်အမာရဲ့ သားအရင်းတယောက်ကဲ့သို့ ရင်းနှီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောတယ်။ စာမူတွေရေးသားရာမှာလည်း စာမူကို တကြိမ်တည်းရေးတာမျိုး မဟုတ်ဘဲ စိတ်တိုင်းကျ လောက်သည့်အထိ အထပ်ထပ်အခါခါပြင်ပြီးမှ ရေးသားတာမျိုးဖြစ်တဲ့အတွက် သူ့ရေးသားတဲ့ စာတိုင်းဟာ အမြဲတမ်းကောင်းနေတယ်လို့ ဆိုကြတယ်။ “သူက ဆောင်းပါးတပုဒ်ကို လူထုဒေါ်အမာလို့ ရေးလိုက်ရင် အချိန်မရွေး ဘယ်သူကမဆို အလွယ်တကူထည့်မှာ မှန်ပေမယ့် အလွယ်တကူဘယ်တော့မှ မရေးဘူး။ တခါတလေ စာမူတပုဒ်ကို ၂ ခါ ၃ ခါ ပြန်ရေးတာ တွေ့ရတယ်။ ရေးတယ်။ သူ စိတ်တိုင်းမကျဘူး၊ ပြန်ချောတယ်။ ပြန်ချောလို့ စိတ်တိုင်းမကျရင် ပြန်ရေးတာ ရှိတယ်။ သူရေးတာ မကောင်းတာ မဟုတ်ဘူး။ သူရေးတာ ကောင်းသထက်ကောင်းပြီးတော့ အမှားအယွင်းနည်း အောင် အဲ့လောက် ကြိုးစားပမ်းစား ရေးတာကို တွေ့ရတယ်။ အဲဒါကြောင့် သူစာတွေ ဒီလောက်ကောင်းပြီး ကျန်နေခဲ့တာပေါ့”လို့ ဆရာကျော်ရင်မြင့်က အမေမာရှိစဉ် အလုပ်တူတူ တွဲလုပ်ခဲ့စဉ်က မြင်တွေ့ခဲ့ရတာကို ပြောပြတယ်။ လူထုဒေါ်အမာဟာ လူခန္ဓာကိုယ်က ပိန်ပိန်ပါးပါးပေမယ့် သူရဲ့ စိတ်ဓာတ်ကတော့ ခန္ဓာကိုယ်နဲ့ မလိုက်ဘဲ စိတ်ဓာတ်မာကြောတယ်ဆိုတာကို ဖြစ်ရပ်တခုက သက်သေပြခဲ့တယ်။ လူထုဒေါ်အမာရဲ့ သားသမီးထဲက အငယ်ဆုံးသားဖြစ်တဲ့ မောင်ငြိမ်းချမ်း(ခ) ဘိုညို ထောင်ကျစဉ် ထောင်မှ လွတ်အောင် လုပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် သူ့သားရဲ့သမိုင်းကြောင်းမှာ အဝေဖန် အပြောဆိုခံရမှာစိုးတဲ့အတွက် အခွင့်အရေးကို စိတ်ဓာတ်ပြတ်သားစွာနဲ့ လက်လွှတ်ခဲ့တယ်။ “၁၉၉၀ ၀န်းကျင်က အမေမာ မိတ်ဆွေ ဦးသုခက ဗိုလ်ချုပ်ခင်ညွှန်နဲ့ သူနဲ့ တွေ့ပြီးပြီ။ ကိုညီပုလေး(ဘိုညို)ကို ထောင်ကနေ လွှတ်ပေးဖို့အတွက် လူထုဒ်ါအမာက ဗိုလ်ချုပ်ခင်ညွှန်ကို လှမ်းပြောလိုက်ပါ။ ဒီကလေးနဲ့ ပတ်သက်ပြီး ကျမ တာဝန်ယူပါတယ်လို့။ အဲဒါလောက်လောက်လေးပဲ ပြောလိုက်ပါ။ ဦးသုခက ဗိုလ်ချုပ်ခင်ညွှန့်ကို သူပြောပြီးပြီတဲ့။ အဲလိုပြောရင် (ဘိုညိုကို) လွှတ်မှာပါတဲ့။ ဦသုခက ဒို့ကို အမှာလွှတ်လိုက်တယ်။ ပြန်ရောက်တဲ့အခါကြတော့ အမေမာကို ပြောတယ်။ ဘဘဦးသုခက အဲ့လို မှာလိုက်တယ်ဆိုတော့ အမေက ဘာပြောလဲဆိုတော့ သားသမီးတွေရဲ့ အနာဂတ်ကို သူကြောင့်မို့လို့ မညစ်နွမ်းစေချင်ပါဘူး။ သူမပြောဘူးတဲ့။ အဲဒါလေး တခု ကြုံဖူးတယ်။ ဘယ်အမေ မဆို ကိုယ်သားသမီး တွေ့ချင်တာပဲလေ။ ဒါပေမယ့်ကိုယ့်သားရဲ့ သမိုင်းကို ထိခိုက်မှာဆိုးလို့ မပြောဘူးဆိုတာလေး။ သူ့စိတ်ဓာတ်က မာကျောတယ်ပဲ ပြောရမလား။ ဘယ်သူမဆို မိဘနဲ့ သား မပြောနဲ့။ မောင်နှမချင်းဖြစ်ဖြစ် နောက်ဆုံး သူငယ်ချင်းပဲဖြစ်ဖြစ် တဦးနဲ့ တဦးထားတဲ့ သံယောဇဉ်တွေက ရှိကြတယ်။ ထောင်ဆိုတာ ကောင်းတာမှ မဟုတ်ပဲနဲ့။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းနဲ့ လွတ်နိုင်တယ်ဆိုရင် ပြောလိုက်ချင်မှာပဲ။ ဒါပေမယ့် အဲလို ပြောလိုက်တဲ့ အတွက်ကြောင့် နောင်တချိန်မှာ ကိုညီပုလေးရဲ့ သမိုင်းကြောင်းမှာ သူတို့က သူတို့အမေနဲ့ ပြောပြီး လွတ်လာတာပါဆိုတာမျိုး အမေမာက လုံးဝအဖြစ်မခံနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကိုလည်း တွေ့ရတယ်” လို့ စာရေးဆရာ ဆရာကျော်ရင်မြင့်ကပြောတယ်။ လူထုဒေါ်အမာရဲ့ သားအငယ်ဆုံး မောင်ငြိမ်းချမ်း(ခ) ဘိုညို (ခ) ဆရာညီပုလေးက သူ့ရဲ့အမေ လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး အခုချိန်ထိ မှတ်မှတ်ရရ ဖြစ်နေတဲ့ ဖြစ်ရပ်လေးတခုကို အခုလို ပြောပြတယ်။ “အမေက သရက်ထောင်ကိုလာပြီး ထောင်ဝင်စာ လာတွေ့လေ့ ရှိတယ်။ တွေ့တာ လူထုဒေါ်အမာဆိုတာ ထောင်ပိုင်ကလည်း သိပါတယ်။ တခါကြတော့ ထောင်ဝင်စာ လာတွေ့တဲ့အချိန်မှာ မှတ်ပုံတင် မပါလို့ ပေးမတွေ့ဘူး။ ဒီအဖြစ်အပျက်ကဥပဒေကြောင်းအရ သူတို့ဘက်က ထောင့်စေ့ပေမယ့် လူသားချင်းစာနာတဲ့စိတ်နဲ့ဆို မလုပ်ကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးတွေ့တာလည်း မဟုတ်ဘူး။ အရင်ကတွေ့တာ ထောင်ဝင်စာ ခန်းထဲလည်း တွေ့ဖူးတယ်။ ထောင်ပိုင်ရှေ့မှာလည်း တွေ့ဖူးတယ်။ ဒါ သက်သက်မဲ့ အကျည်းသားကို ဒုက္ခပေးတာ၊ ကာယကံရှင်ကိုလည်း ဒုက္ခဖြစ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ၊ အမေတယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ နှလုံးသားရှိတဲ့သူတိုင်း ခံစားနိုင်ပါတယ်။ ဒီအဖြစ်အပျက်လေးက စွဲစွဲလန်းလန်းဖြစ်တဲ့ဟာပေါ့။ မိုင်ပေါင်းများစွာက လာရတဲ့ အောင်လံဘက်ကနေမြစ်ကို ဖြတ်ပြီး ကူးတယ်။ သောင်ပြင်ကြီး ဖြတ်ရတာ။ အသက် ၈၀ ကျော် အဖွားကြီးတယောက်အနေနဲ့ ပင်ပန်းမှာပဲ။ ဒါပေမယ့် အုပ်စိုးသူကတော့ အုပ်စိုးသူစရိုက် အကျင့်ပဲ။ ဒါမျိုးကြုံဖူးတယ်။ အမေနဲ့ ဦးညိုဆက်ဆံရေးအများကြီးရှိတဲ့ထဲက ပြောစတမ်းဆို ဒါလေးက မှတ်မှတ်ရရပဲ” လို့ အဝေးကိုငေးရင်းပြောတယ်။ လက်ရှိ ကလောင်ကိုင်ပြီး စာရေးနေကြတဲ့သူတွေကို လူထုဒေါ်အမာ မှာကြားခဲ့တဲ့ စကားတွေကလည်း မှတ်သားစရာကောင်းတယ်။ “ကလောင်သိက္ခာ ကလောင်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်မှာ ကလောင်သိက္ခာကို ထိန်းတယ်။ သိက္ခာဆိုတာ ကိုယ့်စာရွက်စာမျက်နှာပေါ်မှာ သူများကိုဆဲတာ၊ အတင်းပြောတာ၊ သူများကို ပုတ်ခတ်မယ့် ဟာတွေကို ထိန်းတာ၊ ဒေါ်ဒေါ် (လူထုဒေါ်အမာ)က ဥပမာ ပေးတယ်။ မင်း နတ်သုဒ္ဓါ ဖြစ်မယ်၊ ဒါပေမယ့် မစင်တစ်စက်ကျသွားမယ်ဆိုရင် မင်းဟာ ပစ်လိုက်ရလိမ့်မယ်တဲ့။ မင်းတို့ စာရေးမယ်ကြံတိုင်း တကယ်ကို အကျိုးရှိတဲ့စာတွေရေးကြ သူများကို ပုတ်ခတ်တာ၊ တိုင်းပြည်နဲ့လူမျိုး ဒုက္ခရောက်မယ့်စာမရေးကြနဲ့လို့ ပြောတယ်” လို့ စာရေးဆရာ ဆရာဆူးငှက်က အမေမာမှာခဲ့တာကို ပြန်ပြောပြတယ်။ ဆရာကျော်ရင်မြင့်က “အမေပြောတဲ့ စကားလေးတခွန်းရှိတယ်။ စာရေးတဲ့သူတွေက ကိုယ်မှာ ကလောင်တချောင်းပိုင်တယ်ဆိုပြီးတော့ တခြားလူတွေကို ဟိုကော်ဒီထိုး မရေးပါနဲ့။ အဲဒီလိုလုပ်တယ်ဆိုရင် စာဆိုတာက အဖြူပေါ် အမည်းတင်တာ။ ကိုယ်သေသွားရင်တောင်မှ ကိုယ်ရေးခဲ့တဲ့ စာတွေနဲ့ ကိုယ့်အကြောင်းတွေက ကျန်ရစ်ခဲ့မှာ။ ဒါကြောင့်မို့ သူများကို နစ်နစ်နာနာ ဖြစ်ပါစေတော့စေတနာမျိုးနဲ့ ဟိုကော်ဒီထိုးမလုပ်မိပါစေနဲ့တဲ့” လို့ အမေမာမှာခဲ့တာကို တဆင့်ပြန်ပြောတယ်။ ပြည်သူချစ်သော သတင်းစာဆရာမကြီးနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ အသက် ၉၃ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ အမေမာရဲ့ နာရေးဟာ မန္တလေးတမြို့လုံးမှာ အစည်ကားဆုံး နာရေးတခု ဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာ အမေမာသာ ရှိနေခဲ့ရင် လက်ရှိသတင်းစာလောကအပေါ်မှာ လူငယ်တွေ အားကြိုးမာန်တက် လုပ်ကိုင်နေကြတာကို မြင်ရင် ဒီခေတ်လူငယ်တွေ သိပ်တော်တာပဲလို့ ချီးကျူးလိမ့်မယ်၊ အကူအညီတွေလည်း ပေးလိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆရာကျော်ရင်မြင့် ဆိုတယ်။ နိုင်ငံရေးရပ်တည်ချက် ခိုင်မာတဲ့ အမေမာဟာ လက်ရှိခေတ်ရဲ့ နိုင်ငံရေး အခြေအနေပေါ်မှာတော့ ကျေနပ်အားရမှုရှိနိုင်မှာ မဟုတ်ဘူးလို့ သူနဲ့ အနီးကပ်ေ နေထိုင်ခဲ့တဲ့သူ တပည့်သားတွေက ဆိုတယ်။ ဆရာကျော်ရင်မြင့်က “လက်ရှိခေတ်စနစ် အခြေအနေကို သူအားရလိမ့်မယ် မဟုတ်ဘူး။ ကျေနပ်လိမ့်မယ်လည်း မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အမေမာနဲ့ တခါတုန်းက စကားစမြည်တွေ ပြောဖြစ်တာပေါ့။ တောင်ကိုရီယားနိုင်ငံမှာ နိုဒေ၀ူး ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတယောက်က ဒီမိုကရေစီလုပ်မယ်ဆိုပြီး ဘာညာလျှောက်ပြောတော့ တို့က တအား သဘောကျပြီး အမေမာကို ပြောတာ။ အမေရယ်၊ သူတိုဆီကဗိုလ်ချုပ်ကြီးတွေက ဒီမိုကရေစီလုပ်တော့မှာတဲ့ ဗမာပြည်ကဗိုလ်ချုပ်ကြီးတွေ ဒီမိုကရေစီကိုစိတ်ဝင်စားပြီးလုပ်လာရင် သိပ်ကောင်းမှာပဲလို့ ပြောမိတယ်။ ပြောမိတော့ အမေ ပြန်ပြောတဲ့ စကားလေး အခုထိ မှတ်မိတယ်။ ဘယ်တော့မှ မယုံပါနဲ့တဲ့။ စစ်အာဏာရှင်တွေက မသေမချင်း သူတို့လက်ထဲမှာ ကိုင်ထားတဲ့အာဏာကို လက်ဆုပ်ဖြေလေ့ မရှိပါဘူး။ ဒီနေ့ စစ်ဗိုလ်ချုပ်ကြီးတွေက ဒီမိုကရေစီ စကားပြောနေတာကို အမေမာ တွေ့ရလိုရှိရင်လည်း အမေမာကတော့ သိပ်ယုံကြည်စိတ်ချရမှု ရှိနိုင်မယ် မထင်ဘူး” လို့ ပြောတယ်။ လူထုဒေါ်အမာ ကွယ်လွန်သွားတာ ၇ နှစ် ရှိပြီဖြစ်ပေမယ့် သူ့အပြုံး၊ သူ့စကား၊ သူ့ပုံရိပ်တွေက သူကို ချစ်ခင်ကြတဲ့ သူတွေရဲ့ နှလုံးသားထဲမှာ ယခုတိုင် စွဲထင်နေကြတုန်းပါပဲ။ သူရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ရောက်ဖို့ကလည်း ရက်ပေါင်း ၂၀၀ ၀န်းကျင် သာ လိုပါတော့တယ်။ နှစ် ၁၀၀ ပြည့်မွေးနေ့မှာ စာပေဟောပြောပွဲတွေ၊ လူထုဒေါ်အမာ အကြောင်း အထိမ်းအမှတ်စာအုပ်ထုတ်ဝေတာတွေ၊ လူထုဒေါ်အမာရဲ့ပုံရိပ် ဓာတ်ပုံပြပွဲတွေ အလှူအတန်း ပွဲတွေနဲ့ သူ့ကို ချစ်တဲ့သူတွေက နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပဖို့ မန္တလေးမြို့ကြီးမှာ ပြင်ဆင်နေကြပါပြီ။ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ ရုပ်တု ထုလုပ်ပြီး ရုပ်တုကို ဂုန္တန်ရပ်၊ ဂုန္တန်ဝန်းမှာရှိတဲ့ လူထုစာကြည့်တိုက်မှာ အမှတ်တရ ထားဖို့လည်း စီစဉ်နေကြပါပြီ။ သင်လည်း လူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ပါဝင်ဖို့ အဆင်သင့်ရှိနေမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ လူထုဒေါ်အမာကို ချစ်သောသူ လူထုဒေါ်အမာ ကလည်း သင့်ကို ချစ်တဲ့သူ ဖြစ်နေလို့ပါပဲ။ သက်စုအောင် (မျတ်ချက် - မေလ ၁၈ ရက် ၂၀၁၅ ခုနှစ်ထုတ် မက်ဆင်ဂျာဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးကို စာရေးသူခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
6 years Ago
Up