ပြည်နယ်အုပ်ချုပ်ရေးမှူး

January 21, 2019

အာဖဂန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးယာဉ်တန်း တိုက်ခိုက်ခံရ၊ ၈ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက လိုဂါပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ယာဉ်တန်းကို ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက ကားဗုံးနဲ့ တိုက်ခိုက်ခံရလို့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးပြီး အုပ်ချုပ်ရေးမှူးကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံအရာရှိတွေက ပြောပါတယ်။ လိုဂါပြည်နယ်နဲ့ မြို့တော် ကဘူးလ်ရဲ့ကြားက အဓိက အဝေးပြေးလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်းနားကနေ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ကားကို ဗုံးသမားက ခွဲခဲ့တာလို့ လိုဂါပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရ ရှားပူးဝ် အာမဒ်ဇိုင်က ပြောပါတယ်။ ယာဉ်တန်းပေါ်မှာ အာဖဂန်ထောက်လှမ်းရေးဌာနရဲ့ ပြည်နယ်ဆိုင်ရာ အကြီးအကဲလည်း ပါလာခဲ့ပြီး အထိအခိုက်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီဖောက်ခွဲမှုကို တာလီဘန်တွေ လုပ်ခဲ့တယ်၊ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရတယ်လို့ တာလီဘန် ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။ လိုဂါပြည်နယ်ဟာ မြို့တော် ကဘူးလ်အတွက် ဗျူဟာမြောက် ဝင်ပေါက်ပြည်နယ်အဖြစ် လူသိများပါတယ်။ ပြည်နယ်ရဲ့ ဧရိယာအများစုမှာ တာလီဘန်တွေ တက်တက်ကြွကြွ လှုပ်ရှားလေ့ရှိလို့ တိုက်ခိုက်မှုတွေ ခံရလေ့ရှိပါတယ်။
3 years Ago

December 26, 2018

မက္ကဆီကိုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခင်ပွန်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှု စုံစမ်းစစ်ဆေး

မက္ကဆီကိုနိုင်ငံ ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ခင်ပွန်းဖြစ်သူ အထက်လွှတ်တော်အမတ်တို့ သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်။ သူတို့ဟာ မက္ကဆီကို အလယ်ပိုင်းက ပွယ်ဘလာမြို့အနီး ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့က သေဆုံးတယ်လို့ အစိုးရက ပြောပါတယ်။ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲအပြီး ရာထူးလက်ခံပြီးချိန်မှာ အခုလို ဖြစ်ခဲ့တာပါ။ ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူး မာသာ အီရစ်ကာ အာလွန်ဆိုဟာ နာမည်ကြီး အတိုက်အခံခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းသည် အထက်လွှတ်တော်အမတ် ရာဖယ် မိုရေနိုဟာလည်း ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက သူတို့စီးနင်းလိုက်ပါလာတဲ့ သြဂတ်စတာ ရဟတ်ယာဉ်ဟာ ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ပုဂ္ဂလိကပိုင် ရဟတ်ယာဉ်ဟာ ပွယ်ဘလာလေဆိပ်ကနေ ရေမိုင် ၃ မိုင်အကွာ စန်တာမာရီယာ ကိုရိုနန်ဂိုမြို့ထဲမှာ ချို့ယွင်းမှုတခုကြောင့် ပျက်ကျခဲ့တာလို့ လုံခြုံရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒူရာဇိုက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ပွယ်ဘလာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံနဲ့အတူ ဗိုလ်ကြီးတယောက်၊ ပထမဆင့် အရာရှိတယောက်နဲ့ ခရီးသည်တယောက်လည်း ပါတယ်လို့ ဒူရာဇိုက ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရဟတ်ယာဉ်နဲ့ အင်ဂျင်ထုတ်လုပ်သူတွေကို ဆက်သွယ်နေပြီး သူတို့ကိုယ်တိုင် ပျက်ကျတဲ့နေရာကို လာစစ်မယ်လို့ ဒူရာဇိုက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။ သမ္မတကလည်း သူ့အစိုးရက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
3 years Ago
Up