ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် - အယ်ဒီတာစကားဝိုင်း

A d v e r t i s e m e n t With Us

April 12, 2016

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် - အယ်ဒီတာစကားဝိုင်း

သမ္မတဦးထင်ကျော်ရဲ့ အန်အယ်လ်ဒီ အစိုးရသစ်ဟာ ပြည်ထောင်စုအဆက်ဆက် ၀န်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်၊ ပြီးတော့ အခြေခံဥပဒေခုံရုံး၊ အဲဒါတွေကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်နယ်၊ တိုင်းဒေသအသီးသီးရဲ့ ၀န်ကြီးချုပ်တွေကိုလည်း ခန့်အပ်ခဲ့ပါတယ်။ အခုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသ ၁၄ ခုလုံးမှာ အစိုးရအဖွဲ့တွေလည်း ဖွဲ့ပြီးဖြစ်ပါတယ်။ အဲဒီအတွက် ဒီတပတ် အယ်ဒီတာစကားဝိုင်းမှာ ပြည်နယ်၊ တိုင်းဒေသ အသီးသီးရဲ့ အစိုးရအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ပေါ့။ အဲဒီကိစ္စလေးတွေ ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာအေးမောင်ကျော်နဲ့ မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ကိုဇေယျာလှိုင်တို့ကို ဖိတ်ကြားထားပါတယ်။ ဦးခင်သန်း (ဒီဗွီဘီ) "အခု ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံးဆိုရင်တော့ ပြည်ထောင်စုအဆင့်မှာ တော်တော်များများ ဖွဲ့စည်းပြီးပြီပေါ့နော်။ ဒီတရက်နှစ်ရက်မှာတော့ ပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့တွေ အကုန်လုံး ဖွဲ့စည်းပြီးပြီပေါ့နော်။ အဲဒီတော့ ပြီးခဲ့တဲ့သက်တမ်းမှာတော့ ပြည်နယ်၊ တိုင်းဒေသရဲ့ အစိုးရအဖွဲ့တွေကို လူတွေက သိပ်ပြီးတော့ စိတ်ဝင်စားမှုရှိတာ မတွေ့ရဘူးပေါ့။ ဒီဘက်သက်တမ်းမှာကျတော့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထု မဲဆန္ဒရှင် အကုန်လုံးက စိတ်ဝင်တစားဖြစ်လာတာ တွေ့ရတယ်ပေါ့။ ထူးခြားမှုတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့်ပေါ့ အခုဖွဲ့တဲ့နေရာမှာ ၀န်ကြီးဌာနတွေ လျှော့လာတယ်။ ပြင်ပပုဂ္ဂိုလ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေလည်း ထည့်ပြီးတော့ ဖွဲ့လာတာ တွေ့ရပါတယ်။ အဲတော့ ကိုဇေယျာလှိုင်အနေနဲ့ အဲဒီဖွဲ့စည်းမှုအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။" ဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "နံပါတ် ၁ အနေနဲ့ ဦးခင်သန်းပြောသလိုပဲ၊ အရင်အစိုးရလက်ထက်ကတော့ ကျနော်တို့ လူထုက ဒေသဆိုင်ရာ Regional Government ကို သိပ်ပြီးတော့ စိတ်မ၀င်စားကြဘူး။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တက်လာတဲ့ အဲဒီထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေကလည်း သူတို့ရင်ထဲက တကယ်မဲပေးခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ခဲ့ဘူး။ အခုတော့ သူတို့ကိုယ်တိုင် မဲပေးတဲ့အဖွဲ့အစည်းဟာ ဘယ်လိုပုံစံနဲ့သွားမလဲ၊ သူတို့ရဲ့ဆန္ဒတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားလာတဲ့ အခါကျတော့ ခုနပြောတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက မီဒီယာတွေမှာကော လူထုကြားမှာကော ပိုပြီး စိတ်ဝင်စားမှုဖြစ်လာတယ်။ ကျနော်ကတော့ ခုနပြောသလို အရင်တုန်းကတော့ ထိပ်ကချပေးတဲ့ သူတွေနဲ့ပဲ လိုင်းအပ်ဆွဲရတာပေါ့။ အခုကျတော့ ပြင်ပက ပညာရှင်တွေ ပါဝင်ခြင်းအားဖြင့်တော့ ဥပမာအားဖြင့် ကျနော်တို့ ရန်ကုန်မြို့ဆိုရင် City Plan တွေပေါ့။ မှားခဲ့တာ အခုမှ မှားခဲ့တာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက စမှားခဲ့တာ။ အခုတော့ ပွင့်ပြီပေါ့။ ရေကအစ မီးကအစ သွားရေးလာရေးကအစ ခက်ခဲတယ်ဆိုတော့။ ဒီလိုနေရာမျိုးကျတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ထည့်ထားခြင်းအားဖြင့် ဒီလိုပရောဂျက်တွေကို ပိုပြီးတော့ မှန်ကန်စေတယ်။ အခုဆို ကျနော်တို့ ခုံးတံတားတွေ ဆောက်နေတယ်။ ပညာရှင်တွေအတွက် ဒီခုံးတံတားတွေက ရေတိုနည်းပဲဖြစ်ပြီး Town Plan တခုလုံးကို မလွှမ်းခြုံနိုင်ဘူး။ ဒါပေမယ့် ဒါတွေက ဆောက်ပြီးနေပြီ။ ငွေတွေအများကြီး ကုန်သွားပြီ။ ဒါမျိုးတွေမှာတော့ ပညာရှင်တွေက သူတို့ရဲ့အသံတွေကို ထုတ်ဖော်ခွင့်နဲ့ စီမံခွင့်ရှိလာမယ်ဆိုရင်တော့ ဒီအစိုးရအဖွဲ့က အရင်အစိုးရအဖွဲ့ထက် ကောင်းမွန်တဲ့ ပုံသဏ္ဌာန် ပြန်လာမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။" ဦးခင်သန်း (ဒီဗွီဘီ) "နောက်တခုက ဆရာအေးမောင်ကျော်ကို မေးချင်တာက ကျနော်တို့ ဒီဘက်အခင်းအကျင်းမှာကျတော့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနဆိုတာ ပေါ်လာတာပေါ့နော်။ နဂိုတုန်းကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီး ဆိုတာရှိတယ်။ ဒါပေမယ့် စဖွဲ့တုန်းကဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးတွေက နေစရာတောင်မှ သိပ်မရှိတဲ့ပုံစံမျိုး ဖြစ်တာပေါ့နော်။ ဒီဘက်ခေတ်ကျမှ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ အကုန်လုံးက လက်ခံလာကြတယ်။ ကြိုဆိုလာကြတယ်။ ဌာနတွေလည်း ပေါ်လာတယ်။ အခု အသစ်ဖွဲ့လိုက်တဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ပေါ်လာတဲ့အခါကျတော့ အောက်က ပြည်နယ်၊ တိုင်းက တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ ဘယ်လိုချိတ်ဆက် လုပ်ဆောင်မှာလဲ။ နောက်တချက်က တချို့က တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ပေါ်လာတာကို အကောင်းမြင်နဲ့ ကြိုဆိုကြတာမျိုး ရှိပေမယ့် တချို့ကလည်း ဒါက မြန်မာပြည်ရဲ့ အဓိက ပြဿနာဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ ဝေဖန်မှုတွေလည်း ရှိတယ်ပေါ့။ ဒီအခင်းအကျင်းလေးကို ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။" ဦးအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ) "တကယ်ကတော့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတွေရှိတာ အရမ်းအရေးပါတယ်ဗျ။ အရမ်းအရေးကြီးပါတယ်၊ ဗမာပြည်ရဲ့ ဖွဲ့စည်းပုံအရပေါ့။ ဘာလို့လဲဆိုတော့ ဗမာပြည်က ပြည်နယ် ၇ ခုနဲ့ ဖွဲ့စည်းထားတယ်ဆိုပေမယ့် ပြည်နယ်တွေကို ကျနော်တို့က လူမျိုးနာမည်တွေကို ပေးထားတယ်ပေါ့ဗျာ။ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ ဒါပေမယ့် အဲဒီအောက်မှာ လူမျိုးလေးတွေက အများကြီးရှိသေးတယ်။ အားလုံး ၁၃၅ မျိုးရှိတယ်လို့ ဆိုတာကိုး။ အခုဆို ပိုများလာတယ်။ တကယ်တမ်းပြောရရင် ရှမ်းပြည်နယ်မှာ တကယ်တမ်း တိုင်းရင်းသားရေးရာဝန်ကြီး ရတဲ့လူမျိုးက ၇ မျိုးရှိလာတယ်။ အဲတော့ တိုင်းရင်းသားရေးရာဝန်ကြီး ၇ ယောက်ရှိလာတယ်။ ကချင်မှာဆိုရင် ၄ ယောက်ရှိတယ်။ ရန်ကုန်မှာဆိုရင် ၂ ယောက်ရှိတယ်။ ရခိုင်နဲ့ ကရင်ပေါ့။ ဆိုလိုတာကတော့ ဒီပြည်နယ်တခုတည်းမှာရှိတဲ့၊ တိုင်းတခုတည်းမှာရှိတဲ့ အနည်းစု လူမျိုးလေးတွေကိုယ်စား အရေးဆိုပေးမယ့် ၀န်ကြီးတယောက်လိုတယ်။ ဒါ လူနည်းစုရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ပေးထားတာ။ ရှမ်းပြည်နယ်မှာဆိုရင် ပလောင်ရှိမယ်၊ ပအို့ဝ်ရှိမယ်၊ လားဟူရှိမယ်၊ လီရှောရှိမယ်။ ဒီလူမျိုးတွေရဲ့အသံကို ကြားအောင်လို့ လွှတ်တော်မှာ အုပ်ချုပ်ရေးဌာနကို ရောက်အောင်လို့ ပို့ပေးထားတာ။ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ရှားရှားပါးပါး ကောင်းမွန်ချက်လို့ ပြောတဲ့အထဲမှာ ဒီတချက်ပါတယ်။ ဒါကို တချို့က နားမလည်လို့ဖြစ်တာ။ အဲဒီ လူမျိုးငယ်လေးတွေထဲမှာ ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေတဲ့ လူမျိုးတွေရှိတယ်။ ကချင်ပြည်နယ်မှာရှိတယ်၊ ရှမ်းထဲမှာလည်းရှိတယ်။ ဥပမာ မော်ချမ်းတို့ ဘာတို့ဆိုရင် သုံးရွာလောက်ပဲ ရှိတော့တယ်။ သုံးရွာမှာ တရွာမှာ အိမ်ခြေ ၂၀၊ ၃၀ ပဲရှိတယ်။ အဲဒီလူမျိုးတွေက ပျောက်တော့မှာ။ အဲဒါကို ကျနော် ကချင်တွေနဲ့တွေ့တော့ ပြောဖူးတယ်။ ခင်ဗျားတို့ အဲဒီလူတွေ ဘယ်လိုလုပ်မလဲ၊ အဲဒါတွေကို ကျနော်က ထိန်းသိမ်းဖို့လိုတယ်ဆိုတော့ ကချင်ထဲမှာ ဂျိမ်းဖောပေါ့ဗျာ၊ အများဆုံးလူမျိုးက၊ ဒီလူတွေက ဘာပြောလဲဆိုတော့ ဟာဗျာတဲ့ သူတို့ကို ကျနော်တို့က လရှီနဲ့ လချိတ်နဲ့ ပေါင်းလိုက်ဖို့ ကျနော်တို့က ပြောတယ်ဗျာတဲ့။ သူတို့က မပေါင်းဘူးတဲ့။ တကယ်ကျတော့ ဒါ တာဝန်မဲ့တဲ့ စကားပေါ့။ ဟိုက သူ့ဘာသူ ဘာသာစကားနဲ့ရှိနေတဲ့ လူမျိုးတမျိုးကို တခြားလူမျိုးနဲ့ ပေါင်းလိုက်ဖို့ ပြောတယ်ဆိုတာ ဒါ အဓိပ္ပာယ်မရှိဘူးပေါ့။ ဆိုလိုတာက ရှမ်းပြည်နယ်မှာရှိတဲ့လူမျိုးက ရှမ်း၊ ကချင်မှာဆိုရင် ဂျိမ်းဖော၊ အဲလို ပုဂ္ဂိုလ်တွေကစပြီးတော့ သူတို့ပြည်နယ်ထဲမှာရှိတဲ့ လူမျိုးသေးသေးလေးတွေရဲ့ ထူးခြားမှုနဲ့ ဓလေ့စရိုက်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့ အမြင်က ချို့တဲ့နေတယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အခုဆရာပြောပြတဲ့အထဲမှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပဲ နည်းနည်း အလေးကဲနေတဲ့ သဘောနော်။ တကယ်တမ်းက ကျနော်တို့နိုင်ငံမှာ ၁၃၅ မျိုးနဲ့အထက် ရှိတာပေါ့နော်။ အဲဒီတော့ နိုင်ငံရေးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အာမခံချက်ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီဝန်ကြီးဌာနတွေကကော လုပ်ပေးနိုင်မလား။" ဆရာအေးမောင်ကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ) "အဲဒါက ကျနော်ခုနပြောသလို ပြည်ထောင်စုမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးတပါး ထားလိုက်ပြီပေါ့ဗျာ။ အဲတော့ ပြည်နယ်နဲ့တိုင်းတွေမှာ အကုန်လုံး တိုင်းရင်းသားရေးရာ ၀န်ကြီးတွေရှိတယ်။ အဲတော့ သူက အချိတ်အဆက် မိသွားပြီပေါ့။ အရင်တုန်းကတော့ ပြည်ထောင်စုမှာ မရှိဘူးလေ။ ရှိလာတဲ့အခါကျတော့ အဲဒီ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်နယ်ပယ် အကျယ်အ၀န်းကို ကျနော်တို့က သေချာသတ်မှတ်ပေးဖို့လိုတယ်။ ဒါ အရမ်းအရေးကြီးတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းမှာ ဦးဇော်အေးမောင်တို့ ဘာတို့ဆို ထိုင်ခုံ၊ အခန်းတောင် မရဘူး၊ စခါစမှာ။ သဘောက နေစရာတောင်မရှိဘူး။ အစည်းအဝေးလည်း မဖိတ်ဘူးပေါ့ဗျာ။ သူ့တာဝန်က အထဲမှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ကိုယ်စား နိုင်ငံရေးအခွင့်အရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အရေး အားလုံး ရောင်ပြန်ဟပ်ပေးဖို့ သူ့တာဝန်ရှိတာကိုး။ အဲဒီဟာကို အခိုင်အမာ အရင်တုန်းက ပြည်ထောင်စုအဆင့်မှာ မရှိတဲ့အတွက် ဒီဘာသာရပ်ရဲ့ နယ်ပယ်အကျယ်အ၀န်း၊ လုပ်ပိုင်ခွင့် အတိုင်းအတာကို ကျနော်တို့က သတ်မှတ်ပေးရမယ်။ ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်လည်း သတ်မှတ်ပေးရမယ်။ ၀န်ကြီးဌာနအသစ်ဖြစ်တော့ သေချာသတ်မှတ်ပေးဖို့လိုတယ်။ တိုင်းရင်းသားရေးရာ ဥပဒေတခု ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒီဥပဒေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ကူးချထားတာတွေ များပြီးတော့ တကယ်တမ်း တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ပြဋ္ဌာန်းထားတာတဲ့ ဥပဒေ မဟုတ်ဘူး။ အဲဒါကိုလည်း လိုအပ်ရင် ထပ်ပြီးတော့ ပြန်ပြင်ဖို့လိုတယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အခု တိုင်းရင်းသားလူမျိုး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုပြီးတော့ ပြီးခဲ့တဲ့သက်တမ်းက ပြဋ္ဌာန်းခဲ့တယ်ပေါ့လေ။ ဒါပေမယ့် အဲဒီဥပဒေထဲမှာ တိုင်းရင်းသား လူမျိုးစုရေးရာ ၀န်ကြီးဌာနတခု ပါရမယ်ဆိုပြီး ဥပဒေထဲမှာလည်း ပါပါတယ်။ အဲဒီထဲမှာ ထူးခြားတဲ့ အချက်တခုက ဘာလဲဆိုတော့ ခုနပြောသလိုပေါ့နော် အများစုကတော့ ကွန်စတီကျူးရှင်းထဲက ဟာကိုပဲ ကူးထည့်ထားတာ ပိုများတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာမခံချက် လုပ်ပိုင်ခွင့်တွေ ဘာမှ ပေးမထားဘူးပေါ့။ အဲဒီထဲမှာ ထူးခြားတဲ့ အချက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေပေါ့နော်၊ ပြည်နယ်တွေမှာ စီမံကိန်းတွေပဲဖြစ်ဖြစ်၊ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေ ပြည်နယ်တွေမှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာ လုပ်တဲ့အခါကျရင် ဒေသခံတွေရဲ့ သဘောထားဆန္ဒကို အကျေအလည် ညှိနှိုင်းရမယ်ဆိုတာ ပါတယ်ပေါ့။ ဒါပေမယ့် အခု အားလုံးသိတဲ့အတိုင်းပဲ ပြည်နယ်တွေမှာ ပြည်ထောင်စုအဆင့်ကနေပြီးတော့ လုပ်ချင်သလို လုပ်သွားတယ်၊ တိုင်လည်းမတိုင်ပင်ဘူး၊ မြေလည်းသိမ်းလိုက်တယ်။ ပြီးတော့ စီမံကိန်းလုပ်မယ့်နေရာကနေ မောင်းထုတ်ခံရတယ်။ အဲဒီအခြေအနေမျိုးရှိတာကိုး။ အဲတော့ ဥပဒေကလည်း ဒီလိုပြဋ္ဌာန်းတယ်၊ လက်တွေ့လည်း ဒီလိုလုပ်နေမယ်ဆိုရင် လာမယ့်အစိုးရသစ်ဟာ အဲဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်နိုင်မယ်လို့ ကိုဇေယျာလှိုင် ထင်လဲ။" ဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "အဓိကတော့ အရင်တုန်းကတော့ ကျနော်တို့က အထက်ကအမိန့်အတိုင်း လုပ်ဆို လုပ်ကြရတာပေါ့နော်။ စတွေ့တာတော့ လယ်ယာမြေပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတာ နံပါတ်တစ် စတွေ့လာတယ်။ ဒါကတော့ ချက်ချင်းမြင်ရတဲ့ ပြဿနာပေါ့။ သူတို့ဒေသက ထွက်လာတဲ့ Resource တွေက သူတို့မခံစားရဘူး။ ဒါ Long Term Problem ဖြစ်လာတာပေါ့လေ။ အဲတော့ အကောင်းဆုံးကတော့ တခုခုလုပ်မယ်ဆိုရင် ကျန်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်ဆိုလည်း ပညာရှင်ပေါ့။ လူ့အခွင့်အရေး ပညာရှင်ပေါ့။ အဲလိုလူမျိုးတွေနဲ့ အောက်ခြေမှာရှိတဲ့ လူထုရဲ့ ခံစားချက်က ဘာလဲပေါ့။ ဒါကို အစိုးရအဆင့်က နားထောင်ပြီးတော့မှပဲ သူတို့ရဲ့ လိုလားချက်ကို ကျနော်တို့ ဘယ်လိုများ ပြန်ပြီး အစားထိုးပေးနိုင်မလဲပေါ့။ အခြေခံလူ့အခွင့်အရေးမှာလည်းပါတယ်။ အစိုးရတွေရဲ့ Good Governance မှာလည်းပါတာက ကျနော်တို့ ပြည်သူတွေရဲ့ နစ်နာမှုကို ပြန်အစားထိုးပေးနိုင်ရမယ်။ ပြည်သူတွေရဲ့ ၀မ်းနည်းကြေကွဲမှုကို နှစ်သိမ့်ပေးရမယ်ဆိုတဲ့ Key တခု ပါတဲ့အခါကျတော့ အစိုးရက တကယ်တမ်း ကောင်းမွန်အောင် ဖော်ဆောင်ခြင်းပေါ့။ အောက်ခြေက လူထုနဲ့ စပြီးတော့ တွေ့ဖို့လိုတယ်။ နောက် ဒေသဆိုင်ရာ အောက်ခြေလူထု၊ သူ့အဖွဲ့အစည်းမှာ ကိုယ်စားပြုတဲ့ နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်ရင်ဖြစ်မယ်၊ ပါတီဖြစ်ရင်ဖြစ်မယ်၊ အရပ်ဘက်အဖွဲ့အစည်းလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ဆီမှာ သေချာလုပ်ရမှာက Natural Resource ကို ဘယ်လို Sharing လုပ်မလဲပေါ့။ အဲလို Sharing မလုပ်နိုင်ဘူးဆိုရင်တော့ ပြဿနာက ပြီးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်မှာဆို တွေ့ပါလိမ့်မယ်။ ဂက်စ်ပိုက်လိုင်းက သူ့အောက်ကနေ ထွက်သွားတာ။ သူတို့ဖင်ခုထိုင်ထားပြီး သူတို့ဆီမှာ လျှပ်စစ်မီး မပေးနိုင်သေးဘူး ဖြစ်နေတယ်။ ထားဝယ်ဆိုလည်း ရတာ ဘာမှ မကြာသေးဘူးပေါ့။ သူတို့ဆီကပဲ ထွက်နေပြီး ဒီရဲ့ သယံဇာတကို မရဘူး။ ကချင်ဆိုလည်း ကျောက်စိမ်းတွေထွက်သလောက် တိုက်ပွဲတွေ အရမ်းပြင်းထန်တယ်။ ဘိန်းတွေစိုက်တယ်။ ထွက်လာတဲ့ ဒေသရဲ့ သယံဇာတကို ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာပြန်လုပ်ပေးမှာလဲပေါ့။ အလုပ်အကိုင် ဖန်တီးပေးမှာလား၊ ပညာရေးအရ အာမခံမှာလားပေါ့။ အဲလို အာမခံချက်တွေ ရှိလာမယ်ဆိုရင်တော့ ဒီပြဿနာကတော့ တဖြည်းဖြည်းနဲ့ လျော့သွားနိုင်တာပေါ့။ အဲလိုပြဿနာမျိုးကို ဖြေလျော့တဲ့ပုံစံမျိုး မရှိဘဲနဲ့ အရင်အတိုင်းပဲ အထက်ကလာတဲ့ အမိန့်ကိုပဲ အကောင်အထည် ဖော်တယ်ပေါ့လေ။ အကောင်အထည်တော့ ဖော်ရမှာပဲ။ ဒါပေမယ့် အောက်ကလူတွေရဲ့ နစ်နာချက်က ဘာလဲဆိုတာကို မခံစားပေးနိုင်ဘူးဆိုရင် ပြဿနာက အဖြေထွက်မယ်လို့ ကျနော်မထင်ဘူး။" ဦးခင်သန်း (ဒီဗွီဘီ) "ဒီဘက်အစိုးရသက်တမ်းမှာတော့ အဓိက ပြည်နယ်တွေက နစ်နာခဲ့ရတာတွေ သယံဇာတ ထုတ်လုပ်မှုပေါ့နော်။ ပတ်ဝန်းကျင်လည်း ပျက်စီးတာ အကုန်လုံး သိတဲ့အတိုင်းပဲ။ ဒီဘက်သက်တမ်းမှာတော့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွဲပြီးတော့ လုပ်လိုက်တဲ့ အခါကျတော့ ဒါကတော့ ရှေ့ဆက်ပြီးတော့ နည်းနည်းတော့ ကောင်းလာမယ်လို့ ယူဆရပါတယ်။ ရှေ့တုန်းက ပရောဂျက်တွေကလည်း ကျန်နေသေးတော့ တချို့စာချုပ်တွေကလည်း ဘယ်နှနှစ်ချုပ်ထားမှန်း မသိသေးတော့။ နောက်တချက်က ဆရာဦးအေးမောင်ကျော်ကို မေးချင်တာက ကျနော်တို့ အခု ရေးရာကော်မတီတွေပေါ့။ အခုလောလောလတ်လတ်တောင်မှ ရေးရာကော်မတီ အားကောင်းလို့ အကျိုးခံစားရတာ။ ရန်ကုန်တိုင်းမှာဆို ခုံးကျော်တံတားနှစ်ခုကို ကော်မတီက စိစစ်ပြီးတော့ ဒါ မသင့်တော်ဘူးဆိုပြီး ပယ်လိုက်တဲ့အတွက် အဲဒီကရလာတဲ့ သိန်းသန်းပေါင်းများစွာပေါ့၊ အဲဒါကို ဆင်ခြေဖုံးဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုပြီး လွှတ်တော်မှာ ဆုံးဖြတ်ချက်ကျသွားပြီပေါ့။ ဒါ ရေးရာကော်မတီရဲ့ လုပ်ဆောင်ချက်ပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ သက်တမ်းတုန်းကဆိုရင် ရေးရာကော်မတီတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့ဘူး။ ပြည်နယ်၊ တိုင်း ၁၄ ခုမှာ ရေးရာကော်မတီတွေရှိတယ်။ ဒါပေမယ့် ၁၃ ခုမှာပဲ ရှိခဲ့တယ်။ ရန်ကုန်တိုင်းမှာကျတော့ ရေးရာကော်မတီဖွဲ့ဖို့ကိစ္စ အစိုးရကနေပြီး ကန့်ကွက်ခဲ့တယ်ဆိုပြီး ကြားရပါတယ်။ အဲဒီတော့ ရေးရာကော်မတီတွေနဲ့ အစိုးရနဲ့ Check In Balance လုပ်နိုင်အောင်ပေါ့နော် ဘယ်လိုခိုင်မာအောင်လုပ်မလဲ၊ ဘယ်လိုစောင့်ကြည့်မှုတွေ လုပ်မလဲ၊ အဲဒါလေး ဆရာသုံးသပ်ပြပါဦး။" ဆရာအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ) "အဲဒါက ဖွဲ့စည်းပုံအရပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်နဲ့တိုင်းတွေကို ဖွဲ့စည်းထားတဲ့ပုံစံက ပါလီမန်ဒီမိုကရေစီပုံစံပေါ့။ ရွေးချယ်တဲ့ လွှတ်တော်အမတ်တွေကပဲ အစိုးရကို ပြန်ဖွဲ့ပေါ့နော်။ ပြည်ထောင်စုကျတော့ တမျိုးပေါ့။ အမေရိကန်ပုံစံ နည်းနည်းဆန်တာပေါ့။ အဲဒါက တကယ်လုပ်လိုက်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ပြီးခဲ့တဲ့သက်တမ်းမှာ ၀န်ကြီးချုပ်နေရာ ရသွားတဲ့သူတွေက Strong Men တွေ ဖြစ်နေတာ။ သူကတော့ တပ်ထဲမှာ ပို ၀ါကြီးတဲ့သူတွေပေါ့။ တပ်ရဲ့အပတ်စဉ်နဲ့ တွက်တာကိုး။ အပတ်စဉ် ပိုအမြင့်ဆုံးလူ ဖြစ်နေတာ။ အောက်ကလူတွေက သူ့ကိုမယှဉ်နိုင်တော့ အရင်န၀တပုံစံအတိုင်းပဲ။ ၀န်ကြီးချုပ်ကပဲ အကုန်လုံးကို လွှမ်းမိုးသွားတာ။ လွှတ်တော်က ဘာမှပြန်ပြီးတော့ Check မလုပ်နိုင်ဘူး။ နောက်တခုက လွှတ်တော်တွေရဲ့ အားနည်းတဲ့တခုက တချို့ပြည်နယ်တွေမှာကျတော့ လူဦးရေက နည်းတာကိုး။ မြို့နယ်နည်းတယ်၊ မြို့နယ်နည်းတော့ လွှတ်တော်အမတ်တွေက နည်းတယ်။ လွှတ်တော်အမတ်ထဲကနေ အစိုးရအဖွဲ့ကို ၉ ယောက်နုတ်လိုက်တဲ့အခါကျတော့ လွှတ်တော်က ဘာမှမကျန်တော့ဘူး။ ၁၀ ယောက်လောက်ပဲရှိတဲ့ လွှတ်တော်က သေးသေးလေးဖြစ်သွားတာ။ ကရင်တို့၊ ကယားတို့၊ မွန်တို့ဆိုတာ သေးသေးလေး ဖြစ်သွားတယ်။ အဲဒီတော့ အဲဒီလွှတ်တော်က ဘာမှ အလုပ်မလုပ်နိုင်ဘူး။ အစည်းအဝေးတောင် မှန်မှန်မခေါ်နိုင်ဘူး။ အစိုးရကို ပြန် Check လုပ်ဖို့မပြောနဲ့ အဲလိုမျိုးတွေပေါ့နော်။ ဒါပေမယ့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်တို့ လွှတ်တော်ကကြီးတယ်။ ကြီးတော့ သူတို့က လုပ်နိုင်တာတွေရှိတယ်။ အဲဒီမှာ ရန်ကုန်ကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ အရင်ဝန်ကြီးချုပ် ဦးမြင့်ဆွေက အရမ်းလွှမ်းမိုးတဲ့အခါကျတော့ လွှတ်တော်ဘေးမှာရှိတဲ့ လွှတ်တော်ပိုင်တဲ့မြေကို ငှားရမ်းလိုက်တာတောင်မှ လွှတ်တော်က မသိလိုက်ဘူး။ သဘောက တိုင်းကလုပ်လိုက်တာ။ အဲလောက်ထိဆိုးတယ်ပေါ့။ တခြား အသေးစားစီမံကိန်းတွေ၊ မြို့သစ်ဆောက်တာတွေ၊ တံတားတွေဆောက်တာတွေ အများကြီး။ အဲဒီမှာ ဘာသိနိုင်လဲဆိုတော့ တိုင်းနဲ့ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးက အရမ်းအရေးကြီးတယ်ဆိုတာ သဘောပေါက်လို့ရပြီ။ အခုကျတော့ အန်အယ်လ်ဒီက ပြန်ချတဲ့မူမှာဆိုရင် အားလုံးကို အန်အယ်လ်ဒီရဲ့ ပုဂ္ဂိုလ်တွေ ထားတယ်။ တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ ကျနော်တွေ့သလောက်ဆိုရင် ၀ါရင့်တဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ခန့်ထားတယ်။ ဥပမာ ဒေါက်တာဇော်မြင့်မောင်တို့၊ ဒေါက်တာမြင့်နိုင်တို့၊ ဒေါက်တာအောင်မိုးညိုတို့ စသည်ဖြင့်ပေါ့၊ ဒေါ်နန်းခင်ထွေးမြင့်တို့။ အဲဒီလူတွေကဆိုရင် အတွေ့အကြုံလည်းရှိတယ်။ ၇၄-၇၅ ကတည်းက ဖြတ်သန်းခဲ့တဲ့ လူတွေဖြစ်တယ်။ အရေးပါတဲ့နေရာတွေမှာ ဦးဖြိုးမင်းသိန်းတို့ စသည်ဖြင့်ပေါ့။ အဲတော့ သူဟာ သဘောပေါက်တဲ့အတွက် ဒါကို တိုင်းနဲ့ပြည်နယ်တွေမှာ အာမခံချက်ရှိတဲ့သူတွေကို ထားလိုက်တယ်။ အဲဒီလူတွေက တကယ်က ပြည်ထောင်စုအဆင့်မှာ ထားရင်လည်းရတယ်။ သို့သော်ငြားလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ ထားလိုက်တယ်။ အဲတော့ အောက်ခြေရဲ့ အခြေအနေကို ပိုသိပြီးတော့ ပိုနီးစပ်တဲ့အတွက်ကြောင့် တော်တော်များများ အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီလာမယ့်သက်တမ်းမှာပေါ့။"
5 years Ago
Up