ပြည်နယ်အစိုးရ

August 11, 2018

ကရင်နီသမိုင်းဖြန့်သူများအား ဖမ်းဆီးမှု ပြည်နယ်အစိုးရကို အရေးယူပေးရန် တောင်းဆို

ကရင်နီသမိုင်းကြောင်းဖြန့်ဝေသူတွေကို ဖမ်းဆီး တရားစွဲနေတာကို ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော် သမ္မတက မသိကျိုးကျွန်လုပ်နေတာဟာ ပြည်နယ်အစိုးရရဲ့ အာဏာအလွဲသုံစားလုပ်တာကို အားပေးရာရောက်တယ်လို့ ကယန်းအမျိုးသားပါတီက ထုတ်ပြန်ပါတယ်။ ဒီနေ့ရက်စွဲနဲ့ ဗဟိုကော်မတီက ထုတ်ပြန်တဲ့စာမှာ ကယားပြည်နယ်ထဲက နိုင်ငံရေး တက်ကြွလူငယ်တွေနဲ့ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီဝင်တွေကို သက်သေ အထောက်အထားမဲ့ ဖမ်းဆီးနေတာကို ရှုတ်ချကြောင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်နေတာကို ချက်ချင်းအရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက “ကျနော်တို့ ဗဟိုကော်မတီဝင် ခွန်းကောရီယိုဆိုရင် စာရွက်ဝေတဲ့နေရာမှာ မပါဘူး။ ဓာတ်ပုံမှတ်တမ်းရိုက်တာကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ ၂၀ နဲ့ စွဲတယ်။ ပြီးတော့ ပုဒ်မ ၅၀၅ နဲ့ စွဲတယ်။ အခု ကယားပြည်နယ်ထဲမှာ တရားစွဲဆိုခံထားရတဲ့ ၂၃ ယောက်မှာ ၄၊ ၅ ယောက်လောက်က မမှန်မကန်စွဲခံထားရတာပါ” လို့ ပြောပါတယ်။ လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆိုမြို့တွေမှာ ကရင်နီသမိုင်းကြောင်း ဖြန့်ဝေတဲ့လူငယ်တွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုတာတွေ လုပ်နေပြီး အစိုးရတရားလိုတွေဟာ ခိုင်လုံတဲ့အထောက်အထားမရှိပဲ စွဲဆိုတာလို့ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။ ခွန်းဘီထူးက “ကရင်နီ သမိုင်းကြောင်းကို ဖြန့်ဝေတာဟာလည်း အကြည်ညိုပျက်စေတာ၊ ခြိမ်းခြောက်တာ မဟုတ်ဘဲ ဖမ်းဆီးတာတွေ လုပ်နေတာပါ။ ဒီလိုလုပ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ တချို့လူတွေအပေါ် တရားစွဲဆိုထားတာကို အမြန်ဆုံး ပြန်သုံးသပ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီသမိုင်းကြောင်း ဖြန့်ဝေတယ၊ ကန့်ကွက်တာတွေကြောင့် မြို့နယ် ၄ ခုမှာ လူငယ် ၂၃ ယောက် တရားရင်ဆိုင်နေရပြီး ၆ ယောက်ဟာ ထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။
3 years Ago
Up