ပြည်နယ်အစိုးရ သတိပြုသင့်တဲ့ ရခိုင်ဆားလုပ်ငန်းရဲ့ အနာဂတ်

August 24, 2017

ပြည်နယ်အစိုးရ သတိပြုသင့်တဲ့ ရခိုင်ဆားလုပ်ငန်းရဲ့ အနာဂတ်

  ပီနံအိတ်ခွံတွေ ထုပ်ပိုးထားတဲ့ ဆားအိတ်တွေဟာ စစ်တွေ ဆတ်ရိုးကျ တဖက်ကမ်းက ရွှေပြည်ဖြိုးဂိုဒေါင်မှာ အိတ် သုံး လေးရာနီးပါး စုပုံထားပါတယ်။ ဆားအိတ်တွေ ပုံထားတဲ့ ဂိုဒေါင်ထဲက မြေကွင်းပြင်မှာ ဆားကြမ်းခဲတွေကိုလည်း ရေနဲ့ ပြန်ပြီးဆေးကြောဖို့အတွက် ဆားလုပ်သားတွေ ပြင်ဆင်နေကြပါတယ်။ ရွှံ့မြေပါဝင်မှု များတာကြောင့် ဆားတွေကို ပြန်ပြီး ရေနဲ့ ဆေးကြောလို့ ဈေးကွက်ထဲကို ဖြန့်ချိမှာ ဖြစ်တယ်လို့ ဆားလုပ်ငန်းကို လုပ်ကိုင်တဲ့  ရခိုင်ဒေသ ဆားလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုပါတယ်။ “ကျနော်တို့ဆီက ဆားကြမ်းဟာ ရွှံ့မြေပါဝင်မှု များတာကြောင့် ရေနဲ့ ပြန်ပြီးဆေးကြောရတယ်။ ခု ဆေးကြောနေတာကလည်း ဆားတောင်သူတွေ သိုလှောင်ထားတဲ့ ဆားကြမ်းတွေကို ကျနော်က တာဝန်ယူပြီး ဆားဈေးကွက်တခု ရှာမယ်ဆိုပြီး လုပ်ကိုင်နေတာ” ရခိုင်ဒေသ ဆားလုပ်ငန်းဟာ ထွက်ရှိတဲ့ ဆားတွေ တင်ပို့ဖို့ ဈေးကွက် မရှိတာနဲ့အတူ ဆားအရည်အသွေး ညံ့ဖျင်းမှု၊ နည်းပညာဖွံ့ဖြိုးမှု အားနည်းတာကြောင့် ဆားလုပ်ငန်းကို စွန့်ခွာတဲ့သူတွေ များပြားလာပြီး ဖြစ်တယ်လို့ ဦးသန်းဝင်းက သုံးသပ်ပါတယ်။ ရခိုင်ဒေသက ဆားလုပ်ငန်းနဲ့ တချိန်က ပြည်ပဝင်ငွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ တင်ပို့နိုင်ခဲ့ပြီး လက်ရှိအခြေနေမှာ ရခိုင်ဆားဟာ ဒေသတွင်း အနည်းငယ် သုံးစွဲရုံပမာဏသာ ရှိတော့တယ်လို့ သိရပါတယ်။ ဆားအရည်အသွေးကို ကုန်ချောအဖြစ် မထုတ်လုပ်နိုင်မှုနဲ့အတူ ဆားကွင်းတွေ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ၊ မြေယာပိုင်မှု အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ဆားတောင်သူတွေက ဆိုကြပါတယ်။ ကိုယ်တိုင်လည်း ဆားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းက အဓိက ကြုံတွေ့နေရတာ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးအခက်အခဲ မဟုတ်ဘဲ မြေယာပိုင်ဆိုင်မှုပုံစံ အခက်အခဲပဲ ဖြစ်တယ်လို့ သူ့တွေ့ရှိချက်ကို ထောက်ပြပါတယ်။ “ဆားတောင်သူတွေက လယ်ယာမြေမှာ ဆားချက်လို့ မရဘူး၊ လယ်ယာ မြေဥပဒေအရ တရားစွဲဆိုခံရမယ်၊ စစ်အစိုးရ ခေတ်တုန်းက တရားစွဲ ထောင်ချခံခဲ့ရတဲ့ သူတွေတောင် ရှိခဲ့ဖူးတယ်။ အာမခံငွေချေးဖို့အတွက် ခိုင်မာတဲ့ အထောက်ထားတွေ မရှိဘူးပေါ့။ အစိုးရက လယ်ယာမြေကို အခြားနည်းလမ်းနဲ့ ပုံစံပြောင်းလဲယူခြင်းကို လုပ်ပေးသင့်ပါတယ်” ရခိုင်ဒေသဟာ မြန်မာနိုင်ငံမှာ ဆားလုပ်ငန်းကို လုပ်ကိုင်တဲ့ ပြည်နယ်တိုင်း အနည်းငယ်ထဲမှာ ပါဝင်တဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆား အထွက်နှုန်းဟာ တနှစ်ကို တန်ချိန် ပျမ်းမျှ ၃ သိန်းခွဲဝန်းကျင်မှာရှိပြီး ဧရာဝတီတိုင်းက မြန်မာနိုင်ငံရဲ့ အဓိကဆားထုတ်လုပ်မှု အများဆုံးနေရာ ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့ကလည်း ထုတ်လုပ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ တနှစ် ဆား သုံးစွဲမှုနှုန်းဟာ တန်ချိန် ၂ သိန်းကျော်ရှိပြီး ပိုနေတဲ့ ဆားတန်ချိန်ဟာ တသိန်းခွဲနီးပါး နှစ်စဉ် ပုံမှန် ရှိနေတတ်ပါတယ်။ ဒီလိုဆားတွေ ပိုရှိနေပေမယ့် ဆားလိုအပ်ချက်အဖြစ် ထိုင်းနိုင်ငံက ဆားတွေကို တင်သွင်းပြီး စားသုံးနေရတယ်လို့ ဦးသန်းဝင်းက အားမလိုအားမရ ဆိုပါတယ်။ “ကျနော်တို့နိုင်ငံက ထွက်ရှိအောင်လုပ်လို့ ရတယ်။ ဆားကို သူများနိုင်ငံက ဝယ်စားနေရတယ်” လိုအပ်နေတဲ့ အကူအညီကို ရခိုင်ဒေသဟာ မြန်မာနိုင်ငံထဲမှာ ဆားလုပ်ငန်းကို လုပ်ကိုင်တဲ့ အဓိကပြည်နယ်တွေထဲမှာ ပါဝင်ပေမယ့် တခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် ရခိုင် ဆားထုတ်လုပ်မှုလုပ်ငန်းဟာ ကျဆင်းလာတယ် ဆိုတာကို ဆားလုပ်ငန်းနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှုတွေအရ သိရှိရပါတယ်။ ဧရာဝတီတိုင်းအတွင်းက ဆားကွင်းတွေမှာ ၁ ဧကကို ပိဿာချိန် ၁၂၀၀၀ ထွက်နေတဲ့အချိန်မှာ ရခိုင်မှာ ၁ ဧကကို ပိဿာ ၆၀၀၀ ခန့်သာ ထွက်ရှိတယ်လို့ ဆားတောင်သူတွေက ဆိုကြပါတယ်။ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ဆားဖြူ ၁ ပိဿာဟာ ရန်ကုန်တိုင်း ဆားဈေးကွက်အတွင်းမှာ ၁၅၀ ရှိပြီး ရခိုင်က ဆားဟာ ၁၀၅ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။ ဒီလို ဆားတွေ ဈေးကွက် မရှိတာကြောင့် ဂိုဒေါင်တွေမှာ သိုလှောင်ထားကြတဲ့ ဆားတွေ ကုန်သိုလှောင်ရုံမှာ အပြည့်ပဲလို့ လယ်ယာ သားငါး သစ်တော ဆည်မြောင်း လေ့လာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ကော်မတီရဲ့ တွေ့ရှိချက်ကို ဆိုပါတယ်။ “ဆားတွေ ဈေးကွက်ရရှိဖို့က အကုန်လုံးပဲ နည်းပညာလည်း ပါတယ်။ ငွေကြေး ရင်းနှီးသုံးစွဲဖို့ လိုအပ်နေတဲ့ အခက်အခဲလည်း ပါတယ်။” ရခိုင်ဒေသမှာ ဆားထုတ်လုပ်မှု နည်းပညာတွေအဖြစ် ပင်လယ်ရေကို စစ်ယူပြီး ဆား ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ပင်လယ်ရေကို ရေခိုးရေငွေ့ဖြစ်အောင် ပြုလုပ်ပြီး ဆားချက်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်းကတော့ မြေအောက်ရေ အဝီစိနဲ့ ဆားချက်လုပ်လို့ရတဲ့ နည်းပညာတွေ ရှိတယ်လို့ ပြောပါတယ်။ အဓိက လိုအပ်နေတာက ဆားကွင်းတွေ လုပ်မယ့် မြေယာအခက်အခဲလို့ ဆိုပါတယ်။ “ဆားတောင်သူတွေရဲ့ မြေယာတွေကို ဆားလုပ်ငန်း လုပ်လို့ရတဲ့ မြေအဖြစ် သတ်မှတ်ပေးဖို့ လိုပါတယ်” ဒီလို အခက်အခဲတွေကြောင့် ဆားကွင်းဧကဟာ ၁၅၀၀၀ လောက် ရှိနေရာကနေ ၇၀၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့လည်း မှတ်ချက်ပြုပါတယ်။ ရခိုင်ပြည်နယ်၊ လယ်ယာ သားငါး စိုက်ပျိုးရေးနှင့် သတ္တု သစ်တောဝန်ကြီး ဦးကျော်လွင်က ဆားတောင်သူတွေအနေနဲ့ လိုအပ်နေတဲ့ အကူအညီတွေကို သိရှိဖို့ အစိုးရဌာနကိုလည်း ဆက်သွယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ဆီကို မူလရှိထားတဲ့ မြေယာပိုင်ဆိုင်မှုတွေနဲ့သာ ဆက်သွယ်ပါ။ ဆားလုပ်ငန်းတွေ လုပ်ကိုင်လို့ရတဲ့ မြေယာပုံစံအဖြစ် ကျနော်တို့ အမြန်ဆုံး ပြောင်းလဲပေးပါမယ်။ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကိုလည်း မြေယာပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံနဲ့ ကျနော်တို့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်လို့ ရပါတယ်” ဒေသတွင်းထဲမှာ ဆားလုပ်ငန်း လုပ်ကိုင်လာသူဟာ ကျောက်ဖြူမြို့နယ်မှာ ၁၂၆ ဦး၊ သံတွဲမြို့နယ်မှာ ၅ ဦး၊ ပေါက်တောမြို့နယ်မှာ ၂ ဦးရှိပြီး ပြည်နယ်တခုလုံးမှာ ၁၃၃ ဦး ရှိပြီး ဆားကွင်း ဧကပေါင်း ၁၁၂၂ ဒသမ ၀၆ ဧက ရှိတယ်လို့ ဆားလုပ်ငန်းနဲ့ ပတ်သက်ပြီး လယ်ယာ သားငါး စိုက်ပျိုးရေးနှင့် သတ္တု သစ်တောဝန်ကြီးဌာန မှတ်တမ်းက ဖော်ပြထားပါတယ်။ ဆားတောင်သူတွေ လိုအပ်နေတဲ့ နည်းပညာတွေကိုလည်း ဝန်ကြီးဌာနအနေနဲ့ စမ်းသပ်ဆားကွင်းတွေကို ပြုလုပ်နေပြီး နည်းပညာတွေကိုလည်း မျှဝေသွားမှာလို့ ဝန်ကြီးဦးကျော်လွင်က ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဆိုပါတယ်။ “ဆားလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး တောင်သူတွေနဲ့ ဆားကုန်သည်တွေနဲ့လည်း ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး အဖြေရှာနေပါတယ်။” ထိုင်း၊ အိန္ဒိယနိုင်ငံတွေမှာ ဆားလုပ်ငန်း လည်ပတ်မှုကောင်းတဲ့ အချက်က ဆားကို စားသုံးကုန်ဖက်မှာ ၃၀ ရာခိုင်နှုန်းသာ ရှိပြီး စက်မှုကုန်ကြမ်းဘက်မှာ ၇၀ ရာခိုင်နှုန်း အသုံးပြုနိုင်တာက အဓိကအားသာချက်တခု ဖြစ်နေပါတယ်။ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မြန်မာ့ဆားက နိုင်ငံခြားတင်ပို့နိုင်မှု၊ ထိုးဖောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး။ ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်း ဖွံ့ဖြိုးလာဖို့အတွက် အကူအညီပေးအပ်မယ့် ဥပဒေတွေ ပါရှိတဲ့ ဆားနှင့် ဆားထွက်ပစ္စည်း ဥပဒေ ၂၀၁၄ ကို ရေးဆွဲ အတည်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဥပဒေကို အသက်ဝင်အောင် မလုပ်နိုင်ကြသေးဘူးလို့  ဥပဒေရေးဆွဲရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဝေဖန်ပါတယ်။ “အစိုးရက ဆားတောင်သူ၊ ဆားလုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို နားထောင်ပြီး အမှန်တကယ် ဘာလိုအပ်နေသလဲ လုပ်ပေးသင့်တယ်။ ရခိုင်ပြည်မှာ ဈေးကွက် ပျောက်နေတာက ဆားတခုတည်း မဟုတ်ဘူး။ ဆန်စပါးတွေလည်း ဒီအတိုင်းပဲ ဈေးကွက် မရှိပါဘူး။" မိုးအောင်
4 years Ago
Up