ပြည်နယ်လွှတ်တော်

July 14, 2018

ပြည်နယ်လွှတ်တော်နေရာအများစု ရခိုင်ပါတီများ ပိုင်ဆိုင်သင့်၍ ဝင်မပြိုင်ဟု ကြံ့ခိုင်ရေးပြော

ရခိုင်လွှတ်တော်မှာ ရခိုင်တိုင်းရင်းသားပါတီအများစု ပိုင်ဆိုင်သင့်တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ဝင်မပြိုင်တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက ပြောပါတယ်။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂ နေရာ လစ်လပ်နေပါတယ်။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ပြယ်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်နေရာ အများစု ရခိုင်တိုင်းရင်းသားပါတီတွေကပဲ ပိုင်ဆိုင်သင့်တယ်။ ဒါမှလည်း ဒီဒေသနဲ့ အင်ဝင်ခွင်ကျဖြစ်မယ်ဆိုပြီးတော့ ကျနော်ဆုံးဖြတ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အများစု လွှတ်တော်မှာ ဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ ကြားဖြတ်မှာ ဝင်မပြိုင်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပုံမှန်ဝင်ရောက်ပြိုင်နေကျ တိုင်းဒေသကြီးတွေမှာ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာတွေမှာ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ပါတီ ၃ ခုကနေ ဝင်ပြိုင်ဖို့ အမည်စားရင်း တင်းသွင်းထားပြီးတော့ အဲ့ဒီမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတဦးအပါအဝင် စုစုပေါင်း ၄ ဦးဝင်ရောက် ယှဉ်ပြိုင်မယ်လို့ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးခင်မောင်ဦးကပြောပါတယ်။ "ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်းတင်သွင်းပါတယ်။ အဲ့ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်ရယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခင်သန်းမောင်၊ တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ဖြစ်ကြပါတယ်။ အမည်စာရင်းတွေကို ၁၆ ရက်နေ့ကနေ ၂၂ ရက်နေအထိ စိစစ်ပါမယ်။ အဲ့လိုစိစစ်ပြီး အောင်မြင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်သွားပါမယ်” လို့ ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာပါ။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေအတွက် မဲဆန္ဒပြည်သူ ၅ သောင်းကျော်လောက်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
3 years Ago

January 20, 2016

ပြည်နယ် တိုင်း လွှတ်တော်များ ဖေဖော်ဝါရီ ၈ ရက် စတင်မည်

လာမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေကို မူလသတ်မှတ်ရက်ထက် နောက်ကျပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကျမှ စတင်ခေါ်ယူ ကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်တွေက လွှတ်တော်အမတ်တွေကို အကြောင်းကြားထားပါတယ်။ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံထားရတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ပြောပြချက်အရ အရင် ဖေဖော်ဝါရီ ၁ ရက်ခေါ်ထားတဲ့ ပြည်နယ် တိုင်းလွှတ်တော်တွေကို ဖေဖော်ဝါရီ ၈ ရက်ကျမှ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊ ဘားအံ ပြည်နယ်လွှတ်တော်အမှတ် ၂ ကနေ အရွေးခံထားရတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်က သူတို့ကို လွှတ်တော်လေ့လာဖို့ ခေါ်ထားတဲ့အကြောင်း ခုလို ပြောပြပါတယ်။ “ကရင်ပြည်နယ်ထဲက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်ကို လွှတ်တော်လေ့လာဖို့ ခေါ်ထားတယ်။ အန်အယ်လ်ဒီတခုတည်း မဟုတ်ဘူး၊ ပါတီစုံက သတင်းပို့ရမှာက ဇန်န၀ါရီ ၂၅ နဲ့ ၂၆၊ လွှတ်တော်လေ့လာဖို့ နေရမှာက ဖေဖော်ဝါရီ ၂ ရက်အထိဆိုတော့ လွှတ်တော်အသစ်ပါ လေ့လာရမှာပေါ့။” ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်ကျမှ စတင်မယ့်အကြောင်း ဇန်န၀ါရီမှာ ၁၉ ရက်မှာ စာပို့ အကြောင်းကြားထားပြီး မန္တလေးတိုင်းလွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မယ့်အကြောင်းကိုတော့ ဖုန်းဆက်အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် စတဲ့ ပြည်နယ်လွှတ်တော်တို့ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာဖြစ်ပြီး အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေ ပြောဆိုချက်အရ ပြည်နယ် တိုင်းလွှတ်တော်အားလုံး ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်တွေအရ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ကလွဲပြီး ကျန်ပြည်နယ် တိုင်းလွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် အများစု အနိုင်ရထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အမတ်နေရာအများစု အနိုင်ရထားတဲ့ အန်အယ်လ်ဒီ အစိုးရကပဲ ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို ခန့်အပ်မှာဖြစ်ပြီး လွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌတွေကလည်း အန်အယ်လ်ဒီကပဲ ဖြစ်ဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
6 years Ago
Up